#Local_News
Published_ 12 May 2023
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၁၃/၄)နှင့် (၂၁၃/၅)ကြားတွင် မေလ ၁၂ရက်နေ့မနက် ၇ နာရီဝန်းကျော်ခန့်က EDUINOX အမျိုးအစား အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအုတ်ခုံအား တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦးအနက် ကျား(၂)ဦး မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် ယာဉ်တိုက်မှုဖြစ်ပွားရာနေမှာပင် ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြုလုပ်ပေးခဲ့ရကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကို ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရှိသူများကို အမြန်လမ်းမကြီး လူနာတင်ယာဉ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
#ymg/ynzw #Local_News #ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး #အမျိုးသားနှစ်ဦးဒဏ်ရာရ
#YMG #Yangon-Media-Group
#Local_News
Published - 12 May 2023
Volkswagen ID - 4 အမျိုးအစား EV ကားများ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာသောကြောင့် မေလ ၁၁ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ယင်းမှာ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Construction and Development Infrastructure Co., Ltd. မှ တင်သွင်းလာသော ကားများ ဖြစ်ကြောင်း သိရသည်။
ရောက်ရှိလာသော ကားများမှာ Volkswagen ID - 4 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၂၉) စီးဖြစ်ကြောင်း၊ အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
#ymg/pl #Local_News #Volkswagen ID - 4 #EVကားများ ရန်ကုန်ဆိပ်ကမ်းသို့ရောက်
#YMG #Yangon_Media_Group
#Local_News
Published-12 May 2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်တွင် ဝန်ထမ်းကြိုပို့ ဒိုင်နာယာဉ်ကို ဟိုက်ဂျက်စ်က နောက်မှဝင်တိုက်၍ အမျိုးသား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့က သိရသည်။
ယနေ့ မေလ ၁၂ ရက် နံနက်၇နာရီ ၂၀ မိနစ်က အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ သီရိမင်္ဂလာလမ်းတွင် မိုးရွာသွန်းမှုကြောင့် ဝန်ထမ်းကြိုပို့ ဒိုင်နာယာဉ်ကို ဟိုက်ဂျက်က အရှိန်မထိန်းနိုင်ဘဲ နောက်က ဝင်တိုက် မိခဲ့ခြင်းဖြစ်သည်။
"အသင်းကို ဖုန်းဆက်အကြောင်းကြားလာတာကြောင့် အခင်းဖြစ်ရာနေရာကိုအရေးပေါ်လူနာတင်ယာဉ်ဖြင့်သွားရောက်ခဲ့ပါတယ်။ ဟိုက်ဂျက်စ်ပေါ်ပါလာသူ၂ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ မစိုးရိမ်ရပါဘူး"ဟု တွဲလက်လူမှုကူညီရေးအဖွဲ့ အင်းစိန်က သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူ၂ဦးကို မြေပြင်ရှေးဦးပြုစု၍ အင်းစိန်ဆေးရုံသို့ အဆိုပါလူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ymg/pl #Local_News #ဝန်ထမ်းကြိုပို့ဒိုင်နာယာဉ်ကိုဟိုက်ဂျက်စ်ကဝင်တိုက် #အမျိုးသား၂ဦးဒဏ်ရာရ#YMG #Yangon-Media-Group
#Local_News
Published_ 12 May 2023
အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ကြောင့် ငါးဖမ်းရေယာဉ်၊ လှေ၊ သင်္ဘောများ အထူးအန္တရာယ်ရှိသည့်အတွက် လုံးဝ (လုံးဝ) မထွက်ရန်နှင့် ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာမှ လိုအပ်သလို အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
အဆိုပါ မုန်တိုင်းသည် ယနေ့မှစ၍ နောက်(၄၈)နာရီအတွင်း စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟုလည်း ခန့်မှန်းချက် ထုတ်ပြန်ထားပြီးဖြစ်သောကြောင့် လက်ရှိအခြေအနေတွင် မုန်တိုင်းသည် လေတိုက်နှုန်း အမြင့်ဆုံး တစ်နာရီမိုင် (၁၁၀)အထိ ရောက်ရှိနိုင်ပြီး လှိုင်းအမြင့်မှာလည်း (၁၃)ပေ မှ (၁၆)ပေအထိ ရောက်ရှိနိုင်မည်ဖြစ်၍ အထက်ပါအတိုင်း ညွှန်ကြားချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။
#ymg/pl #Local_News #ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” #ငါးဖမ်းရေယာဉ်၊ လှေ၊ သင်္ဘော
#YMG #Yangon_Media_Group
#Local_News
Published-11 May2023
ဆိုင်ကလုန်း မိုခါဝင်ရောက်လျှင် အရေးပေါ်တုံ့ပြန်ကူညီမှုလုပ်ငန်းများဆောလျင်စွာဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားကြောင်း UNHCRက အသိပေးထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက်တွင်ဆိုင်ကလုံး မိုခါသည် ရခိုင်သို့ လာမည့် စနေ၊ တနင်္ဂနွေတွင် ဝင်ရောက် မည်ဟု ခန့်မှန်းထားပြီး UNHCR နှင့် မိတ်ဘက်အဖွဲ့များသည် လူထုအုပ်စုများ ဘေးကင်းလုံခြုံစေရေး အလေးပေးပြင်ဆင်ဆောင်ရွက်ချက် များကို မြေပြင်တွင် ဦးစားပေးဆောင်ရွက်လျက် ရှိကြောင်းပါရှိသည်။
အကယ်၍ လိုအပ်ချက် များမြင့်မားလာခဲ့ပါက အရေးပေါ်တုံ့ပြန်ကူညီမှုများကို ဆောလျင်စွာဆောင်ရွက်နိုင်ရန် အရန်အစီအစဉ်ကိုလည်း လျာထားလျက်ရှိသည်ဟုပါရှိသည်။
လက်ရှိတွင်ဒေသနေလူထုများထံ အသိပေးချက်ဖြန့်ဝေနိုင်ရန်နှင့် လိုအပ်သော ကြိုတင်ဆောင်ရွက်ချက် များ စီစဉ်ထားနိုင်ရန် ကယ်ဆယ်ရေးစခန်းများ၊ တိုက်ပွဲရှောင်စခန်းများနှင့် ကျေးရွာများ၌ ဆိုင်ကလုန်းနှင့် ရေကြီးရေလျှံမှုသတိပေးချက် များကို ဖြန့်ဝေပေးလျက်ရှိပြီး ကယ်ဆယ်ရေးစခန်းတစ်ခုစီ၊ တိုက်ပွဲရှောင်စခန်းတစ်ခုစီ၌ ပြင်ဆင်ထားရှိမှုအစီအစဉ်များကို ကယ်ဆယ်ရေးစခန်းစီမံခန့်ခွဲရေးအဖွဲ့များ၊ တိုက်ပွဲရှောင်စခန်းတာဝန်ခံအဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်နေကြောင်းလည်း သိရသည်။
ထိခိုက်နိုင်ခြေအမြင့်ဆုံးနေရာများကို အလေးပေးဦးတည်လျက် စောင့်ကြည့်ဆန်းစစ်ရေးအစီအစဉ် တစ်ခုကို ပြင်ဆင်ထားရှိကြောင်း၊ယင်းသို့ပြင်ဆင်ထားခြင်းအားဖြင့် လူထုအုပ်စုများနှင့် နီးကပ်စွာ ချိတ်ဆက်နိုင်မည်ဖြစ်ပြီး အရေးပေါ်အခြေအနေရှိလာလျှင် ဆောလျင်စွာတုံ့ပြန်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းလည်းပါရှိသည်။
အရေးပေါ်ကူညီကယ်ဆယ်ရေး ပစ္စည်းများကို အရံသင့်ထားရှိထားပြီး အချိန်တိုအတွင်း ဖြန့်ဝေပေးနိုင်ရန် ဆိုင်ရာဂိုဒေါင်များတွင် လုံခြုံစွာသိမ်းဆည်းထားရှိကြောင်း၊ရေယာဉ်များ၊ ကားများကို လိုအပ်လျှင် လည်ပတ်အသုံးပြုနိုင်အောင် အရံသင့်ထားရှိထားရှိကြောင်းလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။
#ymg/pl #Local_News #ဆိုင်ကလုန်းမိုခါဝင်ရောက် #UNHCR
#YMG #Yangon-Media-Group
#Local_News
Published_ 12 May 2023
အားကောင်းသောဆိုက်ကလုန်းမုန်တိုင်းမိုခါသည်အားအလွန်ကောင်းလာပြီးနောက်နာရီ(၆၀)အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား မြို့(Cox’s Bazar)နှင့်ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှဖြတ်ကျော်ဝင်ရောက်တော့မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်၊၊
မေလ(၁၁)ရက်နေ့လည်ပိုင်းကနေစပြီးနောက် နာရီ(၆၀)အတွင်းမေလ(၁၄)ရက်တွင် အားအလွန်ကောင်း သောဆိုက်ကလုန်းမုန်တိုင်းမိုခါ ဝင်ရောက်ဖြတ်ကျော်မည်ဖြစ်သည်၊၊
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မိုခါ (MOCHA)” ၏အရှိန်ကြောင့် နောက် (၂၄)နာရီအတွင်း မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်ခန့်အထိ တိုက်ခတ်မည်၊၊
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “မိုခါ (MOCHA)”၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီး ခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့် တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်ပါရန် အကြံပြုထားကြောင်းသိရသည်၊၊
#ymg/tthl #Local_News #ဆိုက်ကလုန်းမုန်တိုင်းမိုခါ #စစ်တွေနှင့်ကျောက်ဖြူ
#YMG #Yangon_Media_Group
#Local_News
Published-11 May 2023
ချင်းပြည်နယ် မတူပီမြို့အနီး အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၆) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွား ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်လိုက်သည်။
ယနေ့မေလ ၁၂ ရက် နံနက် ၃ နာရီ ၁၄ မိနစ် ၅၅ စက္ကန့် အချိန်ကဟားခါးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၇၃) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (မတူပီမြို့၏ အနောက်-အနောက်မြောက်ဘက် (၂၁) မိုင်ခန့်အကွာ) မြောက်လတ္တီ တွဒ် (၂၁.၆၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၁၂)ဒီဂရီ၊ အနက် (၇၁) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။
ငလျင်၏ အင်အားမှာ ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိသောကြောင့် အင်အားအနည်းငယ်ရှိမြေငလျင်တစ်ခုသာ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ymg/pl #Local_News #ချင်းပြည်နယ် #မြေငလျင်တစ်ခုလှုပ်ရှားသွား
#YMG #Yangon_Media_Group
Page 1124 of 2054