#Local_News
Published_ 13 May 2023
မိုခါမုန်တိုင်းအရှိန်ကြောင့် ဓာတ်ကြိုးများပြတ်ကျပါကထိတွေ့ကိုင်တွယ်ခြင်းမပြုဘဲ လျှပ်စစ်ရုံးကိုအကြောင်းကြားရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှသတိပေးချက်ထုတ်ပြန်လိုက်သည်၊၊
ထုတ်ပြန်ချက်တွင် Cyclone (MOCHA) မိုခါ မုန်တိုင်းတိုက်ခတ်နေစဉ်ကာလနှင့် မုန်တိုင်းတိုက် ခတ် ပြီးစဉ်ကာလအတွင်း မုန်တိုင်းအရှိန်ကြောင့် သစ်ပင်ပြိုလဲမှု၊ သစ်ကိုင်းကျိုးကျမှုနှင့် ဓာတ်အားလိုင်းကြိုးပြတ်ကျမှုများ ဖြစ်ပွားနိုင်ကြောင်း၊
ဓာတ်အားလိုင်းကြိုးပြတ်ကျမှုများတွေ့ရှိပါက ထိတွေ့ကိုင်တွယ်ခြင်းမပြုလုပ်ကြပါရန်နှင့် မိမိသက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများ၊YESC Call Center Hot Line No(1717)သို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားပေးပါရန် လေးစားစွာ အသိပေးပန်ကြားကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊
#ymg/tthl #Local_News #ဓာတ်ကြိုးပြတ်ကျပါကမကိုင်တွယ်ဘဲလျှပ်စစ်ရုံးကိုအကြောင်းကြားရန် #အသိပေးချက်ထုတ်ပြန်
#YMG #Yangon_Media_Group
#Local_News
Published_ 13 May 2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံနယ်မြေ၊ မင်းနန်သူကျေးရွာတွင် မင်းနန်သူချောင်းရေကျော်၍ MARK (II)ကား(၁)စီး ရေနစ်၍ ကယ်ဆယ်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ယနေ့ မေလ ၁၃ ရက် နံနက် ၈ နာရီခွဲခန့်က MARK (II)ကား(၁)စီး ရေနစ်နေကြောင်း သတင်းရရှိသဖြင့် ပုဂံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
#ymg/pl #Local_News #MARK (II)ကား(၁)စီးရေနစ်
#YMG #Yangon_Media_Group
#Local_News
Published_ 13 May 2023
မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းရှိ မြို့နယ်အချို့မှာ လေပြင်းတိုက်လို့ သစ်ပင်တွေ ပြိုလဲ အိမ်တွေပေါ် ပိ လမ်းတွေပိတ်ကုန်တယ်လို့ မြိုခံတွေက တစ်ဆင့်သိရသည်။
ယနေ့ နံနက် ၈ နာရီကျော်က မန္တလေးတိုင်း ညောင်ဦးမြို့၊ အမှတ်(၄)ရပ်ကွက်၊ မှန်ချိုရပ်တွင် သက်တမ်း(၁၅၀)ခန့်ရှိ မန်ကျည်းပင်သည် နေအိမ်နှင့်ဘေးရှိ ဂိုဒေါင်ပေါ်သို့ လဲကျမှုဖြစ်ပွါးခဲ့ပြီး တံတားဦးမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၂)ရပ်ကွက်၊ အိမ်သစ်တန်းရပ်တွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှု ဖြစ်ခဲ့ခြင်းဖြစ်သည်။
အလားတူ ပြင်ဦးလွင်မြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်ကြီး(၆)၊ စိုက်ပျိုးရေးလမ်းရှိ သစ်ပင်လဲကျခဲ့သလို ကျောက်ပန်းတောင်းမြို၊ ဘူတာရပ်ကွက်၊ စက်မှုလယ်ယာဝန်ထမ်းအိမ်ရာဝန်းအတွင်းတွင် ဧကရစ်ပင်သည် ပင်စည်လုံးအက်ကွဲနေ၍ အန္တရာယ်ရှိလို ဒေသခံ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#ymg/ppk #Local_News #ယနေ့နံနက်ပိုင်းလေပြင်းတိုက်
#YMG #Yangon-Media-Group
#Local_News
Published_ 13 May 2023
ရန်ကုန် - စစ်တွေပြေးဆွဲနေတဲ့ ယာဉ်လိုင်းတချို့ မုန်တိုင်းစတင်ဝင်ရောက်မယ့် တနင်္ဂနွေနေ့ မေလ ၁၄ ရက် နဲ့ တနင်္လာနေ့ ၁၅ ရက်တွေမှာ ရပ်နားထားမယ်လို့ ဂိတ်ပိုင်ရှင်တချို့ကပြောသည်။
ရန်ကုန် - စစ်တွေ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတခုရဲ့ပိုင်ရှင်က "တခြားသူတွေ ပြေးမလားတော့ မသိဘူး၊ သဘာဝဘေးအန္တရာယ်က ဘာမှန်းကြိုတင်တွက်ဆလို့မရဘူး၊ ကျွန်တော်တို့ယာဉ်လိုင်းက ၁၄ ရက်နဲ့ ၁၅ ရက်နေ့ နားမယ်၊ မုန်တိုင်းပြန်ထွက်မှ ကားတွေလည်း ပြန်ထွက်မယ်” လို့ YMG ကို ပြောသည်။
အခုဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ မေလ ၁၄ ရက်မှာ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်နိင်ပြီး ၊ ရခိုင် ပြည်နယ်မြောက်ပိုင်း ၊ စစ်တွေခရိုင် နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ကော့ဘဇား နယ်မြေတွေမှာ အန္တရာယ် အလွန်ကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားကြောင်းသိရသည်။
#ymg/ppk #Local_News #ရန်ကုန်-စစ်တွေ
#YMG #Yangon_Media_Group
#Local_News
Published_ 13 May 2023
ပြည်တွင်းမှာသုံးဆွဲနေသည့် ဆင်းကဒ်များကို နိုင်ငံသားစိစစ်ရေးကဒ်ပြားများဖြင့် တိုက်ဆိုင်စစ်ဆေးပြီး ရက်ပေါင်း၃၀ အတွင်း မှန်ကန်စွာပြန်လည်မှတ်ပုံတင်ရန် အသိပေးစာတို (SMS) များ ပေးပို့သွားမည်ဖြစ်ပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံသားစိစစ်ရေးကဒ်အချက်အလတ်အမှန်ဖြင့် ပြန်လည်ပြင်ဆင်ခြင်းမရှိသည့် ဆင်းကဒ်များကိုအပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
အသိပေးစာတို(SMS)ရရှိပြီး ရက်ပေါင်း ၃၀ အတွင်း နိုင်ငံသားစိစစ်ရေးကဒ်ဖြင့် ပြန်လည်မှတ်ပုံတင်ခြင်းမရှိသေး ဆင်းကဒ်များအား On Way Block (အဝင်ခေါ်ဆိုမှု၊အထွက်ခေါ်ဆိုမှု၊ဒေတာအသုံးပြုမှုများ)ကို ကနဦးပိတ်ထားဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဆင်းကဒ်သုံးစွဲသူ ပြည်သူများအနေဖြင့် အသုံးပြုနေသည့် ဆင်းကဒ်များပိတ်သိမ်းခံရမှုမဖြစ်ဖို့ ပြန်လည်မှတ်ပုံတင်ဖို့ အသိပေးစာတိုရရှိပါက သက်ဆိုင်ရာအော်ပရေတာများ၏ အရောင်းဆိုင်များ၊ App များနှင့် Website တို့တွင် အချက်အလက်အမှန် အမြန်မှတ်ပုံတင်ဖို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
#ymg/ynzw #Local_News #SIM #မှတ်ပုံမတင်ရင်အပြီးပိတ်သိမ်းမည်
#YMG #Yangon-Media-Group
#Local_News
Published_ 13 May 2023
မုန်တိုင်း “မိုခါ” ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် ဖြတ်ကျော်နိုင်၍ အနီရောင်အဆင့်ဟု သတ်မှတ်လိုက်ပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်လိုက်သည်။
အနီရောင်အဆင့်ကို မုန်တိုင်း မြန်မာ့ကမ်းရိုးတန်းဆီ မဖြတ်ကျော်မီ (၁၂)နာရီအလိုအချိန်ဟု သတ်မှတ်ထားသော်လည်း ယခုဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့(Sittwe)အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် ဖြတ်ကျော် နိုင်သည့်အတွက် အနီရောင်အဆင့်ဟု သတ်မှတ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယနေ့ မေလ ၁၃ ရက် နံနက် ၅ နာရီခွဲအချိန်က တိုင်းထွာချက်များအရဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အား ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၆၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက်-အနောက် တောင်ဘက် ရေမိုင်(၃၀၅)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ အနောက်တောင် ဘက် ရေမိုင်(၃၅၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပိုပလဲယား(Port Blair)၏ မြောက်- အနောက်မြောက်ဘက် ရေမိုင်(၃၁၅)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၈၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။
အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)သည် မြောက်လတ္တီကျု (၁၅.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၁)ဒီဂရီတွင်ရှိပြီး၊ ဗဟို ချက်လေဖိအား (၉၆၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၁၀၅)မှ (၁၁၅)မိုင်နှုန်းခန့် ဖြစ်ကြောင်း၊ နောက်(၄၈)နာရီအတွင်းမြောက်-အရှေ့မြောက်ဘက်သို ဆက်လက်ရွေ့လျားနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံကျောက်ဖြူမြို့(Kyaukpyu)တိုကြား စစ်တွေမြို့(Sittwe)အနီးမှ မေလ ၁၄ ရက် နေ့လယ်ပိုင်းတွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ” (MOCHA)အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း သိရသည်။
ယင်းနောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဆီသို့ အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) “မိုခါ”(MOCHA)အနေဖြင့် ဆက်လက်ရွေ့လျားနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။
#ymg/pl #Local_News #မုန်တိုင်း “မိုခါ” #အနီရောင်အဆင့်ဟုသတ်မှတ်
#YMG #Yangon_Media_Group
#Local_News
Published-13 May 2023
မြန်မာနိုင်ငံသားတစ်ဦးကို အလုပ်ရမည်ဆို၍ ပွဲစားကကားဖြင့်ခေါ်ယူကာ ရင်းဂစ် ၄၀၀ ယူပြီး ကားပါကင်၌ထားခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)က သိရသည်။
ယင်းမြန်မာနိုင်ငံသားက အလုပ်ရမည်ဟုဆိုသဖြင့် ဂျိုဟိုးမြို့မှ ကွာလာလမ်ပူမြို့သို့ ပွဲစားကားဖြင့်လိုက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ဘာတူးကစ်လူနေအိမ်များရှိရာ ကားပါကင်တွင် ပွဲစားကရင်းဂစ် ( ၄၀၀)ယူ၍ ကားဆီထည့်ရန် သွားမည်ဖြစ်သောကြောင့် ယင်းနေရာတွင် ခဏစောင့်ရန်ပြောပြီး လိမ်လည်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက်ပြန်ပေါ်မလာသဖြင့် ၎င်းမြန်မာနိုင်ငံသားမှာ ကားပါကင်၌ပင်တစ်ညလုံးနေခဲ့ရကြောင်းသိရသည်။
နောက်နေ့နံနက်တွင်ယင်းကားပါကင်မှမြန်မာနိုင်ငံသားတစ်ဦးက နှလုံးလှအဖွဲ့ဖုန်းနံပါတ်ပေး၍ဆက်သွယ်အကူအညီတောင်းခံလာသည့်အတွက် မေလ ၁၂ ရက်တွင် ရုံးသို့သွားရောက်ခေါ်ယူခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့က သိရသည်။
မိမိတို့မြန်မာနိုင်ငံသားအချင်းချင်း ဒုက္ခရောက်အောင်မလုပ်ကြရန်လည်း အဆိုပါအသင်းကမေတ္တာရပ်ခံထားသည်။
#ymg/pl #Local_News #မလေးရှား #အလုပ်သွင်းပေးမည်ဟုပွဲစားကငွေလိမ်လည်
#YMG #Yangon-Media-Group
Page 1084 of 2017