#Local_News
Published- 29 April2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာ၊ ကော့ခိုက် မွန်စုအနောက်ပိုင်းတွင်ယနေ့နံနက်ကအသက် ၁၁နှစ်အရွယ် ကလေး ၁ဦးကားတိုက်ခံရ၍ သေဆုံးခဲ့ကြောင်း မုဒုံအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းက သိရသည်။
ဧပြီလ ၂၉ ရက် နံနက်၈ နာရီ ၅မိနစ်ခန့်တွင် စက်ဘီးစီးလာသော ကလေးငယ်ကို ဆောင်းဘောက်စ်များ တင်ဆောင်လာသော ကားမှ ကျော်တက်ခဲ့ရာတွင် ဆောင်းဘောက်စ်များနှင့် မလွတ်ဘဲတိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"စက်ဘီးစီးလာတဲ့ကလေးကို ကားက ကျော်တတ်တာမှာဘောက်စ်တွေနဲ့ မလွတ်ဘဲ ကလေးကို တိုက်မိသွားတာပါ"ယင်းအသင်း တာဝန်ရှိသူက ပြောသည်။
ယင်းကြောင့် မုဒုံအရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့ကို အကြောင်းကြားခဲ့သည့််အတွက်သွားရောက်ခဲ့ရာတွင် ကလေးမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာများရရှိ၍ မုဒုံပြည်သူ့ဆေးရုံကြီးသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်း၊ သို့သော်လည်း ဆေးရုံအရောက်တွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသွားသည့် ကလေးငယ်မှာ မုဒုံမြို့နယ်၊ နိုင်းပြိုင်ကျေးရွာ အနောက်ပိုင်းတွင် နေထိုင်သူ ဖြစ်ပြီး အသက် ၁၁ နှစ်အရွယ် မောင်ဝေယံမျိုး ဖြစ်ကြောင်း သိရသည်။
#ymg/pl #Local_News #မုဒုံ #ကားတိုက်ခံရ၍သေဆုံး
#YMG #Yangon-Media-Group
#Local_News
Published_ 29 April 2023
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်တွင် မေလ(၃)ရက်ကဆုန်လပြည့်( ဗုဒ္ဓနေ့)၌ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်၊၊
(၅၂) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးကျင်းပသွားမည် ဖြစ်သည်၊၊
ဘုရားဖူးလာပြည်သူများအနေဖြင့် ဗိုလ်တထောင်စေတီတော်ရှိ"မဟာဗောဓိ" ညောင်ပင်တွင် အမွှေးနံ့သာရေများဖြင့် ညောင်ရေသွန်းလောင်းပူဇော်ရန်အတွက် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများမှ ကုသိုလ်ယူဆောင်ရွက်ပေးခြင်း၊ အလှူရှင်များမှ စတုဒီသာများ ကျွေးမွေးလှူဒါန်းမည်ဖြစ်ပါသဖြင့် ရဟန်းရှင်လူပြည်သူအများ ပါဝင်ကုသိုလ်ပြုနိုင်ပါကြောင်း နှိုးဆော်ထားကြောင်း သိရသည်၊၊
#ymg/tthl #Local_News #ဗိုလ်တထောင်စေတီတော် #ကဆုန်ညောင်ရေသွန်းလောင်း
#YMG #Yangon_Media_Group
#Local_News
Published-29 April 2023
ရွှေဘို-မန္တလေးလမ်း လှတောကျေးရွာ မန္တလေးအထွက်ကွေ့တွင် စပါးခွံသယ်ဆောင်လာသည့်ကုန်တင်ယာဉ်နှင့် ပခုက္ကူချောင်းပြားရွာမှ ခရီးသည်တင်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိ၍ လူ ၂ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ရွှေဘို)မှ သိရသည်။
ဧပြီလ ၂၈ ရက်ညနေ ၆နာရီဝန်းကျင်ခန့်က ရွှေဘို-မန္တလေးလမ်း လှတောကျေးရွာမန္တလေးအထွက်ကွေ့တွင် စပါးခွံသယ်ဆောင်လာသည့် ကုန်တင်ယာဉ်နှင့် ပခုက္ကူချောင်းပြားရွာမှခရီးသည်တင်ယာဉ်တို မျက်နှာချင်းဆိုင်တိုက်မိ၍ ခရီးသည်တင်ယာဉ်တွင်လိုက်ပါလာသူ ၉ ဦးအနက် ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယာဉ်မတော်တဆမှုဖြစ်စဉ်တွင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦးဖြစ်ပြီး ကျန်အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးမှာ လိုအပ်သည့် ရှေးဦးသူနာပြုကုသပေး၍ တောင်ကြားကျေးရွာနေအိမ်သို့ ဆက်သွယ်ခေါ်ယူပေးခဲ့ကြောင်း သိရသည်။
အဆိုပါခရီးသည်တင်ယာဉ်မှာ ဖားကန့်ခရီးစဉ်ပြေးဆွဲသည့်ကားဖြစ်ကြောင်းသိရသည်။
ယာဉ်မတော်တဆဖြစ်ရာနေရာသို့ လှတောရဲစခန်းတပ်ဖွဲ့ဝင်များနှင့် လှတောစေတနာပရဟိတအသင်းမှ အခင်းဖြစ်ရာနေရာသို့ ချက်ချင်းသွားရောက်ကူညီပေးခဲ့ပြီး ခရီးသွား ၁ ဦးရဲ့ ဖုန်းဆက်အကူအညီတောင်းခံချက်အရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ရွှေဘိုခရိုင်-Rescue)မှနာယကဆရာတော်ဘုရားမှ ဦးစီး၍ အရေးပေါ်လူနာတင်ယာဉ်(၂)စီးဖြင့် အခင်းဖြစ်ပွားရာသို့ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။
#ymg/pl #Local_News #ရွှေဘို-မန္တလေး #ကုန်တင်ယာဉ် #ခရီးသည်တင်ယာဉ်
#YMG #Yangon-Media-Group
#Local_News
Published_ 29 April 2023
သရုပ်ဆောင်ဦးဝင်းနိုင်(အနုပညာ)သည် ဧပြီလ(၂၉) ရက်မနက်(၆)နာရီ(၃၀)မိနစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်၊၊
ကွယ်လွန်ချိန်တွင် အသက်(၇၄)နှစ်ရှိပြီဖြစ်ပြီး ပုလဲမြို့ဆည်းဆာရိပ်ဘိုးဘွားရိပ်သာ၌ ကွယ်လွန်ခဲ့ပြီးဧပြီလ ၂၉ ရက် ညနေတွင်နေ့ချင်းသဂြိုဟ်သွားမည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးဒုဥက္ကဌ ဦးအေးကြူလေးက YMG ကို ပြောသည်၊၊
သရုပ်ဆောင်ဦးဝင်းနိုင်(အနုပညာ)သည် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်ပြီး အနုပညာရှင်များဆုံးရှုံးရ၍ ဝမ်းနည်းကြေကွဲရသည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကဦးနှင်းမိုးက ပြောသည်၊၊
#ymg/tthl #Local_News #သရုပ်ဆောင်ဦးဝင်းနိုင်(အနုပညာ) #နေ့ချင်းသဂြိုဟ်
#YMG #Yangon_Media_Group
#Local_News
Published_ 29 April 2023
ပဲခူးမြစ်ကူး၊ သန်လျင်တံတား အမှတ် (၃) တည်ဆောက်ရေးလုပ်ငန်း ၇၆ ရာခိုင်နှုန်းပြီးစီးနေပြီး ၂၀၂၄ ခုနှစ်တွင် လုပ်ငန်းများပြီးစီးရေးလျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးမျိုးသန့်သည် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်သည့် ပဲခူးမြစ်ကူး၊ သန်လျင်တံတား အမှတ် (၃) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြစ်အား စက်လှေများဖြင့် ဖြတ်သန်း၍ Cable Stay Main Tower အမှတ် (၁) ဖြစ်သော ရေလယ်တိုင် P11 ပေါ်သို့ တက်ရောက်စစ်ဆေးပြီး Main Tower အမှတ်(၂) P12 တွင် Pier Head များ ဆောင်ရွက်ပြီးစီးမှု၊ P16,P17,P18,P19 နှင့် P20 တို့တွင် လွန်းထိုးခြင်း(Launching) နည်းပညာကို အသုံးပြု၍ P.C Box Girder များ တပ်ဆင်နေမှုတို့ကို စစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ၊ ရေလမ်းကြောင်း အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းဖို့ မှာကြားပါတယ်။
ယင်းနောက် သာကေတဘက်ခြမ်းလုပ်ငန်းခွင်ရှင်းလင်းဆောင်၌ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံရေး) ဦးကျော်ကောင်းချိုက တံတားဆိုင်ရာ အချက်အလက်များ၊ တံတားကြီးပြီးစီးပါက ရရှိလာမည့်အကျိုးကျေးဇူးများ၊ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းအစီအစဉ်များ ကိုရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ်ဦးခင်မောင်ဆွေကဖြည့်စွက် ရှင်းလင်းပါတယ်။
တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးကောင်းမွန်ရေးသည် အဓိကတာဝန်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ် အင်ဂျင်နီယာများ မွေးထုတ်ပြုစုပျိုးထောင်ပေးရန်လိုကြောင်း၊ တည်ဆောက်ရေးအပိုင်းတွင် အဓိကကျသည့် ဒီဇိုင်းပညာရပ်များကိုဌာနရှိ ဝန်ထမ်းဖြင့် တိုးတက်အောင်ဆောင်ရွက်ဖို့ဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ပါတယ်။
ပဲခူးမြစ်ကူး၊ သန်လျင်တံတားအမှတ် (၃) တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၉ ခုနှစ် မေလတွင် စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး တည်ဆောက်ပြီးစီးပါက ရန်ကုန်မှ သန်လျင်သို့ အချိန်တိုအတွင်း အလွယ်တကူ ဆက်သွယ်သွားလာနိုင်ပြီး ယာဉ်ကြောပိတ်ဆို့မှုလည်း လျော့နည်း သက်သာလာမှာ ဖြစ်ပါတယ်။
#ygm_mnn #Local_News #သန်လျင်တံတား အမှတ် (၃) #၇၆ ရာခိုင်နှုန်းပြီးစီး
#YMG #Yangon_Media_Group
#Local_News
Published_ 29 April 2023
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီး waterboom မှတ်တိုင် အနီးမှာ ဧပြီလ ၂၈ ရက်နေ့ ည ၁၁ နာရီကျော်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး နေရာမှာပင်သေဆုံးခဲ့ကြောင်း သာကေတမြို့နယ် လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင် အသက် ၃၀ ၀န်းကျင်အမျိုးသား ၃ ဦး နှင့် အမျိုးသမီး၂ ဦးပါဝင်ပြီး ယာဉ်နှင့်လူညှပ်နေသည့်အတွက် ပြည်သူများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲဝင်များပူးပေါင်းကာ မိနစ် ၃၀ခန့် ကူညီကယ်ဆယ်ခဲ့ရကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရှိသူများကို မြေပြင်ကုသမှုပေးပြီးအသက်(၃၀)ဝန်းကျင်ခန့် အမျိုးသမီး-၁ဦး(သေဆုံး) နှင့် ထိခိုက်ဒါဏ်ရာရ လူနာများအား ရှုခင်းသာလူမှုကူညီရေးအသင်း၊ မဟော်သဓာလူမှုကူညီရေးအသင်း၊ သစ္စာမဏ္ဍိုင်လူမှုကူညီရေးအသင်း(မိတ်ဖက်)၊ အာရောဂျသုခလူမှုကူညီရေးအသင်း(မိတ်ဖက်)၊ Happy လူမှုကယ်ဆယ်ရေးအသင်းကားတို့ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
#ymg/ynzw #Local_News #သာတေတမြို့နယ် #ရှုခင်းသာပတ်လမ်း #အမျိုးသမီးတစ်ဦးသေဆုံး #YMG #Yangon-Media-Group
Published_ 28April 2023
နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် ဧပြီ ၂၉ရက်က နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးတက်ကောင်းမွန်လာတဲ့အခြေအနေတွေနှင့် ဆက်လက်ဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံသို့ရောက်ရှိနေတဲ့ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က ဧပြီ၂၈ ရက်က နေပြည်တော်တွင် နစက ဥက္ကဋ္ဌထံလာရောက် ဂါရဝပြုတွေ့ဆုံစဉ်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် ကဏ္ဍစုံတွင်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာမှုအခြေအနေများ၊ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြားခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြားယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံမှုများ တိုးတက်စေရေးအတွက်ရုရှားနိုင်ငံ၌ မြန်မာနိုင်ငံကောင်စစ်ဝန်ရုံးများ တည်ဆောက်လျက်ရှိမှု၊ နှစ်နိုင်ငံအကြားကူးလူးဆက်ဆံမှုများ တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများယခုထက် ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပညာ ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့နှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချူပ်မှူးကြီးနှင့် အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြည်ထောင်စုဝန်ကြီးများဖြစ်ကြတဲ့ ဒေါက်တာကံဇော်၊ ဦးကိုကိုလှိုင်၊ ဦးအောင်သော်နှင့်တာဝန်ရှိသူများနှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌနှင့်အတူ အဆိုပါကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
#ymg/knl
#ရုရှား-မြန်မာချစ်ကြည်ရေးအသင်း
#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#မြန်မာ-ရုရှားဆက်ဆံရေး
Page 937 of 1839