#Local_News
 Published 20 December 2023


မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်ရန် ရာသီချိန် လုပ်သားစေလွှတ်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ မူအားဖြင့် ခွင့်ပြုထားပြီးဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန မှ သိရသည်။ 

 

ကိုရီးယားနိုင်ငံ၏ ရာသီချိန်လုပ်သား အလုပ်အကိုင်သည် ၈ လလုပ် ၄ လ နားစနစ်ဖြင့် ကာလတို လုပ်ကိုင်ရခြင်းဖြစ်သည့်အပြင်  မြန်မာနိုင်ငံမှ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သကဲ့သို့  ကိုရီးယားနိုင်ငံမှ စိုက်ပျိုးရေးနည်းပညာများကို သင်ယူလေ့လာရန် အခွင့်အလမ်းများလည်းရရှိနိုင်ခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှသိရသည်။ 

 

ထို့ပြင် လုပ်အားခအနေဖြင့် ကြည့်မည်ဆိုပါကလည်း ဒေသတွင်းနိုင်ငံများထက် လစာပိုမိုရရှိခြင်းဖြစ်သည့်အပြင် ပြည်သူလူထု၏ စားဝတ်နေရေးနှင့် လူမှုအဆင့်အတန်းပိုမိုမြင့်တက်လာစေမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံလုပ်သားများ၏ အကျိုးစီးပွားကို ရှေးရှု၍ စေလွှတ်လိုခြင်းဖြစ်ကြောင်း သိရသည်။ 

 

ရာသီချိန်လုပ်သား စေလွှတ်ခြင်းလုပ်ငန်းစဉ်အရ ကိုရီးယားသမ္မတနိုင်ငံ၊ တရားရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပထမဉီးစွာ ကိုရီးယားနိုင်ငံ ဒေ သန္တရအစိုးရနှင့် မြန်မာနိုင်ငံဒေသအစိုးရတို့ (Region to Region) နားလည်မှုစာချွန်လွှာ ( MoU ) လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် ဒေသန္တရ အစိုးရအချင်းချင်း MOU လက်မှတ် ရေးထိုးရတာ ဖြစ်သည့်အတွက် MOU ကို ကိုရီးယားသမ္မတနိုင်ငံရှိ  သက်ဆိုင်ရာ ပြည်နယ်များမြို့တော်များမှ မြို့တော်ဝန် အုပ်ချုပ်ရေးမှူုးများနှင့်  မြန်မာနိုင်ငံ နေပြည်တော်ကောင်စီ တိုင်းဒေသကြီးပြည်နယ် အစိုးရအဖွဲ့များမှ အလုပ်သမားရေးရာဝန်ကြီးများနှင့် လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်ထားသလို အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ တိုင်းဒေသကြီး ပြည်နယ် ဦးစီးမှုးများ နှင့် လက်မှတ်ရေးထိုးရန်လည်းဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ကိုရီးယားသမ္မတနိုင်ငံ တရားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိပြီးနောက် ဒေသန္တရ အစိုးရအချင်းချင်း MoU ရေးထိုးပြီးပါက လုပ်သားစုဆောင်းခြင်း ၊ ရွေးချယ်ခြင်း ၊ စေလွှတ်ခြင်းစသည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရာသီချိန်စိုက်ပျိုးရေးလုပ်သားများစေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် ရာသီချိန်လုပ်သားများစေလွှတ်ရာတွင် နိုင်ငံ့ပုံရိပ်ထိခိုက်မှုရှိစေမည့် လုပ်သားများ ထွက်ပြေးခြင်း၊ တရားမဝင်နေထိုင်ခြင်း၊ ပြန်ပို့ခံရခြင်းများ မရှိစေရေးကြီးကြပ်ဆောင်ရွက်ရန်လည်း သက်ဆိုင်ရာအေဂျင်စီများအား လမ်းညွှန်ထားရှိကြောင်းအလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

 

#Local_News #ကိုရီးယားနိုင်ငံ #ရာသီချိန်စိုက်ပျိုးရေးလုပ်သား #YMG/LW #Yangon_Times