#Local_News
Published_30 December 2022
ထိုင်းနိုင်ငံ၌ ပြစ်ဒဏ်ကျခံပြီး မြန်မာလုပ်သား ၂၀၀ ကျော်မှာ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် ပြည်တော်ပြန်ခွင့်ရကြပြီဖြစ်ကြောင်း သိရသည်။
ယင်းတို့မှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသူများဖြစ်ပြီး ကလေးငယ် ၉ ဦး ၊ ရွှေ့ပြောင်းလုပ်သား ၂၀၀ ဦး တို့ ပါဝင်ကြောင်း ၊ ထိုင်းနိုင်ငံ ရနောင်းမြို့ကတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ စက်တပ်လှေများဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံးက သိရသည်။
"ဒီနေ့ပို့တဲ့အထဲမှာ မိန်းကလေး(ကလေး) ၃ ယောက်၊ ယောင်္ကျားလေး (ကလေး) ၆ယောက်ပါတယ်။ ပြီးတော့ အမျိုးသမီး အယောက် ၆၀ ၊ အမျိုးသား ၁၄၀ ပါ။ ထုံးစံအတိုင်းပါပဲ။ ကိုဗစ်စစ်ဆေးပြီး ကိုယ်ရေးအချက်အလက်စစ်တာတွေ အသိပညာပေးတာတွေပြုလုပ်ပြီးမှ သူတို့ကို Q စင်တာမှာ ထားပါတယ်"ဟု သံအရာရှိရုံး နှင့် နီးစပ်သူက ပြောသည်။
လက်ရှိ ဒီဇင်ဘာလအတွင်းတွင် ထိုင်းနိုင်ငံ ရနောင်းအချုပ်က မြန်မာနိုင်ငံကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃၈၇ ဦးရှိပြီ ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 30 December 2022
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အတွင်းနေထိုင်သော လူငယ်ဇနီးမောင်နှံနှစ်ဦး တက္ကစီငှားစီးရာမှ အိပ်မွေ့ချခံရကာ နှစ်ရက်ကြာအဆက်အသွယ်ပြတ်တောက်နေပြီးနောက်၊ ယမန်နေ့ ဒီဇင်ဘာလ (၂၉)ရက် နံနက်ပိုင်းတွင် မိသားစုနှင့် ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက YMG သို့ ပြောသည်။
အဆိုပါ ဇနီးမောင်နှံနှစ်ဦးသည် အသက် ၁၉ နှစ်အရွယ် မောင်ထက်အာကာထွန်း(ခ)ဒေါ်လာနှင့် ဇနီးဖြစ်သူ အသက် ၁၈ နှစ်အရွယ် မမြတ်သိမ်မွေ့ထွန်း(ခ)ဂျူးဂျူးတို့ဖြစ်ကြောင်း သိရသည်။
"အိပ်မွေ့ချခံရတယ်လို့ဘဲ ယူဆရပါတယ်။ အမှုကတော့ပိတ်သိမ်းလိုက်ပါပြီ။ ဒါနဲ့ပတ်သက်ပြီးတော့ မက်ဆေ့စ်ပေးချင်တာကတော့ လူကြီးဖြစ်ဖြစ် လူငယ်ဖြစ်ဖြစ်တက္ကစီငှားစီးတဲ့အခါ ဂရုစိုက်ကြဖို့၊ တက္ကစီသမားတိုင်း ယုတ်မာကြတာမဟုတ်ဘဲ သတိဝိရိယနဲ့ သွားကြလာကြဖို့ ကိုယ်လုံခြုံရေးအတွက် ဂရုစိုက်ကြဖို့ဘဲပြောချင်ပါတယ်"ဟု မမြတ်သိမ်မွေ့ထွန်း(ခ)ဂျူးဂျူး၏ ဖခင်ဖြစ်သူက သတိပေးစကားဆိုသည်။
ယင်းဖြစ်စဉ်သည် အိပ်ငွေ့ချခံရကာ လုယက်ခံရခြင်းဖြစ်သည်ဟု အများကသုံးသပ်နေကြပြီး၊ ငှားစီးခဲ့သည့် တက္ကစီယာဉ်နှင့်ပတ်သက်သည့်အချက်အလက်အား ကာယကံရှင်နှစ်ဦးက မမှတ်မိသည့်အတွက် စုံစမ်းဖော်ထုတ်၍ မရရှိကြောင်း သိရသည်။
ဖြစ်စဉ်မှ အမျိုးသမီးငယ်တွင် ဝတ်ဆင်ထားသောနားကပ်တစ်ရံ၊ လက်စွပ်တစ်ကွင်း၊ ဖီခြူးလက်ပတ်တစ်ခု၊ ဖုန်းတစ်လုံနှင့် ငွေသားလေးသိန်းခန့် စုစုပေါင်းတန်ဖိုး သိန်း ၂၀ နီးပါး ယူဆောင်ခြင်းခံရကာ တစ်စုံတရာထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း ဆိုသည်။
ဖြစ်စဉ် ဖြစ်ပွားပုံမှာ ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးသည် ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းအချိန်၌ မြောက်ဥက္ကလာပမြို့နယ်ရှိ မမြတ်သိမ်မွေ့ထွန်း(ခ)
ဂျူးဂျူး၏ မိဘအိမ်သို့ လှိုင်သာယာ မီးခွက်ဈေးအနီးမှ လမ်းပေါ်သွားလာနေသည့် တက္ကစီတစ်စီးကိုငှား၍ သွားရောက်ခဲ့ကြောင်း၊ လမ်းခုလပ်တစ်နေရာအရောက်တွင် ဇနီးဖြစ်သူမှာ ခေါင်းမူးသည်ဟုဆိုကာ ကနဦးအိပ်ပျော်သွားကြောင်း၊ ထို့နောက် အမျိုးသားဖြစ်သူက တက္ကစီသမားနှင့် စကားပြောနေစဉ် ထပ်မံအိပ်ပျော်ခဲ့ကြောင်း ဆိုသည်။
ထို့နောက် ယင်းနေ့ ညနေပိုင်းအချိန်၌ ပြန်လည်နိုးလာစဉ် ၎င်းတို့နှစ်ဦးမှာ အဝေးပြေးလမ်းမတစ်နေရာရှိ ခြုံစပ်တစ်ခုတွင်ရောက်ရှိနေကြောင်း၊ ယင်းနေရာအနီးမှ ဖြတ်သန်းသွားလာသော ယာဉ်များကို အကူအညီတောင်းခံခဲ့သော်လည်းရပ်မပေးသဖြင့် အနီးရှိစေတီငယ်တစ်ခုရင်ပြင်တွင် နှစ်ညကြာ အိပ်စက်ခဲ့ရကြောင်း၊ ထို့နောက် ၎င်းတို့ဇနီးမောင်နှံ နှစ်ဦးမှာ အကူအညီတောင်းခံရန် လမ်းလျောက်ထွက်လာခဲ့ပြီး မှော်ဘီ၊ မြောင်းတကာ ဆောက်လုပ်ရေးမှတ်တိုင်အနီးရှိ ဈေးဆိုင်ပိုင်ရှင်တစ်ဦးနှင့်တွေ့ဆုံအကူအညီတောင်းခံရာမှ မိသားစုနှင့်အဆက်အသွယ်ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။
#ymg/myn
#Yangon_Media_Group
#Local_News
Published_ 30 December 2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ဝင်းကြီး ဗလီအရှေ့ဘက်အခြမ်းတွင် နေထိုင်သည့် ၂နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ယနေ့ ဒီဇင်ဘာလ ၃၀ ရက် နံနက်ပိုင်းက နေအိမ်အုန်းပင်အောက်၌ ကစားနေစဉ် အုန်းသီးအစိမ်းအခိုင်လိုက်ကြွေကျခဲ့ရာ ဦးခေါင်းကိုထိ၍ ဆေးကုသမှုခံယူနေရကြောင်း ယင်းဒေသအခြေစိုက် ပုလဲဖြူလူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။
လက်ရှိတွင် ကလေးငယ်အား ကော့ကရိတ်ပြည်သူဆေးရုံကြီးမှ တဆင့် ဘားအံပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသရမည်ဖြစ်သဖြင့် ပုလဲဖြူလူမှုကူညီရေးအဖွဲ့က အခမဲ့လိုက်ပါ ပို့ဆောင်လျက်ရှိကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
ကလေးငယ်နှင့် ပတ်သက်သည့်နောက်ဆက်တွဲ ဆေးဝါးကုသမှု အခြေအနေအား YMG မှ ဆက်လက်စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။
#ymg/myn
#Yangon_Media_Group
#Local_News
Published_ 30 December 2022
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံက အပြုသဘော ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သံအမတ်ကြီး Mr. Deng Xijun အား ဒီဇင်ဘာ ၂၉ ရက်၊ နေ့လည် (၁) နာရီ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
တွေ့ဆုံစဉ် ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက် ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်ခိုင်မာရေး၊ မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပိုမိုမြှင့် တင်ရန်အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးကြပါတယ်။
ထို့ပြင် ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂ မျက်နှာစာတွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ အပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်းဖလှယ် ခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 30 December 2022
ကမ္ဘာ့သာသနာပြုချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ပူဇော်ပွဲကို ဒီဇင်ဘာလ(၃၁)ရက်မှဇန်နဝါရီလ(၂)ရက်အထိ သုံးရက်တိုင်တိုင် ကမ္ဘာအေးဘုရားလမ်းရှိချမ်းမြေ့ရိပ်သာကျောင်း(ရန်ကုန်)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ချမ်းမြေ့ရိပ်သာကျောင်းမှသိရသည်၊၊
သက်တော်(၉၅)နှစ်ရှိပြီဖြစ်သောကမ္ဘာ့သာသနာပြုချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တော်များကို ပူဇော်သည့် အနေဖြင့် ဒဿမအကြိမ်မြောက်အဖြစ် စုပေါင်းပူဇော်ကြမည်ဖြစ်ပြီးပူဇော်ပွဲတွင် ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းများအနေဖြင့်ဆရာတော်၊သံဃာတော်များကိုဆရာတော်ကြီးနှင့်အတူပါဝင်လှူဒါန်းနိုင်မည်ဖြစ်သည်၊၊
ကိုဗစ်ကာလများတွင် ကိုဗစ်ဖြစ်ပွားမှုများကြောင့် ဆရာတော်ကြီး၏ ပူဇော်ပွဲကို မကျင်းပဖြစ်ဘဲ ယခု ၂၀၂၂ နှစ်သစ်ကူးချိန်မှ ပြန်လည်ကျင်းပနိုင်ခြင်း ဖြစ်သည်၊၊
ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ပူဇော်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၃၁)ရက် နံနက်(၈)နာရီတွင် စတင်မည်ဖြစ်ပြီး ပူဇော်ပွဲကို မလာရောက်နိုင်သည့် ကမ္ဘာအရပ်ရပ်က ဓမ္မမိတ်ဆွေများအနေဖြင့် Chammyae Meditation Center Pageတွင် liveထုတ်လွှင့်သွားမည်ဖြစ်သလို ပြည်ပကဓမ္မမိတ်ဆွေများအတွက်လည်း Zoom linkများ စီစဉ်ပေးထားမည်ဖြစ်ကြောင်း၊ Fortune TV ရုပ်သံလိုင်းနှင့် Fortune TV Pageများမှလည်း ဝင်ရောက်ကြည့်ရူ ပူဇော်နိုင်မည်ဖြစ်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 30 December 2022
၂၀၂၃ ခုနှစ် နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့် The Love Boat က ရန်ကုန်မြစ်တွင်း အခမဲ့ အပျော်စီးသင်္ဘောပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်တထောင်ညဈေးတန်း ဆိပ်ခံဗောတံတားအမှတ် ၅ တွင် ရှိသော The Love Boat သို့ လာရောက် စားသုံးသူများအား အပျော်စီးသင်္ဘောဖြင့် ခမဲ့ပို့ဆောင်ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ ၃၁ ရက် ညနေ ၃ နာရီမှ ၆ နာရီ ထိ သင်္ဘောဖြင့် ခမဲ့ပို့ဆောင်ပေးကာ ဆိပ်ကမ်းသို့ ပြန်ကပ်၍ The Love Boat ပေါ်၌ပင် Countdown show ၊ အကအလှဖျော်ဖြေမှုများ၊ DJ Show နှင့် အခြား ပျော်ရွင်စရာအစီအစဉ်များကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 30 December 2022
အဆိုတော်မျိုးကြီး၏'မလာပါနဲ့'သီချင်း၊ အဆိုတော်လေးဖြူ၏ ''ငါ့ရဲ့လမင်း'သီချင်းစသည့် နာမည်ကျော်တေးသီချင်းများကို ရေးစပ်ဖန်တီးခဲ့သူ တေးရေး၊ တေးဆိုရယ်ဂျီ(ခေါ်)ဦးစန်းလွင်ဦး ကွယ်လွန်သွားကြောင်း သိရသည်၊၊
ဒီဇင်ဘာ ၃၀ ရက်မနက်ပိုင်းကကွယ်လွန်သွားခြင်း ဖြစ်ပြီးကွယ်လွန်ချိန်တွင် အသက်(၄၈)နှစ်အရွယ်ရှိပြီဖြစ်သည်၊၊
ဂီတလောကတွင် တေးသီချင်းကောင်းများကို ရေးစပ်ဖန်တီးခဲ့သည့် တေးရေး၊တေးဆိုရယ်ဂျီကွယ်လွန်သွားသည့်အတွက် ဂီတလောကသားများ၊ပရိတ်သတ်များက အထူးဝမ်းနည်းကြေကွဲကြောင်း လူမှုကွန်ရက် စာမျက်နှာထက်တွင်ဖော်ပြထားကြသည်၊၊
ကွယ်လွန်သွားပြီဖြစ်သည့် တေးရေး၊ တေးဆိုရယ်ဂျီ(ခေါ်)ဦးစန်းလွင်ဦးကို ဇန်နဝါရီ(၂)ရက်၊ နံနက်(၉)နာရီတွင် စိန်လာဇရူးဘုရားကျောင်း၌ ဝတ်ပြုရှိခိုးဆုတောင်းပြီး ထိန်ပင်သုဿန်တွင် သဂြိုဟ်သွားမည်ဖြစ်ကြောင်းသိရသည်၊၊
တေးရေး၊ တေးဆိုရယ်ဂျီသည်အဆိုတော်လေးဖြူသီဆိုထားသည့် "ငါ့ရဲ့လမင်း"၊ မျိုးကြီး သီဆိုထားသည့် "မလာပါနဲ့"၊ "လက်ခံပေးပါ"၊ "ဓါတ်ပြားဟောင်း"၊ "၃ နာရီ"၊ မဒီ သီဆိုထားတဲ့ "အချစ်ဖြင့်လွမ်းစေ" စသည့် နာမည်ကြီးသီချင်းများနှင့်အခြားသီချင်းပေါင်းများစွာကို ရေးစပ်ဖန်တီးခဲ့သူတစ်ဦးဖြစ်ကြောင်းလည်းသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
Page 1161 of 1847