#Local_News
Published_ 1 May 2023
ကမ္ဘောဒီးယားနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့၃၂ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)မှာမြန်မာU22ဘောလုံးအသင်းရဲ့အုပ်စုပွဲစဉ်တွေကိုတိုက်ရိုက်ပြသသွားမယ်လို့သိရသည်။
မြန်မာU22ဘောလုံးအသင်းအုပ်စုပွဲစဉ်တွေကိုမြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရဲ့ရုပ်သံလိုင်းတွေဖြစ်တဲ့MRTV HD နဲ့MRTV Sports ရုပ်သံလိုင်းတွေမှာတိုက်ရိုက်ပြသသွားမည်ဖြစ်သည်။
မြန်မာU22ဘောလုံးအသင်းဟာအရှေ့တီမောအသင်း၊အင်ဒိုနီးရှားအသင်း၊အိမ်ရှင်ကမ္ဘောဒီးယားအသင်းနှင့်ဖိလစ်ပိုင်အသင်းတို့နှင့်တစ်အုပ်စုတည်းယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရုပ်သံတိုက်ရိုက်ထုတ်လွင့်ပြသမှုအနေဖြင့်မေလ၂ရက်နေ့ညနေလေးနာရီတွင်အရှေ့တီမောအသင်း၊မေလ၄ရက်နေ့ညနေလေးနာရီတွင်အင်ဒိုနီးရှားအသင်း၊မေလ၇ရက်နေ့ညနေခုနှစ်နာရီတွင်ကမ္ဘောဒီယားအသင်းနှင့်မေလ၁၀ရက်နေ့ညနေလေးနာရီတွင်ဖိလစ်ပိုင်အသင်းတို့နှင့်ယှဉ်ပြိုင်ကစားကြပုံများကိုထုတ်လွှင့်သွားမည်ဖြစ်သည်။
မြန်မာU22ဘောလုံးအသင်းမှာအသင်းသား၂၀ပါဝင်ပြီးတော့နာမည်ကျော်တိုက်စစ်မှုးဟိန်းထက်အောင်၊ချစ်အေး၊အောင်သီဟ၊စွမ်းထက်နှင့်ဥက္ကာနိုင်တို့ပါဝင်တဲ့အပြင်ရတနာပုံကလပ်ဂိုးသမားပြည့်ဖြိုးသူနဲ့ဧရာဝတီကလပ်ဂိုးသမားဟိန်းထက်စိုးတို့ကပါဝင်ယှဉ်ပြိုင်သွားမည်ဟုသိရသည်။
ကမ္ဘာဒီးယားနိုင်ငံတွင် မေလ ၆ ရက် မှ ၁၇ ရက်အထိ ကျင်းပမည့် ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)မှာ မြန်မာနိုင်ငံမှအုပ်ချုပ်ရေးအဖွဲ့ ၅၆ ဦး၊ အုပ်ချုပ်နည်းပြအဖွဲဝင် ၁၀၄ ဦး၊ အမျိုးသားအားကစားသမား ၁၉၈ ဦး၊ အမျိုးသမီး အားကစားသမား ၁၄၃ ဦးစုစုပေါင်း ၅၀၁ ဦးက အားကစားနည်း ၂၁ နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ymg/ppk
#YMG #Yangon_Media_Group
#Local_News
Published_ 1 May 2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် အမျိုးသမီးတစ်ဦး စက်ရုံမှအပြန် ကားလမ်းဖြတ်ကူးစဉ် YBS ကားက ဝင်တိုက်၊ တက်ကြိတ်မိပြီး ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် အခင်းဖြစ်ရာနေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့က သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ၃၀ရက်ညနေ ၅နာရီအချိန်ခန့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အမှတ်၃လမ်းမကြီး၊ ပုလဲလမ်းဆုံအနီး လမ်းဖြတ်ကူးစဉ်မီးပွိုင့်ကွေ့ကြော ကားလမ်းအလယ်တွင် ရပ်နေရာ တစ်ဖက်ကွေ့ကြောမှ မီးပွိုင့်ဖြတ်လာသော YBS ၉၂မီနီဘတ်စ်က လမ်းဖြတ်ကူးသူအမျိုးသမီးအား ဝင်တိုက်မိကာ ဦးခေါင်းကိုတက်ကြိတ်မိ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။
"စက်ရုံကအပြန် ၃ယောက် လမ်းဖြတ်ကူးတာမှာ ၁ ယောက်က ကျန်ခဲ့တာ
လမ်းလေးခွဆုံတာမီးပွိုင့်ဖြစ်တာ ကြောင့် တစ်ဖက်ကွေ့ကြောကမီးပွိုင့်ဖြတ်လာတဲ့လိုင်းကားက ရပ်ထားတဲ့လိုင်းကားကိုကျော်တက်မောင်းတာမှာရပ်နေတဲ့ အမျိုးသမီးကို တိုက် မိတာလို့ မျက် မြင်တွေ့ရှိသူတွေရဲ့ ပြောကြားချက်အရသိရတယ်"ဟု ပုလဲအရန် မီးသတ်တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။
သေဆုံးသူအမျိုးသမီးမှာ မုံရွာဇာတိဖြစ်ပြီး အသက်၂၀ ကျော်အရွယ်ခန့်ကာ မဂ်လာဒုံမြို့နယ်တွင် သူမ၏အဒေါ်နှင့်နေထိုင်ခြင်းဖြစ်ကြောင်း၊သေဆုံးသူအမျိုးသမီး၏ရုပ်အလောင်းကို ပုလဲအရန်မီးသတ်တပ်ဖွဲ့မှမေဓာဝတီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#ymg/pl
#Local_News #အမျိုးသမီးတစ်ဦး #YBS ကားကဝင်တိုက် #ဦးခေါင်းပွင့်ထွက်ဒဏ်ရာ
#YMG #Yangon_Media_Group
#Local_News
Published_ 1 May 2023
မေ ၁ ရက်၊ ယနေ့နံနက် ၆ နာရီကျော်က ချမ်းမြသာစည်မြို့နယ်၊ ၄၄ လမ်းနှင့် မြို့ပတ်လမ်းထောင့်၌ အသက် ၃၀ ဝန်းကျင်အရွယ်ရှိ အမည်မသိအမျိုးသားတစ်ဦးကို ဦးခေါင်းထိခိုက်ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးလျက်တွေ့ခဲ့ရကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
"ဦးခေါင်းမှာ ၃ လက်မလောက်နက်တဲ့ ဒဏ်ရာတွေ့ရတယ်။ တခြားခန္ဓာကိုယ်မှာတော့ ဒဏ်ရာမတွေ့ရဘူး။
ဦးခေါင်းကို ရိုက်ပြီး သတ်သွားတဲ့ ပုံစံမျိုးတော့ ယူဆရတာပေါ့။
မိသားစုနဲ့တော့ အခုထိအဆက်အသွယ် မရသေးဘူး“ ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သေဆုံးသူ အမျိုးသား၏ ပုံသဏ္ဍာန်မှာ နားဖောက်ထားခြင်း၊ နောက်ကျောတွင် တက်တူးထိုးထားခြင်း၊ ယာလက်တွင် မိုးကြိုးသွား တက်တူးထိုးထားခြင်း၊ ဘယ်နံရိုးပေါ်တွင် ဂျိုကာပုံတက်တူးထိုးထားခြင်းများရှိကာ ခန့်မှန်း အရပ်မှာ ၅ ပေ ၈ လက်မ ဝန်းကျင်ရှိပြီး အသားဖြူ၍ ခန္ဓာကိုယ်အနည်းငယ်ဝကြောင်း သိရသည်။
သေဆုံးသူ၏ မိသားစုနှင့် အဆက်အသွယ် မရရှိသေးသဖြင့် ပိုင်ရှင်မဲ့အလောင်းအဖြစ် မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။
ymg/ppk
#Local_News #မန္တလေး #ဦးခေါင်းထိခိုက်ဒဏ်ရာ #လမ်းပေါ်သေဆုံးနေသူ
#YMG #Yangon_Media_Group
#Local_News
Published_ 1 May 2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ချောင်းသာကမ်းခြေဟိုတယ်တစ်ခု၏ ရေချိုးခန်းအတွင်း ရေပန်းဖြင့် ရေချိုးသူတစ်ဦး ဓာတ်လိုက်သေဆုံးမှု တစ်ခု ဧပြီလ ၃၀ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ချောင်းသာဟိုတယ်ဇုန်လုပ်ငန်းရှင်များအသင်းက သိရသည်။
ပင်လယ်မှရေကူးပြီးပြန်လာသော သူငယ်ချင်း အမျိုးသား ၃ ဦးတို့ တည်းခိုနေသည့် ကမ်းခြေဟိုတယ်ရေချိုးခန်းအတွင်း ရေပန်းဖြင့် ရေချိုးကြစဉ် အသက် ၂၈ နှစ်အရွယ် မောင်နိုင်မျိုးလွင် (ခ) နောင်နောင် ဆိုသူမှာ ဓာတ်လိုက်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားမှုအပေါ် သက်ဆိုင်ရာက စစ်ဆေးရာတွင် 200 KVA ထရန်စဖော်မာ (မီတာအမှတ်- ECA006382) ၏ 400 ဗို့ Main Panel မှတစ်ဆင့် ဟိုတယ်အတွင်းသို့ သွယ်တန်းထားသော Underground Cable ပေါက်ပြဲကာ လျှပ်စစ်စီးကူး၍ ဓာတ်လိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကွယ်လွန်သူ၏ အလောင်းကို ချောင်းသာဆေးရုံသို့ ပို့ဆောင်ကာ တာဝန်ရှိ တိုက်နယ်ဆရာဝန်မှ PM-အမှတ် (4/2023)ဖြင့် လက်ခံ၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊မဟုတ် ချောင်းသာနယ်မြေစခန်းမှ သေမူသေခင်းအမှတ်စဉ် (3/2023) ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/mt
#Local_News #ချောင်းသာကမ်းခြေ #ရေချိုးခန်း #ရေချိုးသူတစ်ဦးဓာတ်လိုက်
#YMG #Yangon_Media_Group
#Local_News
Published_ 1 May 2023
မြန်မာအလုပ်သမား အများဆုံးသွားရောက်အလုပ်လုပ်ကိုင်သည့် ထိုင်း၊ မလေးရှား နှင့် ကိုရီးယားသမ္မတ နိုင်ငံတို့တွင် အလုပ်သမားသံအရာရှိများ ခန့်အပ်ထားရှိသည့်အပြင် နိုင်ငံတကာရှိ မြန်မာသံရုံးများကလည်း လိုအပ်သည့်ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိတယ်လို့ မေ ၁ ရက်တွင်ကျရောက်သည့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ သဝဏ်လွှာတွင် ဖော်ပြထားပါတယ်။
ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေနှင့်အညီ ရပိုင်ခွင့်များရရှိနိုင်ရေး အတွက်လည်း ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
ထို့ပြင် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) ကို ဖွဲ့စည်းပြီး ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးလုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
အထည်ချုပ်လုပ်ငန်းများအပါအဝင် စက်ရုံ၊ အလုပ်ရုံများ စဉ်ဆက်မပြတ် လုပ်ငန်း လည်ပတ်လုပ်ကိုင်နိုင်ရန် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် လက်တွဲကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်ကြမ်းယူ ကုန်ချောပေး လက်ခစားလုပ်ငန်းများ (CMP) ကို နိုင်ငံခြားကုမ္ပဏီများနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များအား ဆောင်ရွက်ခွင့် ပြုခြင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။
မြန်မာနိုင်ငံ၌ ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေအရ အလုပ်သမား အဖွဲ့အစည်း (၃၀၁၅) ဖွဲ့နှင့် အလုပ်ရှင်အဖွဲ့အစည်း (၂၈) ဖွဲ့ကို ဖွဲ့စည်းခွင့်ပြုခဲ့ပြီး ယင်းအဖွဲ့ အစည်းများနှင့်လည်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
ygm_mnn
#Local_News #မြန်မာအလုပ်သမား #အလုပ်သမားသံအရာရှိများ
#YMG #Yangon_Media_Group
#LocalNews
Published_ 30 April 2023
ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းတွင် ကိုဗစ်ပိုးတွေ့ရှိသူအနည်းငယ်များလာပြီး (၅)ရက်အတွင်း ရန်ကုန်တိုင်းတွင်ကိုဗစ်ပိုးတွေ့ရှိသူ(၁၈၄)ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စာရင်းများအရသိရသည်၊၊
ဧပြီလ(၂၄)ရက်မှ(၂၈)ရက်အထိကျန်းမာရေးဝန်ကြီး ဌာနထုတ်ပြန်ချက်များအရသိရခြင်းဖြစ်ပြီးရန်ကုန် တိုင်းဒေသကြီး၌ ဧပြီ(၂၄)ရက်တွင်(၇)ဦး၊ဧပြီ(၂၅) ရက်တွင်(၃၄)ဦး၊ဧပြီ(၂၆)ရက်တွင်(၅၄)ဦး၊
ဧပြီ(၂၇)ရက်တွင်(၄၅)ဦး၊ဧပြီ(၂၈)ရက်တွင်(၄၄)ဦး ရှိသည်ဟုဆိုသည်၊၊
ယခုရက်ပိုင်းအတွင်းကိုဗစ်ပိုးတွေ့ရှိမှုအများဆုံးဒေသသည်ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး ပြည်ပပြန်များတွင် ကိုဗစ်ပိုးတွေ့ရခြင်းထက် ကိုဗစ်ပိုးပိုမိုတွေ့ရှိနေရခြင်းဖြစ်သည်၊၊
ဧပြီလ(၂၉)ရက်ထုတ်ပြန်ချက်စာရင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာကိုဗစ်ပိုးတွေ့သူ(၁၃၀)ဦးရှိပြီး သေဆုံးသူတစ်ဦးရှိကြောင်းသိရသည်၊၊
ဧပြီလအတွင်းတွင်ကိုဗစ်ပိုးတွေ့ရှိသူအနည်းငယ်ပြန်မြင့်လာသည့်အတွက် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးများကိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေသလို ပြည်သူလူထုအနေဖြင့်လည်း ကိုဗစ်စည်းမျဥ်းစည်းကမ်းများကိုပြန်လည်လိုက်နာရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 30 April 2023
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် ကုန်းသာနှင့် စံလောင်းကျေးရွာကြားမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့၍ဆိုင်ကယ်သမား ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သီပေါမြို့ နယ်စည်းမခြားပရဟိတအသင်းမှသိရသည်။
ဧပြီလ ၂၉ ရက် နံနက် ၁၁ နာရီခန့်က ကားကြီးနှင့် ဆိုင်ကယ် တိုက်မိကြပြီး ဆိုင်ကယ်သမား အမျိုးသားသေဆုံးကာ ကားသမားဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
သွားရောက် ကူညီပေးခဲ့တဲ့ သီပေါမြို့မှ နယ်စည်းမခြား ပရဟိတအသင်းက"ဘယ်လို တိုက်ကြတာလဲတော့ မသိရဘူး၊ သေဆုံးသူက အသက်၄၀ ဝန်းကျင်လောက်ရှိပါတယ်။ ဆေးရုံပို့ပေးခဲ့တယ်"ဟုပြောကြားသည်။
သီပေါမြို့နယ်တွင် ဧပြီလ အတွင်းယာဉ်တိုက် မှု ၁၀ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်းလည်းသိရသည်။
#ymg/pl
#YMG #Yangon_Media_Group
Page 986 of 1899