Published 11 June 2022
အမေရိကန်ပြည်ထောင်စု သမ္မတ ရော်နယ်ရီဂင် လက်အောက်မှာ ဒုလက်ထောက်ကာကွယ်ရေးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့ပြီး ယခု ဂျွန်ဟော့ကင်းစ် တက္ကသိုလ်၊အရှေ့တောင်အာရှ လေ့လာရေးဌာနရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခဖြစ်သူ ဒေါက်တာ ကာဒီဂျက်ဆန်ဟာ ယမန်နေ့ ဇွန်၁၀ရက် မနက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်တွေ့ဆုံခဲ့ပါတယ်။
ဒေါက်တာကာဒီဂျက်ဆန်နှင့် ရွေး/ကော်ဥက္ကဋ္ဌတို့ တွေ့ဆုံခဲ့တာကို နစက,က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲသလိုတွေ့ဆုံရာမှာ နစကရဲ့ရှေ့လုပ်ငန်းစဉ်(၅)ရပ် ဆောင်ရွက်နေတဲ့အခြေအနေတွေနှင့် ရွေးကောက်ပွဲအတွက် ဆောင်ရွက်နေတဲ့အခြေအနေတွေကို မေးမြန်းခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက အချိုးကျကိုယ်စားပြုစနစ်ပြောင်းလဲကျင့်သုံးရေးဆောင်ရွက်နေတာတွေ၊ မဲဆန္ဒရှင်စာရင်းတွေ ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်နေတာတွေ၊ရွေးကောက်ပွဲမှာ ပြည်တွင်းပြည်ပ လေ့လာသူတွေကိုဖိတ်ခေါ်သွားမယ့်အကြောင်းအပါအဝင် သိလိုသည်များကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲမှာ ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာ ကာဒီဂျက်ဆန်က ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်နေတာတွေကို အထင်ကြီးလေးစားမိပြီး နိုင်ငံတကာကသိရှိအောင်သတင်းစကားပါးပေးမယ့်အကြောင်း လိုအပ်တာတွေကူညီမည့် အကြောင်းပြန်လည်ပြောကြားခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ဒေါက်တာကာဒီဂျက်ဆန်ဟာ အမေရိကန်ပြည်ထောင်စု သမ္မတ ရော်နယ်ရီဂင်နှင့် ဂျော့ ဘုရှ်တို့လက်ထက်မှာ အရှေ့အာရှနှင့်ပစိဖိတ်ဆိုင်ရာ ဒုလက်ထောက်ကာကွယ်ရေးဝန်ကြီး၊အမေရိကန်သမ္မတရဲ့ အထူးလက်ထောက်၊ အမျိုးသားလုံခြုံရေးကောင်စီ၊အာရှဆိုင်ရာ အကြီးတန်းညွှန်ကြားရေးမှူး၊ ဒုတိယသမ္မတရဲ့ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ဂျွန်ဟော့ကင်းစ်တက္ကသိုလ်ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
သို့သော် ပါမောက္ခ ဒေါက်တာကာဒီဂျက်ဆန်ရဲ့ ခရီးဟာ လွတ်လပ်သော ပုဂ္ဂလိကခရီးလား၊ မည်သို့ကိုယ်စားပြုသလဲဆိုတာကိုတော့ သတင်းထုတ်ပြန်ချက်မှာ ရှင်းလင်းစွာဖော်ပြထားခြင်းမရှိပါဘူး။
Published 11 June 2022
ထိုင်ဝမ်က လွတ်လပ်ရေးကြေညာလျှင် ဘေဂျင်းအနေဖြင့် စစ်ပွဲတစ်ခု စတင်ရန် တွေဝေနေမည်မဟုတ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးက အမေရိကန်ကာကွယ်ရေးဝန်ကြီးကို ဇန်၁၀ရက်က သတိပေးလိုက်ပါတယ်။
ဒါဟာ ထိုင်ဝမ်ကျွန်းနှင့်ပတ်သက်လို့ မဟာအင်အားကြီးနှစ်နိုင်ငံအကြား နောက်ဆုံးပြင်းထန်စွာ တိုက်ခိုက်မှု တစ်ခုဖြစ်ပါတယ်။
စင်္ကာပူမှာ ကျင်းပနေတဲ့ ရှန်ဂရီလာဒိုင်လော့ခ်လုံခြုံရေးထိပ်သီးဆွေးနွေးပွဲနှင့်ယှဉ်လျက် တရုတ်ကာကွယ်ရေးဝန်ကြီး ဝေးဖင်ဟဲနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်တို့ မျက်နှာချင်းဆိုင်အစည်းအဝေးမှာ တရုတ်က ယခုလို သတိပေးခဲ့တာပါ။
ဒီမိုကရက်တစ်နှင့်ကိုယ်ပိုင်အုပ်ချုပ်တဲ့ ထိုင်ဝမ်နှင့်ပတ်သက်လို့ အမေရိကန်နှင့်တရုတ်တို့ တင်းမာမှုတွေ မြင့်တက်နေပါတယ်။ ဘေဂျင်းက ထိုင်ဝမ်ကျွန်းကို ယင်းရဲ့ပိုင်နက်အဖြစ် သတ်မှတ်ထားပါတယ်။
“ တစ်ဦးဦးက တရုတ်ကနေ ထိုင်ဝမ်ကိုခွဲထုတ်ရဲမယ်ဆိုရင် တရုတ်စစ်တပ်ဟာ ပေးဆပ်မှုဘယ်လောက်ဖြစ်ပါစေ စစ်ပွဲတစ်ပွဲစဖို့ လုံးဝတွေဝေနေမှာ မဟုတ်ဘူး” လို့ အစည်းအဝေးအတွင်း ဝေးက အော်စတင်ကိုသတိပေးခဲ့တယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ဝူချင်းက ပြောပါတယ်။
ဘေဂျင်းဟာ ဘယ်လို ထိုင်ဝမ်လွတ်လပ်ရေး အကြံအစည်မျိုးမဆို အစိတ်စိတ်အမွှာမွှာဖြစ်အော် ဖြိုခွဲပစ်မှာဖြစ်ပြီး အမိမြေ ပေါင်းစည်မှုကို ခိုင်မာစွာ ထိန်းသိမ်းမှာဖြစ်တယ်လို့ တရုတ်ဝန်ကြီးက သန္နိဋ္ဌာန်ချထားတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်ဝန်ကြီးက ထိုင်ဝမ်သည် တရုတ်ရဲ့ထိုင်ဝမ်ဖြစ်ပြီး ထိုင်ဝမ်ကိုအသုံးချပြီး တရုတ်ကိုထိန်းချုပ်ခြင်းကို ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးလို့လည်း အလေးပေးပြောခဲ့ပါတယ်။
ထိုင်ဝမ်ရေလက်ကြားတစ်လျောက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး အရေးကြီးပြီး နေမြဲအခြေအနေကို တစ်ဖက်သတ်ပြောင်းလဲတာ ဆန့်ကျင်ကြောင်းနှင့် တရုတ်အနေနှင့် ထိုင်ဝမ်နှင့်ပတ်သက်လို့ နောက်ထပ်မတည်ငြိမ်မှုဖြစ်စမေယ့် နောက်ထပ်ဆောင်ရွက်မှုမျိုးရှောင်ရှားဖို့ ထပ်လောင်းအတည်ပြုပြောကြားခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
Source: AFP
Published 10 June 2022
ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဂျပန်နိုင်ငံသည် ၂၀၂၃မှ ၂၀၂၄ အထိ (၂)နှစ်သက်တမ်းအတွက် အလှည့်ကျအဖွဲ့ဝင်နိင်ငံငါးနိုင်ထဲက တစ်နိုင်ငံအဖြစ် ဇွန် ၉ရက်က ရွေးကောက်ခံရတယ်လို့သိရပါတယ်။
ဂျပန်နည်းတူ လာမယ့်သက်တမ်း(၂)နှစ်အတွက် ရွေးကောက်ခံရတဲ့ (၄)နိုင်ငံက ဆွစ်ဇာလန်၊မိုဇမ်ဘစ်၊မော်လ်တာနှင့် အီကွေဒေါတို့ဖြစ်ကြပါတယ်။
အဲဒီ(၅)နိုင်ငံဟာ လက်ရှိ အမြဲတမ်းမဟုတ်သော အလှည့်ကျအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊နော်ဝေး၊ကင်ညာ၊မက္ကဆီကိုနှင့် အိုင်ယာလန်တို့ နေရာ အစားထိုးတာဝန်ယူကြမှာဖြစ်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်(၁၅)နိုင်ငံရှိပါတယ်။ အဲဒီအထဲက (၅)နိုင်ငံကတော့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြပြီး အမေရိကန်ပြည်ထောင်စု၊ရုရှား၊တရုတ်၊ပြင်သစ်နှင့်ဗြိတိန်တို့ဖြစ်ကြပါတယ်။
အခြား(၁၀)နေရာကတော့အလှည့်ကျစနစ်နှင့် အခြားနိုင်ငံတွေက တာဝန်ယူကြပါတယ်။နှစ်တိုင်း (၅)နိုင်ငံစီ ပြန်ရွေးကြတာ ဖြစ်ပါတယ်။
ဂျပန်၊ဆွစ်ဇာလန်၊မိုဇမ်ဘစ်၊မော်လ်တာနှင့် အီကွေဒေါတို့ကို ကုလသမဂ္ဂ အထွေထွေညီလာခံကနေ လျို့ဝှက်မဲနှင့် ရွေးချယ်ပေးခဲ့ကြပါတယ်။
၁၉၃နိုင်ငံတက်ရောက်မဲပေးရာမှာ ဂျပန်က ၁၈၄မဲရခဲ့ပါတယ်။
ဂျပန်ရဲ့ ထိပ်တန်းဦးစားပေးကတော့ “ စွမ်းအင်နှင့် စားနပ်ရိက္ခာအပါအဝင် လုံခြုံရေးကိစ္စဖြစ်တယ်” လို့ ဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး အိုဒါဝါယာကီယိုရှီကပြောပါတယ်။
မိုဇမ်ဘစ်ဟာ ကုလလုံခြုံရေးကောင်စီမှာ ပထမဆုံးရွေးချယ်ခံရတာဖြစ်ပြီး ၁၉၂မဲရခဲ့ပါတယ်။
ဆွစ်ဇာလန်က ၁၈၇မဲ၊မော်လ်တာက ၁၈၅မဲနှင့် အီကွေဒေါက ၁၉၀မဲရရှိခဲ့ကြပါတယ်။
Source: AFP
Published 9 June 2022
တံတားကြီးကို သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်မှုအား ရေရှည်တည်တံ့ဖို့ စဉ်းစားတွက်ချက်ဆောင်ရွက်ဖို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာ-ကိုးရီးယားချစ်ကြည်ရေးတံတား(ဒလ)တံတားတည်ဆောက်ရေးလုပ်ငန်းခွင်ကို ဇွန်လ(၉)ရက်က လာရောက်စစ်ဆေးကြည့်ရှုရာမှာ ပြောကြားခဲ့ပါတယ်။
တံတားချဉ်းကပ်လမ်းပိုင်းနေရာတွေက လူနေတိုက်တွေနှင့်နီးကပ်နေတဲ့အတွက် သဘာဝဘေးအန္တရာယ်နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးကိုပါ အလေးထားဆောင်ရွက်ကြဖို့ကိုလည်း သူကပြောပါတယ်။ အဲဒီအပြင် တည်ဆောက်ရေးလုပ်ငန်းတွေကို သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် ဦးစားပေးအလိုက်ဆောင်ရွက်သင့်သည်တွေကို ပြီးစီးဆောင်ရွက်ရေးအတွက်ပါ သူက လုပ်ငန်းခွင်မှာ မှာကြားခဲ့ကြောင်း နစကရဲသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာ-ကိုးရီးယား ချစ်ကြည်ရေးတံတား(ဒလ)ကို ၂၀၁၂ခုနှစ် သမ္မတဦးသိန်းစိန်ရဲ့ ကိုးရီးယားနိုင်ငံ ချစ်ကြည်ရေး ခရီစဉ်အတွင်း ဆွေးနွေးခဲ့တာဖြစ်ပြီး ၂၀၁၃ခုနှစ်မှာ စီမံကိန်းစတင်ခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာ တည်ဆောက်ရေးလုပ်ငန်းတွေ စတင်ခဲ့ပါတယ်။ တံတားမှာကြိုဆိုင်းတံတားဖြစ်ပြီး ရန်ကုန်မြို့နှင့် မြစ်တစ်ဘက်ကမ်း ဒလမြို့နယ်တို့ကိုဆက်သွယ်ထားတာဖြစ်ပါတယ်။




Published 7 June 2022
တောင်ကိုးရီးယားနှင့် အမေရိကန်တို့ဟာ ကိုယ်ပျောက်တိုက်လေယာဉ်တွေအပါအဝင် စစ်လေယာဉ်တွေကို ကိုရီးယားကျွန်းဆွယ်ဝန်းကျင် ရေပြင်ပေါ်က ဖြတ်သန်းပျံသန်းပြခဲ့ကြပါတယ်။ မကြာသေးမီက မြောက်ကိုးရီးယားက ဒုံးကျည်တွေပစ်လွှတ်ခဲ့ပြီးနောက် ထိုနှစ်နိုင်ငံက အင်အားပြသခဲ့ကြတာဖြစ်ပါတယ်။
F-35 ကိုယ်ပျောက်တိုက်လေယာဉ်တွေအပါအဝင် တောင်ကိုးရီးယား စစ်လေယာဉ်(၁၆)စီးနှင့် အမေရိကန်က F-16 ဂျက်တိုက်လေယာဉ်(၄)စီးတို့ဟာ ပင်လယ်ဝါလို့သိကြတဲ့ အနောက်ပင်လယ်အပေါ်ကနေ့ တိုက်ခိုက်မှုပုံစံတပ်ဖွဲ့ ပျံသန်းပြခဲ့ကြပါတယ်လို့ ဆိုးလ်ရဲ့ ပူးတွဲစစ်ဦးစီးချုပ်တွေက သတင်းထုတ်ပြန်ပါတယ်။
Source AFP
Published 7 June 2022
ဗီယက်နမ်က ကျန်းမာရေးဝန်ကြီး ငုယင်သန်လောင်ကို ကွန်မြူနစ်ပါတီရဲ့ စည်းမျည်းတွေကို ချိုးဖောက်ပြီး နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို ဆုံးရှုံးမှုဖြစ်စေတယ်လို့ စွပ်စွဲပြီးအင်္ဂါနေ့က ထုတ်ပယ်ပစ်လိုက်တဲ့အကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်ပါတယ်။
၂၀၁၆ခုနှစ်မှာ ဗီယက်နမ်မှာ စတင်ခဲ့တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အရှိန်မြှင့်ဆောင်ရွက်နေတဲ့အချိန်မှာ ဝန်ကြီးတစ်ဦး အထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်များက ကျန်းမာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိဒါဇင်ကျော်လည်း ဖမ်းဆီးခံရပါတယ်။ သူတို့ကို ကိုဗစ်-၁၉ စစ်ဆေးရေးကိရိယာတွေအပါအဝင် ဆေးဝါးပစ္စည်းတွေ ဝယ်ယူရာမှာ မလျော်မကန်ဆောင်ရွက်ခဲ့ကြတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ အကြီးတန်း ဘဏ္ဍာရေးနှင့် သံတမန်ရေးရာ အရာရှိကြီးတွေဟာ ပစ်မှတ်ထားအရေး ယူခံကြရပြီး တော်တော်များများဟာ တရားစွဲဆိုခံကြရပြီး ထောင်ချခံကြရပါတယ်။
အင်္ဂါနေ့ကကျင်းပတဲ့ ဗီယက်နမ်အမျိုးသားလွှတ်တော်က ၂၀၂၀ပြည့်နှစ်မှာ ကျန်းမာရေးဝန်ကြီးဖြစ်လာခဲ့တဲ့ အသက်၅၅နှစ်အရွယ်ရှိ ကျန်းမာရေးဝန်ကြီးကို မဲပေးထုတ်ပယ်လိုက်ကြတာဖြစ်ပါတယ်။
မစ္စတောလောင်းကို ကွန်မြူနစ်ပါတီကပါ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
“လောင်းဟာ နိုင်ငံရေးအတွေးအခေါ်နိမ့်ကျတယ်၊ ပါတီစည်းမျည်းတွေချိုးဖောက်တယ်။ပြီးတော့ ဘတ်ဂျက်ကို ဆုံးရှုံးမှုဖြစ်စေတယ်” လို့ အစိုးရက ကြေညာပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရွှမ်းတူယင်ကို ခေတ္တဝန်ကြီးအဖြစ်ခန့်အပ်လိုက်တယ်လို့ ဗီယက်နမ်သတင်းအေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။
Source Reuters
Published 7 June 2022
မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူပြီးဖြစ်တဲ့ သံအမတ်ကြီး မစ္စတာ ဂျေအမ် ဂျန်နကာ ပရီယန်သာ ဘန်ဒါရာဟာ ယနေ့ ဇွန်လ (၇)ရက်နေ့ မနက်ပိုင်းမှာ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ယင်းရဲ့ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ထေရဝါဒဗုဒ္ဓဘာသာ နှစ်နိုင်ငံဖြစ်တဲ့ မြန်မာနှင့် သီရိလင်္ကာအကြား ကာလရှည်ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံမှုကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ သံအမတ်ကြီး ဂျေအမ်ဂျာနာကာပရီယန်သာ က ရန်ကုန်မှာရှိတဲ့ သူ့သံရုံးဝန်ထမ်းတွေကို ပြောကြာခဲ့ကြောင်း သီရိလင်္ကာအစိုးရသတင်းဌာန news.lk ကရေးသားခဲ့ပါတယ်။အဲဒီအပြင် နှစ်နိုင်ငံအကြား စီးပွားရေး၊နိုင်ငံရေးနှင့် ယဉ်ကျေးမှုချိတ်ဆက်မှုကို နှစ်ဘက်အကျိုးစီးပွားအတွက် မြှင့်တင်ဆောင်ရွက်သွားမယ်လို့လည်း သူကပြောပါတယ်။
မစ္စတာ ဂျေ၊ အမ်၊ ဂျန်နကာ ပရီယန်သာ ဘန်ဒါရာ ကို ၁၉၆၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် မွေးဖွားခဲ့ပြီး ကိုလံဘိုတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို ၁၉၉၃ ခုနှစ်တွင်ရရှိခဲ့ပါတယ်။ သူဟာ ၁၉၉၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ အလွတ်တန်းရှေ့နေအဖြစ်လည်းကောင်း၊ တွဲဖက် ခရိုင်တရားသူကြီးအဖြစ်လည်းကောင်း၊ ပိုင်ဆိုင်မှုနှင့် မြေယာ စီမံခန့်ခွဲရေးဆိုင်ရာ အစိုးရရှေ့နေအဖြစ်လည်းကောင်း ရာထူးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှစ၍ သမ္မတဟောင်း မစ္စတာမဟင်ဒါရာဂျာပက်ဆာ၏သာသနာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် လည်းကောင်း၊ ၂၀၀၈ ခုနှစ်မှ ၂၀၀၉ခုနှစ်အထိ အာရပ်စော်ဘွားများ ပြည်ထောင်စုဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး အဖြစ်လည်းကောင်း၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဆာဘရာဂမူဝါ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ လွှတ်တော်ကိုယ်စားလှယ် (အမျိုးသားစာရင်း)အဖြစ်နှင့် လွှတ်တော်ပြည်သူ့အသနားခံစာတင်သွင်းရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအလွန်ကာလ တွင်သမ္မတဟောင်း မစ္စတာမဟင်ဒါရာဂျာပက်ဆာ၏ ညှိနှိုင်းရေးမှူး အဖြစ် လည်းကောင်း၊ ၂၀၁၆ ခုနှစ်မှစ၍ အလွတ်တန်းဥပဒေရေးရာ ဝါရင့်အကြံပေးအဖြစ် လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ သမ္မတဟောင်း မစ္စတာမဟင်ဒါရာဂျာပက်ဆာမှ ဘဏ္ဍာရေးဝန်ကြီးအဖြစ်ဆောင်ရွက်စဉ် ၎င်း၏ ကိုယ်ရေးအရာရှိအဖြစ် လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအထိ ဝန်ကြီးချုပ် မစ္စတာ မဟင်ဒါရာဂျာပက်ဆာ၏ လွှတ်တော်ကိစ္စရပ်များဆိုင်ရာ အတွင်းရေးမှူးအဖြစ်လည်းကောင်း အဆင့်ဆင့်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
မြန်မာနိုင်ငံသို့မရောက်ခင် နိုင်ဂျီးရီးယားနိုင်ငံဆိုင်ရာ သီရိလင်္ကာရဲ့ သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြောင်းသိရပါတယ်။အသက် ၅၄နှစ်အရွယ်ရှိပြီဖြစ်တဲ့သူဟာ အိမ်ထောင်ရှင်တစ်ဦးလည်းဖြစ်ပါတယ်။



Page 210 of 254