#World_Health
Published 25 June 2024
▪️ အသီးအနှံ၊ ဟင်းရွက်၊ အခွံမာသီး၊ အစေ့အဆန်၊ ဂျုံတို့မှရတဲ့ အပင်အခြေပြု အာဟာရဓာတ်တွေဟာ ခန္ဓာကိုယ်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်များ ပေးစွမ်းနိုင်ပြီး ဆဲလ်များပျက်စီးခြင်းမှ ကာကွယ်ပေးကြောင်း အာဟာရပညာရှင် မယ်လာနီမာဖီရစ်ချ်တာက ပြောပြခဲ့ပါတယ်။
▪️ အပင်အခြေပြု အာဟာရဓာတ်တွေဟာ ကိုယ်ပိုင်အကျိုးကျေးဇူးများရှိပြီး ရောင်ရမ်းဆန့်ကျင် အာနိသင်များ၊ ကိုယ်ခံအားတက်စေခြင်း၊ နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်း၊ ကင်ဆာဆန့်ကျင်စွမ်းရည်များစသဖြင့် ပေးစွမ်းနိုင်ပါတယ်။
▪️ အပင်အခြေပြု အာဟာရဓာတ်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို တစ်နေ့ဘယ်လောက် စားသုံရမယ်လို့ သတ်မှတ်ချက်မရှိပေမယ့် အမျိုးမျိုးစားသုံးလေ ကျန်းမာရေးအတွက် အကျိုးရှိလေ ဖြစ်ပါတယ်။
- ကယ်ရိုတီနွိုက်
▪️ ဖရုံသီး၊ ခရမ်းချဥ်သီး၊ မုန်လာဥနီ၊ ငရုတ်ပွသီးတို့မှာ ပါဝင်တဲ့ ကယ်ရိုတီနွိုက်က မျက်လုံးကျန်းမာရေးကို ထောက်ပံ့ပေးပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
- ဖလေဗိုနွိုက်
▪️ သံပယိုသီးမျိုးနွယ်များ၊ လက်ဖက်စိမ်း၊ ဘယ်ရီသီး၊ ပန်းသီး၊ ကြက်သွန်နီ၊ ကိုကိုးတို့မှာ တွေ့ရတဲ့ ဖလေဗိုနွိုက်က သွေးဖိအားနဲ့ ကိုလက်စ်ထရောလ်တို့ကို လျှော့ချပေးကာ နှလုံးနဲ့ အလုံးစုံကျန်းမာရေးကို အကျိုးဖြစ်စေပါတယ်။
- ဂလူကိုဆိုင်နိုလိတ်စ်
▪️ ပန်းဂေါ်ဖီ၊ ကိုက်လံတို့မှာပါဝင်တဲ့ ထိုပစ္စည်းတွေက ခန္ဓာကိုယ်မှ အဆိပ်သင့်အရာများကို ဖယ်ရှားပေးပါတယ်။
- ဖိုင်တိုအီစထရိုဂျင်
▪️ လျှော်စေ့၊ တိုဖူး၊ ဘာလီတို့မှာပါတဲ့ ဖိုင်တိုအီစထရိုဂျင်က အမျိုးသမီးတွေမှာ ရာသီစက်ဝန်းမှန်ကန်စွာ လည်ပတ်ဖို့ရာ ထောက်ပံ့ပေးပါတယ်။
- ဖိုင်တိုစတီရောလ်
▪️ အခွံမာသီး၊ အစေ့အဆန်၊ ပဲအမျိုးမျိုးတို့မှာပါတဲ့ ဖိုင်တိုစတီရောလ်က မကောင်းတဲ့ ကိုလက်စ်ထရောလ်တွေကို လျှော့ချပေးကာ နှလုံးကို အကျိုးပြုပါတယ်။
- ပိုလီဖီနောလ်
▪️ ချောကလက်မည်း၊ ဘယ်ရီသီး၊ သစ်တော်သီး၊ စပျစ်သီး၊ ဝိုင်နီတို့မှာပါတဲ့ ပိုလီဖီနောလ်က ဓာတ်တိုးခြင်းမှ ကာကွယ်ပေးကာ အာရုံကြောဆုတ်ယုတ် ရောဂါများဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
#Source: New York Post
#World_Health
Published 25June 2024
▪️ စားပြီးသောက်ပြီး လဲလျောင်းခြင်းက ဇိမ်ကျပေမယ့် ကျန်းမာရေးအတွက်တော့ မသင့်လျော်ပါဘူး။ အစာကြေပြီး ကျန်းမာဖို့အတွက် စားသောက်ပြီးရင် ခဏတဖြုတ် လမ်းလျှောက်ပေးသင့်ပါတယ်။ စားသောက်ပြီးနောက် လမ်းလျှောက်သင့်တဲ့ အကြောင်းအရင်းတွေကို ဖော်ပြလိုက်ပါတယ်။
(၁) အစာကြေခြင်း
▪️ လမ်းလျှောက်ခြင်းဖြင့် အစာအိမ်ကြွက်သားများနဲ့ အူများကို လှုံ့ဆော်ပေးပြီး အစာများ လျင်မြန်စွာရွေ့စေကာ အစာကြေစေပါတယ်။
(၂) သွေးတွင်းသကြားဓာတ်ထိန်းပေးခြင်း
▪️ စားပြီးနောက် လမ်းလျှောက်ခြင်းက သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းကို ကာကွယ်ပေးပါတယ်။
(၃) ကိုယ်အလေးချိန်ထိန်းပေးခြင်း
▪️ လမ်းလျှောက်ခြင်းဖြင့် ကယ်လိုရီလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန် ကျစေရန် အထောက်အကူ ပေးပါတယ်။
(၄) သွေးပေါင်ချိန်ထိန်းပေးခြင်း
▪️ စားသောက်ပြီးနောက် လမ်းလျှောက်ပေးပါက သွေးပေါင်ချိန် မှန်ကန်စေပြီး သွေးဖိအားများသူများအနေဖြင့် သွေးပေါင်ချိန် ထိန်းသိမ်းဖို့ အကူအညီ ဖြစ်စေပါတယ်။
(၅) ကောင်းစွာအိပ်စက်စေခြင်း
▪️ လမ်းလျှောက်ခြင်းဖြင့် အိပ်စက်နိုးကြားခြင်းစက်ဝန်း ပုံမှန်ဖြစ်စေပြီး နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။
#Source: DoctorNDTV
မက္ကဆီကိုနိုင်ငံအနှံ အစွန်းရောက်ခြင်းကြောင့် ကောက်ပဲသီးနှံ စိုက်ပျိုးမှုများ ပျက်စီးနေပြီး စားနပ်ရိက္ခာ ပြတ်လပ်ခြင်း ပြဿနာနဲ့ စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာခြင်း ပြဿနာတို ကြုံတွေ့နေရပါတယ်။
#World_Crisis
Published_ 24 June 2024
#မိုးခေါင်ရေရှား #စားသောက်ကုန်ဈေးနှုန်းများမြင့်တက်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 24 June 2024
၁။ သင်္ဘောလိုက်မည့်အမျိုးသား၊ အမျိုးသမီးများအတွက် ဇူလိုင်လ၌လုပ်ငန်းသုံး အင်္ဂလိပ်စာသင်တန်းအခမဲ့ပေးမည်
၂။ စားအုန်းဆီတင်သင်္ဘောများပုံမှန်ဆိုက်ကပ်၊ သိုလှောင်ကန်ကြီးများမှ စားအုန်းဆီများအား ပြည်တွင်းဖူလုံရေးအတွက် စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်ပေးနေ
၃။ ဝယ်လိုအားများပြီး ကုန်အဝင်နည်းသောကြောင့် ဂေါ်ဖီထုပ်ဈေးအဆမတန်မြင့်တက်
၄။ ရာသီဥတုအစွန်းရောက်ခြင်းကြောင့် မက္ကဆီကိုတွင် မိုးခေါင်ရေရှားကာ စားသောက်ကုန်ဈေးနှုန်းများမြင့်တက်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 24 June 2024
▪️ ရုရှားအပေါ် ခြိမ်းခြောက်မှုတွေ တိုးများလာပြီလို့ ယူဆရပါက နျူကလီးယား လက်နက်များ အသုံးပြုရေးအတွက် တရားဝင်မူဝါဒချမှတ်မယ့် ဆုံးဖြတ်ချက်ချခြင်းကို အချိန်တိုအတွင်း ပြုလုပ်သွားမယ်လို့ ကမ္ဘာ့နျူကလီးယား အင်အားအကြီးဆုံး ရုရှားနိုင်ငံရဲ့ ပါလီမန် ကာကွယ်ရေးကော်မတီ ဥက္ကဌက ပြောကြားလိုက်ပါတယ်။
▪️ ယူကရိန်းစစ်ပွဲကြောင့် ရုရှားနဲ့ အနောက်တိုင်းတို့ကြား ထိပ်တိုက်ရင်ဆိုင်မှုကြီး ဖြစ်နေကြရာ နျူကလီးယားလက်နက် အသုံးပြုလာနိုင်တဲ့ အခြေအနေတွေ ပါဝင်တဲ့ တရားဝင် နျူကလီးယား လမ်းစဥ်ကို ပြောင်းလဲနိုင်ဖွယ်ရှိတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ယမန်လက ပြောခဲ့ပါတယ်။
▪️ ရုရှားအောက်လွှတ်တော် ကာကွယ်ရေးကော်မတီဥက္ကဌ အန်ဒရီကာတာပိုလော့ဗ်က RIA သတင်းဌာနနဲ့ ပြောကြားရာမှာ ရုရှားအပေါ် ခြိမ်းခြောက်မှုတွေ မြင့်တက်လာပါက နျူကလီးယားလက်နက်များ အသုံးပြုမယ့် အချိန်အခါနဲ့ အသုံးပြုရေး ဆုံးဖြတ်ချက်တို့နဲ့ ပတ်သက်ပြီး မူဝါဒလမ်းစဥ်များကို ပြင်ဆင်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
▪️ ဆီးရီးယားမှာတုန်းက ရုရှားတပ်တွေကို ကြီးကြပ်ခဲ့ပြီး ယခုအခါ အာဏာရ ယူနိုက်တက်ရုရှားပါတီမှာ ဥပဒေပြုအမတ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကာတာပိုလော့ဗ်က နျူကလီးယားလမ်းစဥ်ကို ဒီလိုမျိုး ပြောင်းလဲဖို့အကြောင်း အသေးစိတ်ကို ပြောဖို့စောလွန်းသေးတယ်လို့လည်း ဆိုပါတယ်။
▪️ ရုရှားနိုင်ငံတည်ရှိမှု ခြိမ်းခြောက်ခံလာရပါက ပြည်ပက တိုက်ခိုက်လာသမျှကို နျူကလီးယား ဒါမှမဟုတ် အပျက်အစီးများစေတဲ့ လက်နက်မျိုးဖြင့် တုန့်ပြန်ဖို့ကို သမ္မတက ဆုံးဖြတ်ဖို့လိုလာတဲ့အခါ ၂၀၂၀ နျူကလီးယား မူဝါဒလမ်းစဥ်ကို ကျင့်သုံးမှာ ဖြစ်ပါတယ်။
▪️ အမေရိကန်နဲ့ ရုရှားတို့ဟာ နျူကလီးယား လက်နက်များကို ခေတ်မီတိုးမြှင့်အောင် ပြုလုပ်နေသလို တရုတ်ကလည်း အလျင်အမြန် တိုးမြှင့်လာပါတယ်။
▪️ ယူကရိန်းကို အနိုင်ပိုင်းဖို့အတွက် နျူကလီးယားအသုံးပြုဖို့ မလိုဘူးလို့ ပူတင်ပြောခဲ့တာဟာ နျူကလီးယားစစ်ပွဲ ဖြစ်မလာဘူးဆိုတဲ့ သဘောမြင်နေရပါတယ်။
▪️ ဒါပေမဲ့လည်း ရုရှားရဲ့ နျူကလီးယား မူဝါဒလမ်းစဥ်ကို ပြောင်းလဲနိုင်ဖွယ်ရှိတယ်လို့လည်း ပြောကြားလာပါတယ်။
#Soure: Reuters
#World_Health
Published 24 June 2024
▪️ ဂျပန်မှာဖြစ်ပွားနေတဲ့ အသားစားပိုးကူးစက်မှုမျိုးကို အမေရိကန် ကွန်နက်တီကတ်မှ အမျိုးသမီးတစ်ဦးမှာလည်း တွေ့ရှိထားကာ ကုသနေရပါတယ်။
▪️ ထိုလူနာဟာ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အသက်ရှူကြပ်ခြင်း၊ နှလုံးခုန်နှုန်းမြင့်ခြင်း၊ သွေးပေါင်ချိန်ကျခြင်းတို့ ခံစားရပြီးနောက် ဆေးရုံတစ်ခုသို့ တက်ခဲ့ရပါတယ်။
▪️ ဓာတ်မှန်ရိုက်ရာမှာ လူနာရဲ့အဆုတ်မှာ အရည်တွေစုပြုံနေပြီး ကျောက်ကပ်လည်း ပျက်စီးနေပါတယ်။
▪️ ထိုအမျိုးသမီးရဲ့ရောဂါဟာ ဂျပန်မှာ လူ ၇၇ ဦးသေဆုံးစေခဲ့တဲ့ စထရပ်တိုကော့ကယ် အဆိပ်သင့်ရောဂါ (STSS) ဘက်တီးရီးယား ကူးစက်မှုဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။
▪️ အထူးကြပ်မတ်ဆောင်မှာ ၃ ရက်နေပြီးနောက် ဆီးမသွားတော့ဘဲ ခြေမတစ်ချောင်း ညိုမည်းပုပ်ဆွေးလာပါတယ်။
▪️ ဒီရောဂါမျိုးက လည်ပင်းမှ မျိုချင်း စထရပ်တိုကော့ကပ်စ်-အေ ဘက်တီးရီးယား ဝင်ရောက်တာ ဖြစ်ပါတယ်။
▪️ လည်ချောင်းမှာဖြစ်ရင် သာမန်သာဖြစ်တတ်ပေမယ့် သွေးထဲ တစ်ရှူးတွေထဲ ရောက်ရင်တော့ STSS ရောဂါဖြစ်နိုင်ကာ ၃၀ ရာခိုင်နှုန်းလောက် သေဆုံးနိုင်ချေရှိပါတယ်။
▪️ ပြင်ပဒဏ်ရာတစ်ခုကနေ ဘက်တီးရီးယား ဝင်ရောက်လာနိုင်ပြီး တစ်ရှူးအတွင်းသို့ ရောက်ရှိလာနိုင်ပါတယ်။
▪️ ရောဂါဆိုးရွားလာတဲ့အခါ သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကျဆင်းခြင်းတို့ ဖြစ်လာကာ အတွင်းအင်္ဂါများ ပျက်စီးလာပါတယ်။
▪️ ပဋိဇီဝဆေးများ ပေးထားပေမယ့် ခြေမဖြတ်ပစ်ဖို့ လိုအပ်လိမ့်မယ်လို့ ဆရာဝန်များ ယူဆနေကြပါတယ်။
▪️STSS ရောဂါက ဂျပန်မှာ အဖြစ်များနေပြီး ယခုနှစ်မှာပင် အယောက် ၁၀၀၀ ခန့်ကူးစက်ထားကာ ၇၇ ဦးသေဆုံးထားပါတယ်။
▪️ ဘက်တီးရီးယားနဲ့ အဆက်မပြတ်ထိတွေ့နေရင် ရောဂါခုခံနိုင်မှာဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ထိုသို့ မထိတွေ့တာကြောင့် အဖြစ်များလာရပါတယ်။
#Source: New York Post
#World_Health
Published 24June 2024
▪️ အင်တာနက် အလွန်အကျွံ သုံးစွဲခြင်းကြောင့် အင်တာနက်စွဲလမ်းခြင်းလို့ ခေါ်တဲ့ အပြုအမူပိုင်းမူမမှန်ခြင်းလက္ခဏာ ပေါ်ပေါက်လာကာ နေ့စဥ်ဘဝကို ထိခိုက်လာပါတယ်။
▪️ အင်တာနက်စွဲလမ်းနေတာကို ကိုယ့်ကိုယ်ကို သိရှိပြီး ဖြေရှင်းခြင်းက စိတ်ရောကိုယ်ပါ ကျန်းမာစေမှာ ဖြစ်ပါတယ်။
▪️ လူတစ်ယောက် အင်တာနက်စွဲလမ်းနေတာကို ညွှန်ပြနေတဲ့ လက္ခဏာရပ်များကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) အင်တာနက်ပေါ်မှာ နစ်မြောနေခြင်း
အွန်လိုင်းပေါ်မှာ ဘာလုပ်ပြီးရင် ဘာလုပ်ရမယ်ဆိုတာကိုပဲ စွဲလမ်းနေပြီး မသုံးတဲ့အချိန်မှာတောင် ဒါကိုပဲ တွေးတောနေတတ်ပါတယ်။
▪️ (၂) ကန့်သတ်သုံးစွဲဖို့ရာ မထိန်းချုပ်နိုင်ခြင်း
အင်တာနက်ကို ကန့်သတ်သုံးစွဲဖို့ ခက်ခဲနေခြင်း၊ မှန်းထားတာထက် အချိန်ပိုသုံးမိနေခြင်း၊ ဖြတ်ပစ်ရန် ကြိုးပမ်းရာမှာ အကြိမ်ကြိမ်ကျဆုံးနေခြင်းတို့က စွဲလမ်းနေတဲ့ လက္ခဏာဖြစ်ပါတယ်။
▪️ (၃) ကိုယ်ရေးကိစ္စများ ပျက်ကွက်ခြင်း
အင်တာနက် အသုံးများခြင်းကြောင့် အိမ်ကိစ္စ၊ အလုပ်ကိစ္စ၊ ကျောင်းကိစ္စများ ပျက်ကွက်လာတာဟာလည်း စွဲလမ်းတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။
▪️ (၄) အင်တာနက်မသုံးရင်လက္ခဏာပြခြင်း
အင်တာနက် မသုံးတဲ့အချိန်မှာ ကဏာမငြိမ်ဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ခံစားရတတ်ပါတယ်။
▪️ (၅) စိတ်ညစ်စရာဖျောက်ရန် အင်တာနက်သုံးခြင်း
ပြဿနာများ ဖိစီးမှုများကို မေ့ပျောက်ဖို့အတွက် အင်တာနက်အသုံးပြုတာဟာ စွဲလမ်းတဲ့လက္ခဏာ ဖြစ်ပါတယ်။
▪️ (၆) ဘယ်လောက်သုံးစွဲသည်ကို အခြားသူများအားလိမ်လည်ခြင်း
အင်တာနက် ဘယ်လောက်ကြာကြာသုံးလဲ၊ အင်တာနက်မှာ ဘာတွေလုပ်လဲဆိုတာကို အခြားသူများအပေါ် လိမ်လည်ပြောဆိုတာဟာလည်း လက္ခဏာတစ်ခုပါ။
▪️ (၇) မေတ္တာရေးတွင်ထိခိုက်လာခြင်း
အင်တာနက်အသုံးပြုခြင်းကြောင့် ချစ်ရသူတွေနဲ့ ပြဿနာဖြစ်ရတယ်ဆိုရင် အင်တာနက်စွဲလမ်းတဲ့ ပြဿနာပါပဲ။
▪️ (၈) ရုပ်ပိုင်းဆိုင်ရာ ထိခိုက်လာခြင်း
မျက်လုံးကိုက်ခြင်း၊ ကျောအောင့်ခြင်း၊ အိပ်ရေးပျက်ခြင်းတို့က အင်တာနက်အလွန်အကျွံ စွဲလမ်းတဲ့ လက္ခဏာပါ။
▪️ (၉) ပြင်ပကိစ္စရပ်များ စိတ်ဝင်စားမှုလျော့နည်းလာခြင်း
ပြင်ပလှုပ်ရှားမှုတွေ ဝါသနာတွေကို စိတ်မဝင်စားတော့တာဟာ စွဲလမ်းခြင်းလက္ခဏာပဲ ဖြစ်ပါတယ်။
▪️(၁၀) အင်တာနက်သုံးရမှ စိတ်ကျေနပ်ခြင်း
အင်တာနက်ပေါ်မှာရှိမှ စိတ်ကျေနပ်မှုရတာဟာ စွဲလမ်းမှုပဲ ဖြစ်ပါတယ်။
#Soure: DoctorNDTV
Page 258 of 976