#Local_News
Published 20 August 2025
▪️ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးစီးသည့်သူများအတွက် Polytechnic ကျောင်းများဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားခဲ့သည်။
▪️ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများနှင့် ယမန်နေ့နံနက်ပိုင်းက မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ရှိ ဦးဩဘာသခန်းမ၌ တွေ့ဆုံ၍ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက တင်ပြချက်များကို ပြန်လည်ဆွေးနွေးဖြေကြားရာတွင် တက္ကသိုလ်ကောလိပ်များကို ဖွင့်လှစ်ရန်အတွက် ခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၏ တန်းစဉ်ကူးပြောင်းမှုများကို တွက်ချက်ကြည့်ရန်လိုကြောင်း၊ မင်းဘူးဒေသတွင် တန်းစဉ်ကူးပြောင်းမှုမှာ လျော့နည်းလျက်ရှိသည်ကိုတွေ့ရကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးစီးသည့်သူများအတွက် Polytechnic ကျောင်းများဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကျောင်းများတွင် တက်ရောက်ကြသူများ နည်းပါးသည်ကိုတွေ့ရကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအားလုံး၌ အဆင့်မြင့် ပညာကျောင်းများ ဖွင့်လှစ်ရန်ရည်ရွယ်ချက်ရှိပြီးဖြစ်ကြောင်း၊ အချို့တက္ကသိုလ်နှင့် ကောလိပ်များ၌ ကျောင်းတက်ရောက်သူများ နည်းပါးလျက်ရှိသည်ကို တွေ့ရကြောင်း၊ Polytechnic တက္ကသိုလ်များကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ကွန်ပျူတာ၊ နည်းပညာနှင့် အခြားသင်ကြား၍ရသည့် ပညာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
#YMG/SW #Yangon_Times
#Local_News
Published 20 August 2025
▪️ ပြည်တွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာသည့် ဗီယက်နမ်နိုင်ငံသား ၁၃ ဦးကိုသက်ဆိုင်ရာနိုင်ငံသို့ထပ်မံပြည်နှင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park) နှင့် ကျောက်ခတ်နယ်မြေတို့တွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ဗီယက်နမ်နိုင်ငံသား ၁၃ ဦးအား မြန်မာ-ထိုင်း အမှတ် (၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ယမန်နေ့ကထပ်မံလွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။
▪️ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့်တွေ့ဆုံ၍ ပြည်ပနိုင်ငံသားများအား ပြည်နှင်လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု၊ စာရင်းဇယား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး
ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ First Secretary Mr. Hoang Minh Hai နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေး ဆိုင်ရာအထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
▪️ ဇန်နဝါရီ ၃၀ ရက်မှ ဩဂုတ် ၁၉ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၃၃၁ ဦး စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့ အနက်မှ ၉၁၁၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၂၀ ကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ထားရှိကြောင်းသိရသည်။
▪️ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 20 August 2025
▪️ ကမ္ဘောဇသာဒီနန်းတော်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
▪️ အဆိုပါ ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော်ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်း ခွင် သို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ပဲခူးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယမာန်နေ့မနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
▪️ ထိုသို့စစ်ဆေးစဉ် ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော် လက်ဝဲဝင်းဆောင်၊ ဘမယာသနပလ္လင်ဆောင်၊ လက်ယာဝင်းဆောင်တို့၏ အမိုးရေလုံဆေးသုတ်ခြင်း၊ ရွှေဆေးသုတ်ခြင်းနှင့် မြန်မာမှုပန်းကနုတ်များ နှစ်ကာလကြာမြင့်မှုကြောင့် ပျက်စီးလာခြင်းကို မူလလက်ရာ မပျက်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံဖြစ်၍ အရည်အသွေးပြည့်မီပြီး လက်ရာသေသပ်ကောင်းမွန်စေရေး စေတနာထားဆောင်ရွက်ရန် မှာကြားခဲ့ ကြောင်းသိရသည်။
▪️ ထို့အပြင် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး (လမ်း ဟောင်း) Max Highway ကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော (ရန်ကုန်-ပဲခူးလမ်းပိုင်း) လမ်းလယ်ကျွန်းများ လှပသန့်ရှင်းအောင် ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးခဲ့သည့်အပြင် ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော လမ်းပိုင်းများ၊ တံတားများပြုပြင် ဆောင်ရွက်နေမှု၊ တံတားအတက်၊ အဆင်းဆင်ခြေလျှော ပြေပြစ်စေ ရေးဆောင်ရွက်နေမှု၊ ရန်ကုန်-မန္တလေးအမြန်လမ်း လမ်းနယ်အတွင်း ကုက္ကိုပင်၊ အမြဲစိမ်းပင်များနှင့် လေကာပင်များ ထပ်မံစိုက်ပျိုးနေမှုတို့ကို ကြည့်ရှုစစ်ဆေး ပြီး လမ်းဘေးဘယ်၊ ညာရှိ မိုင်တိုင် ပြအမှတ်အသား ကျောက်တိုင်များ မြင်သာအောင်ဆေးသုတ်ရန်နှင့် တိုးဂိတ်ပတ်ဝန်းကျင် သန့်ရှင်းမှု ရှိစေရေးဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 20 August 2025
▪️ မြန်မာနိုင်ငံ၌သာ ကျက်စားသည့် ဒေသရင်းငှက်မျိုးစိတ်(၉) မျိုးဖြင့် ထုတ်ဝေခဲ့ပြီးသော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်း စုဆောင်းသူ ဝါသနာရှင်များ တစ်စုတစ်စည်းတည်း စုဆောင်းနိုင်ကြရန်ရည်ရွယ်၍Block of Stamp စာပို့ တံဆိပ်ခေါင်းသစ်ကို ယနေ့တွင် စာတိုက်ကြီးများ၌ စတင်ရောင်းချပေးနေပြီဖြစ်ကြောင်းပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။
▪️ အဆိုပါ တံဆိပ်ခေါင်းကို ဩဂုတ်လ(၂၀) ရက်၊ယနေ့ မနက် (၉) နာရီခွဲ အချိန်မှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး / ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်လည်း ဖြစ်သည်။
▪️ ထို့အပြင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ယင်းနေ့တွင် ဝယ်ယူသူများအတွက် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတို က်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 19 August 2025
▪️ လေးရက်အတွင်းသန်းပေါင်း၄၄၀ကျော်တန်ဖိုးရှိ
တရားမဝင် ငါးဖမ်းစက်လှေများ၊ သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင် ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
▪️ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၄ ရက်တွင် နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၃ ဒသမ ၅၉၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၅၉,၉၀၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
▪️ ထို့အပြင် သြဂုတ် ၁၅ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်တို့အတွင်း၌ တရားမဝင် အခြားသစ် ၁ ဒသမ ၈၂၈ တန်၊ မီးသွေး ၇ ဒသမ ၃၆၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၄၂၆၄ ကို သစ်တောဥပဒေအရလည်းကောင်း၊ ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်းခရိုင်တို့အတွင်း၌ တရားမဝင်ငါးဖမ်းရာတွင်အသုံးပြုသည့် သစ်သားကိုယ်ထည် စက်လှေရှစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၃၇၀,၅၀၀)ကို မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၉၀၄,၇၆၄ ကို ဖမ်းဆီးအရေးယူဆောင်ရွက် ခဲ့ ကြောင်းသိရသည်။
▪️ ၎င်းအပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖျာပုံခရိုင်အတွင်း၌ တရားမဝင် အခြားသစ် ၁ ဒသမ ၅၄၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၅၄၂၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
▪️ သြဂုတ် ၁၆ ရက်တွင်လည်း မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျောက်ဆည်မြို့အကျော် ရေဝန်းကျေးရွာအနီး၌ လားရှိုးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၂ မျိုး၊ စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈၉၆၂၆၅၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် Nissan Diesel Truck တစ်စီး၊ Genlvon Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၆၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ တံတားဦးမြို့နယ် ကူးတို့ဆိပ်ကျေးရွာနှင့် ပုဏ္ဏားခြံကျေးရွာအနီး၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၃၇ ပီပါ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၄၅၀၂၁၁)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၁၄၁၂၈၆၁ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
▪️ ယင်းအပြင် သြဂုတ် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၈၅၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ တောင်ငူခရိုင်နှင့် နတ်တလင်းခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၈၄၇ တန်၊ သစ်မာ ၂ ဒသမ ၅၁၇ တန်၊ အခြားသစ် ၁ ဒသမ ၂၄၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၄၄၆၁၅) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၆၉၄၆၁၅ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
▪️ သြဂုတ် ၁၇ ရက်တွင်လည်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ်ကိုးစီးနှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် ၂၆ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
▪️ ထို့ကြောင့် သြဂုတ် ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၄ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၀,၃၈၇,၅၇၂)ကို ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
၁၉ ဩဂုတ် ၂၀၂၅
မြန်မာနိုင်ငံတွင် အနှစ်၂၀ အတွင်း သစ်တောဖုံးလွှမ်းမှု ၇ ရာခိုင်နှုန်းလျော့နည်းသွားတယ်လို့ သိရပါ တယ်။
ယင်းသို့လျော့နည်းသွားကြောင်းကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်( နလအ ကော်မရှင်) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအလယ်ပိုင်း မင်းဘူးမြို့မှာ ဩဂုတ်၁၉ ရက်က ကျင်းပတဲ့ အပူပိုင်းဒေသ (၁၃)ခရိုင်စိမ်းလန်းစိုပြေရေး၊ ၂ဝ၂၅ ခုနှစ် နိုင်ငံတော်အဆင့် ဒုတိယအကြိမ်လူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
“၂၀၀၅ ခုနှစ်က သစ်တောဖုံးလွှမ်းမှုအနေဖြင့် ၄၉ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုအခါ ၄၂ ဒသမ ၁၉ ရာခိုင် နှုန်းသာရှိတော့သည့်အတွက် ၇ ရာခိုင်နှုန်းခန့် လျော့နည်းသွားသည်ကိုတွေ့ရှိရပါတယ်။ သစ်တော ဖုံးလွှမ်းမှုကို ၅၀ ရာခိုင်နှုန်းခန့်တိုးတက်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြေရေးအတွက် ၂၀၂၅ - ၂၀၂၆မှ ၂၀၂၉-၂၀၃၀ အထိ ၅ နှစ်စီမံကိန်း တွင် ပျိုးပင်များထပ်မံတိုးချဲ့စိုက်ပျိုးသွားရန် စီမံဆောင်ရွက်ထားရှိပြီး ယင်းတို့ကို အောင်မြင်အောင် စိုက်ပျိုးဆောင်ရွက်သွားမည်ဆိုပါက ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက်များစွာအကျိုးဖြစ်ထွန်းစေ ကာရာသီဥတုဖောက်ပြန်မှုများကိုလည်း လျော့ပါးလာစေမည်ဖြစ်ကြောင်းလည်း နလအ ကော်မရှင် ဥက္ကဋ္ဌက ဆက်လက်ပြောဆိုပါတယ်။
ယခင်နှစ်က မင်းဘူးမြို့သည် ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့ စာရင်းတွင် ပါဝင်ခဲ့ပြီး ယင်းဒေသတွင် ရာသီဥတု ပူပြင်းသည့်ဒဏ်များမခံစားရစေရန် အကောင်းဆုံးလုပ်ရပ်အဖြစ် သစ်ပင်စိုက်ပျိုးခြင်းများကိုဆောင်ရွက် ပေးတာဖြစ်တယ်လို့သိရပါတယ်။
သစ်ပင်စိုက်ပျိုးပွဲတွင် တမာ၊ ဖျောက်ဆိပ်၊ ပိတောက်၊ ယင်းမာ၊မဲဇလီ၊ စိန်ပန်းကြီး၊ ထုံးပေါက် စသည့် သစ်မျိုး ၆ မျိုး၊ ပျိုးပင်ပေါင်း ၁၀၀၀ ပင်ကိုလူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။
#ymg/knl
၁၉ ဩဂုတ် ၂၀၂၅
KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ယာယီထိန်းချုပ်ထားသည့် ကယား ပြည်နယ်၊ ဒီးမော့ဆိုမြို့ အား တပ်မတော်က ယနေ့ဩဂုတ် ၁၉ ရက်တွင် အပြည့်အဝ ပြန်လည် ထိန်းချုပ် နိုင်ပြီလို့ အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
ဒီးမော့ဆို မြို့ပြန်လည်ထိန်းချုပ်ရေး တပ်မတော်ရဲ့စစ်ဆင်ရေးကာလ (၁၆)ရက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ်(၂၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူထံမှ အလောင်း(၆)လောင်းနှင့် လက်နက်မျိုးစုံ(၅)လက် သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံး၊ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများသည် ဒီးမော့ဆိုမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ကျေးရွာသူ၊ ကျေးရွာသားများအသွင်ဖြင့် စိမ့်ဝင်ပုံဖျက် ဝင်ရောက်နေရာယူခဲ့ကြောင်းသိရပါတယ်။
တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်တဲ့ အဆိုပါ ဒီးမော့ဆိုမြို့တွင် လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့်နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း အဆိုပါသတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။
တပ်မတော်စစ်ကြောင်းများက လွိုင်ကော်မြို့ နှင့် ဒီးမော့ဆိုမြို့တို့အား ဆက်သွယ်ထားသည့် လမ်း ကြောင်းအား အပြီးတိုင်ဆက်လက်ရှင်းလင်းပေးခြင်းဖြင့် လွိုင်ကော်၊ ဒီးမော့ဆို ဆက်သွယ်ရေး လမ်းမ ကြီးအား မကြာမီအချိန်တွင်ပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိတယ်လို့လည်း သတင်းထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။
တပ်မတော်က “ရန်နိုင်မင်း” စစ်ဆင်ရေးဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်/ပိတ်ဆို့ထားသည့် မြို့/ရွာများ၊ ဆက်သွယ်ရေးလမ်းကြောင်းများအား အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ပြီး ဒီးမော့ဆိုမြို့ကို ပြန်လည်ထိန်းချုပ် နိုင်ခဲ့တာဖြစ်ပါတယ်။
ရန်နိုင်မင်း” စစ်ဆင်ရေးဖြင့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ မေ ၁၅ ရက်နေ့တွင် ဆီဆိုင်မြို့အားပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဟိုပုံး-ဆီဆိုင်-လွိုင်ကော် လမ်းကြောင်းအား မေလ ၂၉ရက်နေ့တွင်လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့တွင် မိုးဗြဲမြို့အားပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ပင်လောင်း-ဆောင်းပြောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းကြောင်းအား ဇူလိုင် ၁၁ ရက်နေ့တွင်လည်း ကောင်း၊ ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းဒေသတစ်ခုလုံးအား ဇူလိုင် ၃၁ ရက်နေ့တွင်လည်းကောင်း ပြန်လည် ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်းသိရှိရပါတယ်။
#ymg/knl
Page 60 of 2149