#Local_News
Published_ 6 April 2023
သင်္ကြန်ကာလနဲ့ သင်္ကြန်အလွန်ကာလအတွက် စက်သုံးဆီ အလုံအလောက် တင်သွင်းထားတယ်လို့ ထုတ်ပြန်ပေမယ့် ရန်ကုန်က စက်သုံးဆီအရောင်းဆိုင်တချို့မှာ စက်သုံးဆီ မရှိတဲ့အတွက် ကွန်ဒိုတွေ၊ ဟိုတယ်တွေနဲ့ စက်မှုဇုန်တွေ စက်သုံးဆီ ဝယ်မရတဲ့အခြေအနေ ကြုံတွေ့နေရတယ်လို့ သိရပါသည်။
သင်္ကြန်ကာလ စက်သုံးဆီလုံလောက်မှုရှိအောင် စင်ကာပူကတင်သွင်းလာတဲ့ စက်သုံးဆီတင် သင်္ဘောဟာ ဧပြီ ၄ရက်က သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီ သိုလှောင်ကန်စခန်း Jetty များသို့ ဆိုက်ကပ်ရောက်ရှိလာတယ်လို့ နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ထားသည်။
စက်သုံးဆီအလုံအလောက်ရှိတယ်လို့ ထုတ်ပြန်ပေမယ့် မြေပြင်မှာတော့ စက်သုံးဆီ ဝယ်မရတဲ့ အခက်အခဲအပြင် ဈေးနှုန်းကလည်းအနည်းငယ်စီ မြင့်တက်လာတယ်လို့ လုပ်ငန်းရှင်တွေနဲ့ မော်တော်ယာဉ်မောင်းနှင်သူတွေက ပြောသည်။
ယခုရက်ပိုင်း လျှပ်စစ်မီးရရှိချိန် အရင်ကထက် လျော့နည်းသွားတဲ့အတွက် လုပ်ငန်းအများစုက မီးစက်နဲ့ လည်ပတ်နေရလို့ စက်သုံးဆီလိုအပ်ချက်က များလာပြီး ဆီဈေးကလည်း ဧပြီလ ၃ ရက်နေ့မှာ အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၁၀၅ ကျပ် ရှိရာမှ ဧပြီလ ၅ ရက်နေ့မှာ ၂၂၅၀ ကျပ်သို့ မြင့်တက်လာသလို ယနေ့ ဧပြီ ၆ရက်မှာ ၉၂ တစ်လီတာ ၂၂၆၀ ကျပ်ရောက်ရှိလာခဲ့သည်။
ymg/ppk
#Local_News #စက်သုံးဆီဈေး
#YMG #Yangon_Media_Group
#Local_News
Published-6 April 2023
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် မိုင်တိုင်အမှတ်(၂၅၄/၆)နှင့်(၂၅၄/၇)ဂုန်းဆင်းတွင် ဖရဲသီးသယ်ဆောင်လာသည့်၁၂ဘီးယာဉ်တိမ်းမှောက်ပြီး ယာဉ်မောင်းအမျိုးသားမှာ ကားခေါင်းတွင်း ညပ်နေခဲ့ပြီး စိုးရိမ်ရဒဏ်ရာများရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က သိရသည်။
ဧပြီ၆ရက် နံနက်၉နာရီ၂၀အချိန်ခန့်က ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအုပ်စု၊ ပန်ဂျလော့ရွာအနီး၊ မိုင်တိုင်အမှတ် ၂၅၄/၆)နှင့်၂၅၄/၇)ဂုန်းဆင်းတွင် ဖရဲသီးများသယ်ဆောင်လာသော ၁၂ဘီး အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက် မှုဖြစ်ပွားပြီး ယာဉ်မောင်းအမျိုးသား ကားခေါင်းအတွင်းညပ်နေခဲ့၍ ကွတ်ခိုင်မြို့နယ်မီးသတ်စခန်းနှင့်နမ့်ဖက်ကာနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယင်းကဲ့သို့ဆောင်ရွက် မှုကြောင့် ကားခေါင်းခန်းတွင်ညပ်နေသော ယာဉ်မောင်းကျား(၁)ဦးထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)အား ၁၀ နာရီ ၂၅မိနစ် အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး မြန်မာ့နှလုံးသားလူမှုကူညီရေးယာဉ်ဖြင့် မူဆယ်မြို့နယ်ပြည်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း မီးသတ်တပ်ဖွဲ့မှသိရသည်။
#ymg/mt
#Local_News #ရှမ်းပြည်နယ်ကွတ်ခိုင် #၁၂ဘီးယာဉ်တိမ်းမှောက် #စိုးရိမ်ဒဏ်ရာရ #YMG#Yangon_Media_Group
#Local_News
Published_ 6 April 2023
ပြည်တွင်းက အစားအသောက်ထုတ်လုပ်သူတွေ ကျန်းမာရေးဝန်ကြီးဌာန ၊ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ရဲ့ FDAအွန်လိုင်းထောက်ခံချက်အတွက် ကျသင့်ငွေ ပမာဏလျော့ချသတ်မှတ်ပေးလိုက်ကြောင်းသိရသည်။
FDAအမှတ်တံဆိပ်ထောက်ခံချက် လျှောက်ထားရာမှာ online E-Submission နဲ့လျှောက်ပါက နဂိုမူလက ပေးသွင်းရမယ့်ငွေပမာဏကို၇၅၀၀၀၀ကျပ်အထိ သတ်မှတ်ထားရာမှ ယခုအခါ ၂၅၀၀၀၀ကျပ်အထိ သတ်မှတ်ပေးလိုက်တာကြောင့်ငွေကျပ်၅၀၀၀၀၀ ပမာဏသက်သာမှုရှိလာကြောင်းသိရသည်။
အဆိုပါ အွန်လိုင်းFDA လျှောက်ထားမှု လုပ်ငန်းစဉ်အတွက် ယခင်ကျသင့်ငွေ အစား ဧပြီလ ၁ရက်နေ့က စတင်ကာ ပြောင်းလဲလျော့ပေါ့ လိုက်တာဖြစ်ပြီး ထောက်ခံချက်အတွက် ခွင့်ပြုကာလမှာ ဧပြီလ ၁ရက်ကနေ စက်တင်ဘာ၃၀ရက်အထိဖြစ်ပြီး လျှောက်ထားပေးသွင်းရမယ့်ပမာဏ ၂၅၀၀၀၀ကျပ် က ဓာတ်ခွဲစစ်ဆေးခ မပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ဖေါ်ပြထားသည်။
အစားအသောက်ထုတ်လုပ်ခြင်းလုပ်ငန်းတွေအတွက်FDAထောက်ခံချက်ကို၆လအတွင်းလျောက်ထားနိုင်ပြီးတော့ခွင်ပြုကာလသက်တမ်း၁နှစ်ဖြင့်လုပ်ငန်းလည်ပါတ်ဆောင်ရွက်နိုင်ကြောင်းသိရသည်။
ymg/ppk
#Local_News #အစားအသောက်ထုတ်လုပ်ခြင်း #FDA အွန်လိုင်းထောက်ခံချက်
#YMG #Yangon_Media_Group
#Local_News
Published_ 6 April 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေးမြို့ကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု ယနေ့ ဧပြီလ (၆) ရက် နံနက်ပိုင်းက လှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
ယနေ့နံနက် ၇ နာရီ ၁၂ မိနစ် ၂၁ စက္ကန့်က လင်းခေးမြို့၏ အနောက်မြောက်(၇)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်(၂၀ ဒသမ ၃၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇ ဒသမ ၉၀) ဒီဂရီ၊ အနက်(၂) ကီလိုမီတာအား ဗဟိုပြု၍ အင်အားရစ် (ခ်)တာစကေး(၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း၌ ဧပြီလ လဆန်းပိုင်းလောက်တွင် ရန်ကုန်မြို့မှာ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလူပ်ခတ်ခဲ့သေးကြောင်းသိရသည်။
ငလျင်ဒဏ်ကြောင့် အဆောက်အဦးခိုင်ခန့်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ သတ်မှတ်ချက်အတိုင်း တည်ဆောက်ဖို့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ပြောဆိုထားသည်။
ymg/ynzw
#Local_News #ရှမ်းပြည်နယ်တောင်ပိုင်း #လင်းခေးမြို့
#YMG #Yangon_Media_Group
#Local_News
Published_ 6 April 2023
သင်္ကြန်ကာလအတွင်း CNG အရောင်းဆိုင်များ အလှည့်ကျဖွင့်လှစ်သွားမည်ဖြစ်ပြီး ဖွင့်မည့်ဆိုင် ၊နေ့ရက်နှင့် အချိန်များကို မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ ထုတ်ပြန်လိုက်ကြောင်းသိရသည်၊၊
ဧပြီလ(၈)ရက်မှ(၁၇)ရက်အထိ ပလိပ် ၊ရေနံချောင်း ၊ချောက် ၊မောင်းမကန်မှအရောင်းဆိုင်နှင့် ရန်ကုန်မြို့တွင်းရှိ မြို့နယ်အသီးသီးမှ အရောင်းဆိုင်စုစုပေါင်း(၃၀)ဆိုင် ဖွင့်လှစ်ထားမည်ဖြစ်ပြီး မနက်(၆)နာရီမှ ညနေ(၇)နာရီအထိဖွင့်လှစ်ထားမည်ဟုဆိုသည်၊၊
ယင်းအပြင် ဧပြီလ(၈)ရက်မှ(၁၂)ရက်အထိ ရေနံချောင်း၊မန္တလေးအရောင်းဆိုင်နှင့်ရန်ကုန်မြို့တွင်းရှိမြို့နယ်အသီးသီးမှအရောင်းဆိုင်စုစုပေါင်း(၁၆)ဆိုင် ဖွင့်လှစ်ထားမည်ဖြစ်ပြီးအဆိုပါ(၁၆)ဆိုင်သည် ဧပြီလ(၁၃)ရက်မှ(၁၇)ရက်နေ့များတွင် အရောင်းပိတ်ထားမည်ဖြစ်ကြောင်း သိရသည်၊၊
ymg/tthl
#Local_News #သင်္ကြန်ကာလ #CNGအရောင်းဆိုင် #အလှည့်ကျဖွင့်မည်
#YMG #Yangon_Media_Group
#Local_News
Published_6 April 2023
တောင်ကိုရီးယားနိုင်ငံသို့ ပြန်လည်သွားရောက်လုပ်ကိုင်ကြမည့် (Re-entry)လုပ်သားများအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးအချိနိမီဆောင်ရွက်နိုင်ရေး စောလျင်စွာသတင်းပို့ရမည်ဟုPOEM က အသိပေးကြေညာလိုက်သည်။
HRD Korea ၏ မူလသတ်မှတ်ချက်အရ ပထမအကြိမ် ၄ နှစ် ၁၀ လပြည့်လို့ စာချုပ်ထပ်မံ ချုပ်ဆိုပြီး ကိုရီးယားနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် Re-entry အလုပ်သမားများအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းအနည်းဆုံး (၁) နှစ် ကျန်ရှိရမည် ဖြစ်သော်လည်း HRD Korea နှင့် ဆွေးနွေးညှိနှိုင်းချက်အရ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိကြောင်း အလုပ်သမားကPOEA ရုံးထံ သတင်းပေးပို့ ချိန်တွင်နိုင်ငံကူးလက်မှတ်သက်တမ်းအနည်းဆုံး (၈) လ ကျန်ရှိရမည် ဖြစ်ကြောင်း၊ HRD Korea ဘက် မှ CCVI လျှောက်ထားပေးပြီး CCVI ရရှိချိန်မှာဗီဇာ လျှောက်ထားရန်နိုင်ငံကူးလက်မှတ်သက်တမ်း အနည်းဆုံး (၇) လ ကျန်ရှိရ မည်ဖြစ်ကြောင်း သိရသည်။
ဗီဇာရရှိပြီးနောက် လေယာဉ်တက်ချိန်တွင် နိုင်ငံကူးလက်မှတ်သက်တမ်း အနည်းဆုံး (၆) လ ကျန်ရှိရန် ဆွေးနွေးညှိနှိုင်းထားကြောင်းသိရသည်။
ယင်းကြောင့် ထပ်မံစာချုပ်ချုပ်ဆို၍ ကိုးရီးယားနိုင်ငံမှပြန်လည်ထွက်ခွာမည့်အချိန်တွင် နိုင်ငံကူးလက်မှတ်သက်တမ်း ၁နှစ်မကျန်ရှိသော Re-entry အလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံပြန်ရောက်ချိန်အတွင်း နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဆောင်ရွက်နိုင်ရေးကို POEA ရုံးသို့ စောလျင်စွာ သတင်းပို့ကြရမည်ဖြစ်ကြောင်းအသိပေးထားခြင်းလည်း ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံက ထွက်ခွာခဲ့ကြသော Re-entry လုပ်သားများအနေဖြင့် တားမြစ်ပစ္စည်းများဖြစ်သည့် CP ကြက်အူချောင်း၊ ဝက်အူချောင်း၊ ငါးသေတ္တာ၊ ပေါက်စီ၊ ငါးခြောက်နှင့် သက်ရက်အကင်းအပြင်ကွမ်းရွက်စသည့် ပစ္စည်းများ သယ်ဆောင်လာသဖြင့် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်အဝင်တွင် မတ်လ ၂၉ က ပစ္စည်းသိမ်ဆည်းခံရခြင်း၊ ဒဏ်ငွေပေးဆောင်ခြင်း၊ နိုင်ငံကူးလက်မှတ် မှတ်တမ်းထားရှိခြင်းတို့ကို ဆောင်ရွက်ခြင်းခံခဲ့ရကြောင်း၊ယင်းကြောင့် တားမြစ်ပစ္စည်းများယူ ဆောင်ခြင်းမပြုလုပ်ကြရန်အထူးသတိပြု လိုက်နာရေးကိုလည်း အသိပေးထားကြောင်း သိရသည်။
#ymg/mt
#Local_News #နိုင်ငံကူးလက်မှတ် #ကိုရီးယား
#YMG#Yangon_Media_Group
#Local_News
Published_6 April 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့ သစ်တောင်ပိုင်းမြို့ နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား မျက်စိကု ဆရာဝန်ပါရဂူကြီးများက ဧပြီလ ၅ ရက် နံနက်ပိုင်းက စ၍ သီတဂူစက္ခုဒါနဆေးရုံတော်ကြီး၌ အခမဲ့ စမ်းသပ်ကုသပေးနေကြောင်း သိရသည်။
ယင်းကို နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်သာသနာ ပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ဆရာတော် ကြီး ဦးဆောင်ကြီးကြပ်မှုဖြင့် ဆောင်ရွက် ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
မျက်စိအခမဲ့စမ်းသပ်ကုသပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပထမ အကြိမ်စတင်ကုသပေးခြင်းဖြစ်ပြီး ဒဂုံမြို့ သစ် ၄ မြို့နယ်မှ မျက်စိဝေဒနာရှင်များအား မျက်စိ ကုကျွမ်းကျင်ဆရာဝန်ပါရဂူကြီးများက ပထမနေ့အဖြစ် အခမဲ့စမ်းသပ် ကုသပေးသူ ၃၄၄ ဦး၊ ခွဲစိတ်ကုသပေးရန် ၉၆ ဦးရှိကြောင်း၊ လာရောက်ဆေးကုသမှုခံယူသူများ အား အာဟာရဒါနကျွေးမွေးခဲ့ကြောင်းနှင့် ကုသမှုများကို ဧပြီ ၁၀ ရက်အထိ အခမဲ့စမ်းသပ် ကုသ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သီတဂူဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၌ သီတဂူစက္ခုဒါနဆေးရုံ ၄၄ ရုံ ဖွင့်လှစ်ပြီး မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ ၁၉၉၉ ခုနှစ်၊ ဧပြီလမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ မျက်စိစမ်းသပ်ကုသခံယူသူ ၅၄၈၅၀၄ ဦးနှင့် မျက်စိခွဲစိတ်ကုသမှု ခံယူသူ ၁ဝ၅၂၃၄ ဦး ရှိကြောင်း သတင်းရရှိသည်။
ymg/mt
#Local_News #ဒဂုံမြို့သစ် #မျက်စိဝေဒနာရှင် #အခမဲ့စမ်းသပ်ကုသ
#YMG #Yangon_Media_Group
Page 981 of 1839