Published 3 May 2023
အကျဉ်းထောင်အသီးသီးတွင်သေဒဏ်ချမှတ်ခြင်းခံထားရသော အကျဉ်းသား/သူ (၃၈) ဦးကို သေဒဏ်ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြု၍ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံစေလိုက်တယ်လို့ နစက,က ယနေ့ မေလ(၃)ရက်နေ့မှာ အမိန့်ထုတ်ပြန်ပါတယ်။
မေလ(၃)ရက်ရက်စွဲဖြင့်ထုတ်ပြန်တဲ့ အမိန့်အမှတ် ၃၂ / ၂၀၂၃မှာ” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် အကျဉ်းထောင်အသီးသီးတွင်သေဒဏ်ချမှတ်ခြင်းခံထားရသော အကျဉ်းသား/သူ (၃၈) ဦးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ ချမှတ်ထားသည့် သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု၍ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံစေလိုက်သည်” လို့ဖော်ပြပါရှိပါတယ်။
-ymg/knl
#YangonMediaGroup
#သေဒဏ်ကိုတစ်သက်တစ်ကျွန်းပြောင်းလဲ
#မြန်မာ့နိုင်ငံရေး
#Local_News
Published_ 3 May 2023
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော်ရင်ပြင်၌ မေလ(၃)ရက်တွင် ကျင်းပခဲ့သည်။
နံနက် (၅:၃၀)နာရီအချိန်တွင် ရင်ပြင်တော်တောင်ဘက် ဧည့်ခံတန်ဆောင်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် အရုဏ်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ခြင်း၊ ရွှေတိဂုံ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်သည်ဟုဆိုသည်၊၊
နံနက်(၇)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များနှင့် ဝန်ထမ်းများက ညောင်ရေအိုးများကိုင်ဆောင်လျက် ဗြဟ္မာ၊ သိကြား၊ နတ်၊ နဂါး၊ ဂဠုန်၊ နရီစည်တော် အဆောင်အယောင်များဖြင့် စေတီတော်ကြီးအား လက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ကြပြီး အခမ်းအနားကျင်းပမည့် ရင်ပြင်တော်အင်္ဂါထောင့် ဗောဓိညောင်ပင်သို့ ဝင်ရောက်နေရာယူကြကြောင်း၊
ထို့နောက် ပရိဘောဂစေတီဖြစ်တော်မူသော ဗောဓိညောင်ပင်အား ဩဝါဒါစရိယဆရာတော်ကြီးများက ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူကြကြောင်း၊ ဆက်လက်၍ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီးဥပါသကာတစ်ဦးက ကုသိုလ်တော်အတူပြုရန် နတ်၊ ဗြဟ္မာများအား ဖိတ်ကြားခြင်းဆောင်ရွက်ခဲ့သည်။ အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးထိန်ဝင်းက ဗောဓိရုက္ခဥဒကပူဇာမင်္ဂလာ စာတမ်းလွှာကို ဖတ်ကြားလျှောက်ထား၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ သ.အ.စ ဓမ္မာစရိယ ပါဠိပါရဂူ ဘဒ္ဒန္တသိရိန္ဒာဘိဝံသထံမှ နဝင်္ဂသီလခံယူဆောက်တည်ကြပြီး ဩဝါဒါစရိယဆရာတော်ကြီးများအားရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဝိနယ+ဒီဃနိကာယပါဠိပါရဂူ၊ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ နာဂိတထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကြကြောင်းသိရသည်၊၊
ယင်းနောက် ဩဝါဒါစရိယဆရာတော်ကြီးများ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက ဗောဓိညောင်ပင်အား ရေစင်သွန်းလောင်းပူဇော်ကြသည်။
အခမ်းအနားဒုတိယပိုင်းကိုဆက်လက် ကျင်းပရာတွင် ဗောဓိညောင်ပင်၏အရပ်လေးမျက်နှာ၌ ဗြဟ္မာ၊ သိကြား၊ နတ်၊ နဂါး၊ ဂဠုန် အဆောင်အယောင်များဖြင့် နေရာယူလျက် ဇယော ဟိ ဗုဒ္ဓဿ ဂါထာရွတ်ဆို၍ အစဉ်အတိုင်းရေသွန်းလောင်းပူဇော်ခြင်း၊ အရံယောဂီများက ဗောဓိညောင်နန်း အစချီသော ရှစ်လုံးဘွဲ့ကဗျာရွတ်ဆို၍ ညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ ဧည့်ပရိတ်အပေါင်းက ဇယန္တောအစချီသည့် ဆုတောင်းပတ္တနာ(၆)ဂါထာနှင့် သွန်းကြ သွန်းကြ အစချီသည့် ဂါထာများကို ရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ကြသည်။ ထို့နောက် ကုသိုလ်တော်အတူပြုရန် ပင့်ဖိတ်ထားသည့် နတ်ဗြဟ္မာများအား ဂါထာပါး၍ ပြန်လည်ပို့ဆောင်ပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း၊
အခမ်းအနားပြီးနောက် ရင်ပြင်တော် အရပ်မျက်နှာအသီးသီးရှိ ဗောဓိညောင်ပင်(၅)ပင်တွင်အများပြည်သူတို့ ညောင်ရေသွန်းလောင်းပူဇော်နိုင်ရန်အတွက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ စီမံမှုဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက တစ်နေ့တာ ကုသိုလ်ယူဆောင်ရွက်ပေးခဲ့ကြောင်း ဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်၊၊
#ymg/tthl #Local_News #ရွှေတိဂုံစေတီတော် #ကဆုန်လပြည့် #ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ #YMG #Yangon_Media_Group
Published 3 May 2023
တရုတ်-မြန်မာနယ်စပ်ဒေသတည်ငြိမ်ရေးထိန်းသိမ်းရန်နှင့် နိုင်ငံအကြားချစ်ကြည်စွာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ကြိုးပမ်းအားထုတ်ကြဖို့ တရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်းကန်ဟာ မေလ၂ ရက်နေ့ အင်္ဂါနေ့က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်က တရုတ်-မြန်မာနယ်စပ်ကို သွားရောက်စစ်ဆေးစဉ်တိုက်တွန်းပြောကြားခဲ့တယ်လို့ တရုတ်CCTVသတင်းဌာနကသတင်းထုတ်ပြန်ပါတယ်။
ယူနန်ဟာ မြန်မာနှင့်ဆက်စပ်တဲ့ အရေးကိစ္စတွေမှာ ထိပ်တန်းရှေ့ဆုံးမှာတည်ရှိတဲ့အတွက် တရုတ်-မြန်မာ ဆက်ဆံရေး တိုးတက်ရေးမှာ အတုမရှိတဲ့ အခန်းကဏ္ဍကနေပါဝင်ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း မစ္စတာချင်းက ပြောပါတယ်။
နယ်စပ်မျဉ်းရှင်းရှင်းလင်းလင်းရှိစေဖို့နှင့် နယ်စပ်ဒေသတည်ငြိမ်ရေးထိန်းသိမ်းဖို့ ကြိုးပမ်းအားထုတ်ကြဖို့လည်း သူက ပြောပါတယ်။ ပြီးတော့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေကိုလည်း တင်းကြပ်စွာကိုင်တွယ်ဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်၊
ရှေ့တန်းစီမံခန့်ခွဲရေး၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနှင့် နှစ်နိုင်ငံဆက်ဆံရေးမှာ နှစ်ဖက် ညှိနှိုင်းဆောင်ရွက်ဖို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။ အီဲဒအပြင် ပုံမှန်နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးတိုးမြှင့်ရေး၊ ပြည်သူအချင်းချင်းကူးလူးဆက်ဆံရေး၊ ဝင်ပေါက်ဂိတ်တွေကို ဖွင့်နိုင်သမျှများများဖွင့်နိုင်ရေး အရေးကြီးတယ်လို့လည်း သူက အလေးပေးပြောဆိုပါတယ်။ နယ်စပ်ဖြတ်ကျော် စီးပွာရေးပူးပေါင်းဆောင်ရွက်မှုဇုံတည်ဆောက်မှုနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြ တိုးတက်မှုရှိစေရေးလည်း သူက တိုက်တွန်းခဲ့ပါတယ်။
နိုင်ငံခြားရေးရာကိစ္စမှာ ယူနန်အနေနှင့် နိုင်ငံတော်အခွဲအဆင့်အကျိုးရှိစွာ ကိုင်တွယ်ဆောင်ရွက်ဖို့နှင့် နယ်စပ်ဒေသတစ်လျောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးနှင့် တရုတ်မြန်မာ ချစ်ကြည်ရေး အလုံးစုံအနေအထားကို ထိန်းသိမ်းမြှင့်တင်ဖို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တယ်လို့သိရှိရပါတယ်။
#ymg/knl
#တရုတ်နိုင်ငံခြားရေးဝန်ကြီးတရုတ်-မြန်မာနယ်စပ်သွားရောက်
#တရုတ်-မြန်မာဆက်ဆံရေး
#တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီးQin Gan
#Local_News
Published_ 3 May 2023
မြန်မာနိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်းပိုးဖြစ်သည့် XBB.1.16ပိုးသစ်အပါအဝင်အခြားအိုမီခရွန်ဗီဇပြောင်းပိုးတွေကိုတွေ့ရှိရကြောင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်၊၊
XBB.1.16 (၈)ဦးအနက် (၁)ဦးမှာ ပြည်ပမှမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ကျန်(၇)ဦးမှာ ပြည်တွင်းကူးစက်မှုများမှတွေ့ရှိရခြင်းဖြစ်သည် ဟုဆိုသည်၊၊
ထုတ်ပြန်ချက်တွင် ကျန်းမာရေးဝန်ကြီးဌာနသည် "ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း”များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသိုဝင်ရောက် လာသူများနှင့် ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသော ဓာတ်ခွဲအတည်ပြုလူနာများထံမှ ဓာတ်ခွဲနမူနာများ ရယူ၍ ဓာတ်ခွဲစစ်ဆေးလျက်ရှိပြီး Omicron (အိုမီခရွန်)အပါအဝင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန် ပေးလျက်ရှိကြောင်း၊
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ်ဓာတ်ခွဲနမူနာ(၂၂)ခုအား ဆေးသုတေသနဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ (၂၉- ၄- ၂၀၂၃)ရက်နေ့တွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB.1.9.1 ကို ဓာတ်ခွဲနမူနာ(၈)ခုတွင်လည်းကောင်း၊ XBB.1.16 ကို ဓာတ်ခွဲနမူနာ(၈)ခုတွင်လည်းကောင်း၊ XBB.2.3 ကို ဓာတ်ခွဲနမူနာ(၂)ခုတွင်လည်းကောင်း၊ XBB.1.9.2 ကို ဓာတ်ခွဲနမူနာ(၁)ခုတွင်လည်းကောင်း၊ XBB.1.5 ကို ဓာတ်ခွဲနမူနာ(၁)ခုတွင်လည်းကောင်း၊ XBB.1 ကို ဓာတ်ခွဲနမူနာ(၁)ခုတွင်လည်းကောင်း၊ BA.2.75 ကို ဓာတ်ခွဲနမူနာ(၁)ခုတွင်လည်းကောင်း အသီးသီးတွေ့ရှိရပါသည်။ အဆိုပါလူနာများအား ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြုခဲ့စဉ်ကပင် သတ်မှတ်ရက်အတိုင်း စနစ်တကျသီးခြားထားရှိကုသမှုပေးခဲ့ပြီး ကျန်းမာရေးအခြေအနေများမှာ ကောင်းမွန်လျက်ရှိကြောင်း၊
Omicron(အိုမီခရွန်) မျိုးရိုးဗီဇပြောင်း XBB.1.16(Arcturus) ရောဂါပိုးကူးစက်ဖြစ်ပွားမှုကို (၂၀၂၃)ခုနှစ်၊ ဇန်နဝါရီလတွင် အိန္ဒိယနိုင်ငံ၌ စတင်၍တွေ့ရှိခဲ့ရပြီး မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း(၃၇)နိုင်ငံတွင် ကူးစက်မှုများရှိကြောင်း သိရှိရပါသည်။ ယခုမြန်မာနိုင်ငံတွင်တွေ့ရှိရသော XBB.1.16 (၈)ဦးအနက် (၁)ဦးမှာ ပြည်ပမှမြန်မာနိုင်ငံသို ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ကျန်(၇)ဦးမှာ ပြည်တွင်းကူးစက်မှုများမှတွေ့ရှိရခြင်းဖြစ်ကြောင်း၊ ယခုတွေ့ရှိရသည့် မျိုးရိုးဗီဇပြောင်းရောဂါပိုးများဖြစ်သည့် XBB.1I XBB.1.5၊ XBB.1.9.1၊ XBB.1.9.21 XBB.2.31 BA.2.75 တိုမှာလည်း ကမ္ဘာ့နိုင်ငံများတွင် ယခင်ကပင် ကူးစက်ပြန့်ပွားလျက်ရှိသော မျိုးရိုးဗီဇပြောင်းရောဂါပိုးများဖြစ်ကြောင်း ဖော်ပြထားသည်၊၊
#ymg/tthl #Local_News #XBB.1.16 ပိုးသစ် #အိုမီခရွန်ဗီဇ
#Yangon_Media_Group
#Local_News
Published _3 May 2023
အကျဉ်းကျခံနေရသော ရန်ကုန်စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦး အင်းစိန်ဆေးရုံကြီးတွင် ကုသနေစဉ် ယနေ့ မေလ ၃ ရက် နံနက်က ကွယ်လွန်သွားကြောင်း သိရသည်။
အင်းစိန်ဗဟိုအကျဥ်းထောင်၌ကျခံနေရစဉ်ကျန်းမာရေးမကောင်းသောကြောင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသနေစဉ်ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။
ဦးအောင်သန်းဦးသည် ရန်ကုန်တိုင်းအတွင်းရှိ မြေ ကွက်ချထားပေးမှုများတွင် အဂတိလိုက်စားမှုများရှိသည် ဟုဆို ကာ ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ယင်းနောက် အဂတိလိုက်စားမှုများဖြင့်တရားစွဲခံရကာ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်တွင် ထောင်ဒဏ်နှစ်၂၀ ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
#ymg/pl #Local_News #ရန်ကုန်စီးပွားရေးရာဝန်ကြီးဟောင်း # ဦးအောင်သန်းဦး
#YMG #Yangon_Media_Group
#Local_News
Published _3 May 2023
မဲဆောက်တွင် မြန်မာနိုင်ငံသား၂ ဦး ကို သေနတ် ၂ လက်နှင့်အတူ မေလ ၁ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မဲဆောက်-အုံးဖျန် ကားလမ်းမပေါ် အရှိန်ပြင်းစွာမောင်းနှင်လာသည့်ဆိုင်ကယ်ကို ရဲတပ်ဖွဲ့က မသင်္ကာ၍ တားဆီးစစ်ဆေးစဉ် ဓါတ်မြေဩဇာအိပ်ဖြင့် ပတ်ထားသော AK-47 မောင်းပြန်ရိုင်ဖယ် ၁ လက်၊ အမျိုးအမည်စိစစ်ဆဲ သေနတ် အရှည် ၁ လက်တို့ကို တွေ့ရှိ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါအဆိုပါ ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၂ ဦးကို မဲဆောက်မြို့နယ်ရဲစခန်းတွင် တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။
#ymg/pl #Local_News #မဲဆောက် #သေနတ်များဖြင့်
ဖမ်းမိ #YMG #Yangon_Media_Group
Published 3 May 2023
ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၂၁၅၃ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ နစက,က အမိန့်ထုတ်ပြန်ကြေညာပါတယ်။
နစကရဲ့ အမိန့်အမှတ် ၃၁/၂၀၂၃ အရ အကျဉ်းထောင်/အချုပ်ထောင်/စခန်း အသီးသီးတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၂၁၅၃ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ပုဒ်မခွဲ (၁) အရ “ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့်ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာဖြစ်တယ်လို့ အဆိုပါအမိန့်မှာဖော်ပြထားပါတယ်။
နစက ဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ယခုလို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့လည်းသိရှိရပါတယ်။
ymg/knl
#နစကပြစ်ဒဏ်လွတ်ငြိမ်းခွင့်
#၅၀၅-ကများပြစ်ဒဏ်လွတ်ငြိမ်း
#YangonMediaGroup
Page 982 of 1899