#WorldTradition
Published 6 July 2022
မက္ကဆီကိုနိုင်ငံမှ တံငါရွာလေးတစ်ရွာမှာ ကံကောင်းခြင်းများရောက်ရှိလာရန်ရည်ရွယ်ပြီး မြို့တော်ဝန်က မိချောင်းသတို့သမီးနဲ့ ကြာသပတေးနေ့က လက်ထပ်မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ်။
ထိုမင်္ဂလာပွဲအတွင်း တီးမှုတ်ဖျော်ဖြေမှုများလည်း ပြုလုပ်ခဲ့ပြီး မိချောင်းရဲ့ပါးစပ်ကို ကြိုးဖြင့်ချည်ထားကာ ဆန်ပက်ဒရိုဟွာမယ်လူလာမြို့မှ မြို့တော်ဝန်'ဗစ်တာဟူဂိုဆိုဆာ'က မိချောင်းကို အကြိမ်ကြိမ်အကြင်နာပေးနေခဲ့ပါတယ်။
အသက် ၇ နှစ်အရွယ်မိချောင်းမကို မင်းသမီးလေးလိုခေါ်တွင်ကြပြီး နတ်ဘုရားအဖြစ် ရှုမြင်နေကြပါတယ်။
မိချောင်းနတ်သမီးနဲ့ လက်ဆက်လိုက်ခြင်းက လူသားတွေကို ဘုရားသခင်နဲ့ဆက်သွယ်ခြင်းအဖြစ် မှတ်ယူနေကြပါတယ်။
မိချောင်းကို ဒေသခံများက သယ်ဆောင်လာကြပြီး ယောကျ်ားတွေက သူတို့ရဲ့ဦးထုပ်တွေနဲ့ ဆောင်းပေးခဲ့ကြပါတယ်။
အဆိုပါ ပူဇော်ပွဲအခမ်းအနားဟာ လွန်ခဲ့တဲ့ရာစုနှစ်တွေက စပိန်ခေတ်မတိုင်မီ အောက်ဇာကာ လူမျိုးစုတွေရဲ့ရိုးရာအလေ့အထလို့ ယူဆရပါတယ်။
တံငါရွာလေးဟာလည်း ပစိဖိတ်ကမ်းရိုးတန်းရှိ အောက်ဇာကာဒေသရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေပါတယ်။
"မိုးအလုံအလောက်ရရှိဖို့ စားနပ်ရိက္ခာအလုံအလောက်ရရှိဖို့ မြစ်ထဲမှာငါးအများအပြားရရှိဖို့ သဘာဝတရားကြီးကို တောင်းဆိုတာဖြစ်ပါတယ်" လို့ 'ဆိုဆာ'က ရှင်းပြပါတယ်။
ထိုရိုးရာအစဉ်အလာက ကက်သလစ်ဝိဉာဉ်ရေးရာများနဲ့ ရောနှောနေပြီး မိချောင်းကိုအဖြူရောင်သတို့သမီးဝတ်စုံ ဆင်ပေးထားတာ ဖြစ်ပါတယ်။
မက္ကဆီကိုတောင်ပိုင်းက လူမျိုးစုအများအပြားဟာ တိုင်းရင်းသားယဉ်ကျေးမှုရိုးရာများကို လက်ကိုင်ထားလေ့ရှိပါတယ်။
အခမ်းအနားပြုလုပ်ပေးတဲ့ ခေါင်းကိုင်မိခင်'အယ်လီယာအက်ဒစ်အဂွီလာ'က ပွဲတော်ပြုလုပ်ရတဲ့အတွက် အလွန်ပျော်ရွှင်ရပြီး အလွန်ဂုဏ်ယူရတဲ့ အခိုက်အတန့်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
Source: New York Post
#Yangon_Media_Group
#CovidVaccine
Published 6 July 2022
UT Southwestern ဆေးဘက်ဆိုင်ရာစင်တာက ကိုဗစ်ရောဂါစမ်းသပ်စစ်ဆေးနည်းတစ်ခုကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ရာ ထိုစစ်ဆေးနည်းဟာ ကိုဗစ်ရောဂါကူးစက်ခံရတဲ့လူနာတွေမှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဘယ်မျိုးဗီဇကွဲကူးစက်သလဲဆိုတာကို နာရီပိုင်းအတွင်းဆုံးဖြတ်ပေးနိုင်မှာဖြစ်ကြောင်း Clinical Chemistry ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
လူနာတစ်ယောက် ကိုဗစ်ရောဂါကူးစက်ခံရတဲ့အခါ ဘယ်မျိုးဗီဇကွဲကူးစက်လဲဆိုတာကိုသိရှိဖို့က ဆရာဝန်များနဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းများအတွက် အလွန်အရေးပါပါတယ်။
ကိုရိုနာမျိုးဗီဇကွဲ အမျိုးမျိုးအပေါ်မူတည်ပြီး ဆရာဝန်တွေရဲ့ကုသမှုပုံစံကွဲပြားသွားကြတာကြောင့် ဖြစ်ပါတယ်။
ဆေးဘက်ဆိုင်ရာ စင်တာတွေမှာ ဘယ်မျိုးဗီဇကွဲကူးစက်သလဲဆိုတာကိုသိရှိဖို့က ရက်တွေအထိ ကြာမြင့်နိုင်ပါတယ်။
ရောဂါဗေဒပညာရှင်ဒေါက်တာ'ဂျက်ဖရေဆိုရဲလ်'နဲ့ UT Southwestern အဖွဲ့က SARS-CoV-2 မျိုးဗီဇကွဲ အားလုံးကိုခွဲခြားသိရှိနိုင်မယ့် စမ်းသပ်စစ်ဆေးနည်းကိုထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက 'ဆိုရဲလ်'ဟာ SARS-CoV-2 ဗိုင်းရပ်စ်ပေါ်က အမှတ်အသားနေရာ ၈ ခုကိုတွေ့ရှိနိုင်မယ့် CoVarScan ကိုဗစ်စမ်းသပ်ပစ္စည်းကိုထုတ်လုပ်ခဲ့ပြီး အခုအသစ်ထုတ်လုပ်တဲ့စမ်းသပ်နည်းက CoVarScan ကိုအခြေခံထားတာ ဖြစ်ပါတယ်။
သူတို့အဖွဲ့က တက္ကဆပ်ဆေးဘက်ဆိုင်ရာစင်တာမှာ လူနာပေါင်း ၄ ထောင်ရဲ့နမူနာများကိုယူပြီး CoVarScan ကိုအသုံးပြုခဲ့ပါတယ်။
CoVarScan က ကိုရိုနာဗိုင်းရပ်စ်ရဲ့နေရာ ၈ နေရာမှ RNA အတွင်းဗီဇပြောင်းလဲမှုလေးများကိုရှာဖွေတာဖြစ်ပြီး မျိုးရိုးဗီဇအပိုင်းများ ကျုံသွားခြင်း ကြီးထွားလာခြင်းတို့အပေါ် တိုင်းတာခြင်းမျိုးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်စလုံး ကိုဗစ်ရောဂါစမ်းသပ်ရှာဖွေရာမှာ အသုံးပြုခဲ့တဲ့ PCR စမ်းသပ်နည်းအပေါ် အခြေခံထားတာလည်းဖြစ်ပါတယ်။
အဆိုပါ နည်းလမ်းဖြင့် CoVarScan စမ်းသပ်နည်းဟာ ဒယ်လ်တာ၊ မူ၊ လမ်ဒါ၊ အိုမီခရွန်၊ BA.2 မျိုးဗီဇကွဲများကို အောင်မြင်စွာခွဲခြား သိရှိနိုင်ခဲ့ပါတယ်။
"ထိုစမ်းသပ်စစ်ဆေးနည်းဖြင့် ဘယ်မျိုးဗီဇကွဲတွေကူးစက်နေသလဲဆိုတာကို အလျင်အမြန်ဆုံးဖြတ်နိုင်ပြီး မျိုးဗီဇကွဲအသစ်ပေါ်ပေါက်လာရင်လည်း သိရှိနိုင်မှာဖြစ်ပါတယ်၊ ပုံမှန်ကုသနည်းတွေနဲ့ မတိုးတဲ့မျိုးဗီဇကွဲကူးစက်တဲ့လူနာတွေမှာ အကျိုးသက်ရောက်မှုရှိစေမှာဖြစ်ပါတယ်" လို့ ဦးဆောင်စာတမ်းပြုစုသူ'ဒီရိုးလ်'က ပြောပြခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#WorldEntertainment
Published 5 July 2022
အချစ်ဦးကိုဘယ်တော့မှ မမေ့ဘူးဆိုတဲ့ဆိုရိုးရှိသလို လွန်ခဲ့တဲ့ရာစုနှစ်ဝက်နီးပါးလောက်ကတည်းက ဂစ်တာအခိုးခံလိုက်ရတဲ့ ကနေဒါရော့ခ်ဂီတအကျော်အမော်'ရန်ဒီဘာ့ခ်မန်'ဟာလည်း ကြိုးစားပမ်းစားရှာဖွေရင်း ပရိသတ်တစ်ဦးက ရှာဖွေတွေ့ရှိခဲ့တာကြောင့် ပျောက်ဆုံးနေခဲ့တဲ့ဂစ်တာကို ပြန်လည်ပိုင်ဆိုင်သွားခဲ့ပါတယ်။
#Yangon_Media_Group
Published 5 July 2022
တရုတ်နိုင်ငံ အလယ်ပိုင်းက ဟူပေပြည်နယ်ရဲ့ ကျင်းမင်း ကျန်ဟဲ လေဆိပ်မှာ လေယာဉ်ကိုယ်ထည်တစ်ခုလုံးကို ကာဘွန်ဖိုင်ဘာနှင့်ပြုလုပ်ထားတဲ့ အပေါ့စားလေယာဉ် ZA800 ဟာ တနင်္လာနေ့က ပထမဆုံးအဖြစ် အောင်မြင်စွာ ပျံသန်းပြနိုင်ခဲ့ပါတယ်။
လေယာဉ်ဟာ အင်ဂျင်တစ်လုံးတပ် လူနှစ်ယောက်စီး တောင်ပံတစ်စုံပါ လေယာဉ်ဖြစ်ပြီး ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး အပေါ့စားလေယာဉ်တွေထဲမှာ တစ်စီးဖြစ်ပါတယ်။
ဒီလေယာဉ်ကို ဟူပေပြည်နယ်မှာ ဇိုင်ယာအုပ်စုက အမှီအခိုကင်းမဲ့စွာ တည်ဆောက်ထားတာဖြစ်ပါတယ်။ လေယာဉ်အစိတ်အပိုင်းအားလုံးကို ရာနှုန်းပြည့် ပြည်တွင်းမှာ တည်ဆောက်ထားတာလို့လည်းသိရပါတယ်။
“ ကာဘွန်ဖိုင်ဘာကို အသုံးပြုတဲ့အတွက် လေယာဉ်ရဲ့ အလေးချိန်ကိုလျှော့ချပေးနိုင်တယ်။ ဒါဟာ အတော်အရေးကြီးတယ်။အတိတ်တုန်းက ဒီလိုလေယာဉ်မျိုးတွေကို အလျူမီနီယမ်သတ္တုစပ်နှင့်လုပ်တာ အစိတ်အပိုင်းအကြီးကြီးလုပ်တာမို့ ကုန်ကျစရိတ်တွေမြင့်တက်ကုန်တယ်။ အခု အလျူမီနီယမ်သတ္တုစပ်က ကာဘွန်ဖိုင်ဘာထက်လည်း အားပျော့တာဖြစ်တဲ့အတွက် လေယာဉ်မှာ ဖိုင်ဘာကာဘွန်သုံးတဲ့အတွက် အကျိုးနှစ်ခုရှိပါတယ်။ လေယာဉ်အလေးချိန်ကို လျှော့ချပေးနိုင်ပြီး စွမ်းဆောင်ရည်ပိုသာလွန်လာတာဖြစ်တယ်”လို့ ဇိုင်ယာအုပ်စုရဲ့ နည်းပညာရှင်ချုပ် ရွှီးချန်းကပြောပါတယ်။
ဒီလေယာဉ်ကို လေယာဉ်မောင်းသင်တန်း၊ကိုယ်ပိုင်ခရီးသွား၊လေကြောင်းထိန်းနှင့်အခြားလုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုမယ်လို့သိရပါတယ်။
Source CCTV+
#DailyNews
Published - 5 July 2022
၁။ ချင်းရွှေဟော်နယ်စပ်တွင် ဘဏ် ၅ ခု၏ ရုံးခွဲများ ဖွင့်လှစ်တော့မည်
၂။ ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူသုံးဦးတွင် ကိုဗစ်ပိုးတွေ့
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ (၄၆)နှစ်ကြာအောင် ပျောက်ဆုံးနေခဲ့သည့်ဂစ်တာကို ကနေဒါနာမည်ကျော်ရော့ကာ ပြန်လည်ရှာတွေ့ခဲ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldGeopolitics
Published 5 July 2022
ပင်လယ်နက်ရှိ ဗျူဟာမြောက်စခန်းအခြေချရာ မြွေကျွန်းမှ ရုရှားတပ်များပြီးခဲ့တဲ့ရက်သတ္တပတ်ကဆုတ်ခွာပြီးနောက် အဆိုပါမြွေကျွန်းသို့ ယူကရိန်းအလံကို ရဟတ်ယာဉ်ဖြင့် သယ်ဆောင်လာခဲ့ပြီး ယူကရိန်းတပ်များရောက်ရှိလာတာနဲ့ အလံထူသွားမယ်လို့ ယူကရိန်းစစ်တပ်က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
ပင်လယ်နက်ထဲက ကုန်းမြေပြင်မျက်နှာပြင်နေရာမှာ အလံရောက်ရှိနေပြီးပြီလို့ ယူကရိန်းတောင်ပိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ 'နာတာလီယာဟွန်မန်နီယက်'က အစပိုင်းမှာ ပြောကြားခဲ့ပါတယ်။
"ယူကရိန်းအလံကို မြွေကျွန်းထံသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပြီးပါပြီ၊ တပ်ဖွဲ့တွေရောက်လာတာကိုစောင့်ပြီး အလံလွှင့်ထူသွားမှာပါ" လို့ 'ဟွန်မန်နီယက်'ရဲ့ပြောကြားချက်ကို ယူကရိန်းမီဒီယာတစ်ခုက ဖော်ပြသွားပါတယ်။
သတင်းထောက်တွေကို အစပိုင်းမှာပြောခဲ့တဲ့စကားတွေကို မြင်ယောင်ပုံဖော်တဲ့သဘောနဲ့သာကြည့်ရှုဖို့ 'ဟွန်မန်နီယက်'က ရှင်းပြခဲ့ပါတယ်။
ကျွန်းပေါ်မှာ ဘယ်တပ်သားမှမရောက်သေးသလို မီဒီယာတွေဓာတ်ပုံရိုက်ကူးဖို့အတွက်လည်း ဘယ်သူကမှစွန့်စားချင်မှာ မဟုတ်ပါဘူးလို့ ဆိုခဲ့ပါတယ်။
ယူကရိန်းအနောက်တောင်ဘက် ကမ်းရိုးတန်းရှိမြွေကျွန်းကနေ ရုရှားတပ်များဆုတ်ခွာသွားခြင်းက ယူကရိန်းဆိပ်ကမ်းများအပေါ် ပိတ်ဆို့မှုများ ပြေလျော့သွားမယ်လို့ လေ့လာသူများက သုံးသပ်ခဲ့ကြပါတယ်။
ဒါပေမဲ့ ယူကရိန်းရဲ့သီးနှံစပါးတွေ လုံခြုံစိတ်ချစွာဖြတ်သန်းဖို့ကတော့ မဖြစ်နိုင်သေးဘူးလို ကိဗ်အခြေစိုက်နိုင်ငံခြားရေးသံတမန်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
"မိုင်းတူးဖော်ရှာဖွေရမှာတွေ ရှိနေပါသေးတယ်၊ ကုန်တင်ပို့ရေးလမ်းကြောင်းတွေမှာ ရုရှားတို့က စစ်သင်္ဘောများ၊ ကာကွယ်ရေးလက်နက်စနစ်များနဲ့ လေကြောင်းစနစ်များဖြင့် ဟန့်တားနိုင်သေးတဲ့အနေအထားရှိပါတယ်" လို့ ရှင်းပြသွားပါတယ်။
ဆိပ်ကမ်းတွေ ပြန်လည်ဖွင့်လှစ်ပြီး စပါးတွေပြန်လည်တင်ပို့နိုင်ရန်အတွက် ယူကရိန်းအနေနဲ့ မဟာမိတ်တွေရဲ့ထောက်ပံ့ကူညီမှုလိုအပ်ပြီး တူရကီကအဓိကကျကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
လူသားချင်း စာနာထောက်ထားမှုအရ ယူကရိန်းနိုင်ငံမှ ဆန်စပါးတင်ပို့နိုင်ရေးကိုကြိုးပမ်းနေတဲ့ ကုလသမဂ္ဂရဲ့အားထုတ်မှုကို အနှောင့်အယှက်မဖြစ်စေကြောင်းပြသတဲ့အနေနဲ့ ကြာသပတေးနေ့က မြွေကျွန်းကနေ ဆုတ်ခွာခဲ့တာဖြစ်ကြောင်း ရုရှားတို့က ကြေညာခဲ့ပါတယ်။
ယူကရိန်းဘက်ကတော့ ဒုံးကျည်တွေအမြှောက်တွေနဲ့ပစ်ခတ်ပြီး ရုရှားတပ်များကိုနှင်ထုတ်နိုင်ခဲ့တာဖြစ်ကြောင်း ပြောကြားထားပါတယ်။
Source: Reuters
#Yangon_Media_Group
#Health_Tips
Published 5 July 2022
နွေရာသီ အသီးအနှံလို့ပြောလို့ရတဲ့ ဖရဲသီးဟာ အရသာအရှိဆုံးအသီးတွေထဲကတစ်မျိုးဖြစ်ပါတယ်။
ဖရဲသီးမှာ ဗိုက်တာမင်ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး အထူးသဖြင့် lycopene ဓာတ်တွေပေါများစွာ ပါဝင်ပါတယ်။
ဖရဲသီးက ချိုတဲ့အရသာရှိပေမယ့် သကြားဓာတ်အများကြီးပါဝင်တာမျိုး မဟုတ်ဘဲ အရည်ပါဝင်မှု ရာခိုင်နှုန်းများတာကြောင့် ကယ်လိုရီပမာဏနည်းပါးပြီး ဖရဲသီး ၁၀၀ ဂရမ်မှာ ၃၀ ကယ်လိုရီသာပါဝင်ပါတယ်။
၁၀၀ ဂရမ်ရှိတဲ့ဖရဲသီးမှာ ရေ ၉၂ ဂရမ်၊ ပရိုတိန်း ၀.၆၁ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၈ ဂရမ်နဲ့ အဆီဓာတ် ၀.၁၅ ဂရမ်ပါဝင်ကာ သံဓာတ်၊ ကယ်လ်စီယမ်၊ ပိုတက်ဆီယမ်၊ ဖော့စ်ဖရပ်စ် စတဲ့သတ္တုဓာတ်များစွာ ပါဝင်ပါတယ်။
ဖရဲသီးစားသုံးခြင်းရဲ့အကျိုးကျေးဇူးတွေကတော့ ...
*နှလုံးကျန်းမာရေးကိုအားပေးခြင်း
ဖရဲသီးမှာ ဆစ်ထရူလိုင်းလိုခေါ်တဲ့ အမိုင်နိုအက်ဆစ် ပရိုတိန်းတစ်မျိုးပါဝင်ပြီး သွေးကြောစီးဆင်းမှုကို ချဲ့ပေးကာ သွေးပေါင်ချိန်ချပေးနိုင်ပါတယ်။
အဲဒီအမိုင်နိုအက်ဆစ်တွေက နှလုံးရောဂါဖြစ်ခြင်းမျိုးကို ကာကွယ်ပေးနိုင်တယ်လို့တွေ့ရှိထားကြပေမယ့် အဓိကသက်ရောက်မှုကတော့ နေထိုင်မှုပုံစံသာဖြစ်ပြီး လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးလိပ်မသောက်ခြင်း၊ အစားအစာညီညွတ်မျှတအောင်စားသုံးခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်းနဲ့ အိပ်ရေးဝအောင်အိပ်စက်ခြင်းစတဲ့နည်းလမ်းတွေက နှလုံးကျန်းမာရေးအပေါ် များစွာသက်ရောက်နေပါတယ်။
*လိုင်ကိုပင်းဓာတ်ပေါကြွယ်ဝခြင်း
ဖရဲသီးရဲ့အနီရောင်နေရာတွေက စွမ်းအားမြင့် အန်တီအောက်ဆီဒန့်တစ်မျိုးဖြစ်တဲ့ လိုင်ကိုပင်းဓာတ်ကြောင့်ဖြစ်ပြီး အန်တီအောက်ဆီဒန့်တွေက ကင်ဆာ၊ ဆီးချိုနဲ့ အခြားရောဂါများဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။
အခြားအသီးအနှံအရွက်တွေထက် ဖရဲသီးမှာ လိုင်ကိုပင်းပိုမိုပါဝင်နေပြီး အရောင်ဝင်းရင့်မှည့်နေတဲ့ ဖရဲသီးအနီတွေမှာ ပိုမိုပါဝင်လေ့ရှိပါတယ်။
*အရိုးအဆစ်များကာကွယ်ပေးခြင်း
ဖရဲသီးမှာ ဘီတာခရစ်ပ်တိုဇန်သင်းလို့ခေါ်တဲ့ သဘာဝရောင်ခြယ်ပစ္စည်းပါဝင်ပြီး နှလုံးရောဂါဖြစ်နိုင်ချေနဲ့ အရိုးအဆစ်များရောင်ရမ်းခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။
ဖရဲသီးကို ကာလကြာရှည်စွာ စားသုံးခြင်းဖြင့် အဆစ်အမြစ်ရောင်ရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ကြောင်း လေ့လာချက်အများအပြားမှာတွေ့ရှိထားပါတယ်။
*မျက်လုံးကျန်းမာရေးကိုထိန်းသိမ်းပေးခြင်း
ဖရဲသီးတစ်စိတ်မှာ ခန္ဓာကိုယ်ကနေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင်-အေ ၉ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။
ဗိုက်တာမင်-အေဟာ မျက်စိကျန်းမာရေးကိုထိန်းသိမ်းရာမှာ အရေးပါတဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။
*ပါဝင်ပစ္စည်းများဘေးကင်းစိတ်ချရခြင်း
သကြားဓာတ်ပါဝင်တဲ့ အခြားစားစရာများနဲ့ယှဉ်ရင် ဖရဲသီးက ကယ်လိုရီနည်းပါးတဲ့စားစရာဖြစ်ပြီး အဆီမပါ ကိုလက်စထရောမပါ ဆိုဒီယမ်မပါဝင်ပါဘူး။
*အစာချေရလွယ်ကူခြင်း
အစာချေခြင်းနဲ့ပတ်သက်ပြီး ပြဿနာရှိတဲ့လူတွေမှာ မစားရတဲ့အစားအစာများစွာရှိနေပေမယ့် ဖရဲသီးကတော့ စိတ်ချစွာစားသုံးနိုင်ပါတယ်။
*သကြားဓာတ်ပမာဏ
ဖရဲသီး ၂၀၀ ဂရမ်မှာ ကာဗိုဟိုက်ဒရိတ် ၁၅ ဂရမ်ပါဝင်ပြီး ပန်းသီး ၁၀၀ ဂရမ်မှာဆိုရင် ကာဗိုဟိုက်ဒရိတ် ၁၅ ဂရမ်ပါဝင်တာကြောင့် ပန်းသီးက ၂ ဆလောက်ပိုများနေပါတယ်။
ဆီးချိုရောဂါသည်တွေမှာ ဖရဲသီးမစားဖို့မှာကြားထားကြပေမယ့် အနည်းငယ်စီသာစားသုံးပေးပါက သကြားဓာတ်သိသိသာသာ တိုးလာခြင်းမရှိပါဘူး။
Source: The Jerusalem Post
#Yangon_Media_Group
Page 1014 of 1167