#Local_News
Published 24 August 2026

■ လှော်ကားရေလှောင်ကန်ဝင်းအတွင်း လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် ယနေ့ ဩဂုတ် ၂၄ ရက်တွင် ရန်ကုန်မြို့နယ် ၁၆ ခု၌ ရေပေးဝေမှု ယာယီပြတ်တောက်ခြင်းနှင့် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

■ အဆိုပါလုပ်ငန်းကို နံနက် ၉ နာရီမှ နေ့လယ် ၁ နာရီအထိ လေးနာရီခန့် ဆောင်ရွက်မည်ဖြစ်ပြီး လှော်ကားရေလှောင်ကန်ဝင်းအတွင်းရှိ ၃၃ ကေဗွီ လှော်ကား–ရွာမ BA-BB ဓာတ်အားလိုင်း တာဝါတိုင်များပေါ်တွင် တွယ်ကပ်ပေါက်ရောက်နေသည့် နွယ်ပင်များကို ခုတ်ထွင်ရှင်းလင်းသွားမည်ဖြစ်သည်။

■ ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အား ခေတ္တဖြတ်တောက်ရမည်ဖြစ်သဖြင့် ယင်းကာလအတွင်း လှော်ကားရေတွန်းစက်ကြီးများကိုလည်း ယာယီရပ်နားထားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က အသိပေးထားသည်။

■ ရေပေးဝေမှု ယာယီထိခိုက်နိုင်သည့် မြို့နယ်များမှာ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ လှိုင်၊ လှိုင်သာယာ (စက်မှုဇုန်)၊ အင်းစိန်၊ ကမာရွတ်၊ ဗဟန်း၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်၊ လသာ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်နှင့် ဗိုလ်တထောင်မြို့နယ်တို့ ဖြစ်သည်။

■ အဆိုပါမြို့နယ်များတွင် လုပ်ငန်းဆောင်ရွက်နေသည့်အချိန်အတွင်း ရေပြတ်တောက်ခြင်း သို့မဟုတ် ရေအားကျဆင်းခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ပြည်သူများအနေဖြင့် နေ့စဉ်အသုံးပြုရန် လိုအပ်သည့်ရေများကို ကြိုတင်စုဆောင်းထားကြရန် YCDC က အသိပေးနှိုးဆော်ထားသည်။

#YMG/SW #Yangon_Times