#LocalNews
Published-16 Feb 2022
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်း၊ ကွမ်းခြံကုန်းအဆင်းတွင် ကော့ကရိတ်ဘက်မှ မြဝတီသို့ ပြောင်း ၊ ဆန်များတင်ဆောင်၍ မောင်းနှင်လာသော (၁၈)ဘီးတွဲယာဉ်(၁)စီး တိမ်းမှောက်မှု ယနေ့(ဖေဖော်ဝါရီ ၁၆ ရက်) နံနက် ၉ နာရီခွဲအချိန်က ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
(၁၈)ဘီးတွဲယာဉ်(၁)စီး တိမ်းမှောက်မှုသတင်းရရှိသဖြင့် မြဝတီခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သင်္ဃန်းညီနောင်နယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူး ပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင် ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦး၊ မ(၁)ဦး စုစုပေါင်း(၄)ဦးအနက် ကျား(၁)ဦး၊ မ(၁)ဦး(သေဆုံး)နှင့် ကျား(၂)ဦး ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)တို့အား သင်္ဃန်းညီနောင်မြို့သစ်လူမှုကယ်ဆယ်ရေးအသင်းမှယာဉ်ဖြင့် မြဝတီပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#BreakingNews
Published=16 Feb 2022
ယနေ့ နံနက် ၁၀နာရီ၄၃ မိနစ်က တပ်မတော်(လေ)တံတားဦးလေတပ်စခန်းမှတိုက်ခိုက်ရေးလေယာဉ်တစ်စီးသည်လေ့ကျင့်ပျံသန်းနေစဉ် အဆက်အသွယ်ပြတ်တောက်သွားသဖြင့် လေယာဉ်တစ်စင်းဖြင့်လိုက်လံရှာဖွေရာ စစ်ကိုင်းတိုင်းဒသကြီး အုန်းတော့ကျေးရွာ အရှေ့ဘက်ရှိ ရေမျက်ကြီးအင်းအတွင်းပျက်ကျခဲ့ပြီး လေယာဉ်မောင်းနှင်သူ လေသူရဲကိုရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေကြောင်းသိရသည်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 16 Feb 2022
ကိုဗစ်ကြောင့် ပိတ်ထားသည့် တမူးမြို့ အဝင်အထွက်ဂိတ်များအားပြန်ဖွင့်ပေးလိုက်ပြီး ကုန်စည်စီးဆင်းမှုများနှင့် ခရီးသွားမှုတွေလည်း ပုံမှန်အတိုင်း ပြန်လည်စတင်နေပြီဖြစ်တယ်လို့ တမူးမြို့ ဒေသခံများထံမှ သိရပါတယ်။
ကိုဗစ်လူနာအများအပြားနှင့် အိုမီခရွန် အတည်ပြု လူနာများကို ပြီးခဲ့သည့် လပိုင်း အတွင်းမှာတမူးမြို့ မှာတွေ့ ရှိခဲ့တာကြောင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ က တမူးမြို့ ရှိ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွေ အပါအဝင် မြို့အဝင်၊အထွက် ဂိတ်များကိုပိတ်လိုက်ပြီး ရောဂါ ထိန်းချုပ်ရေးတွေကို ဆောင်ရွက်ခဲ့တာပါ။
ယခုအခါမှာတော့တမူးမြို့ မှာ ကိုဗစ်အတည်ပြုလူနာများလျော့နည်းလာပြီး ရောဂါကိုလည်း
ကာကွယ် ထိန်းချုပ်ထားလာနိုင်ပြီ ဖြစ်တဲ့အတွက် ကိုဗစ်ကြောင့် ပိတ်ထားရတဲ့ တမူးမြို့ အဝင်အထွက်ဂိတ်များကို ဒေသအာဏာပိုင်တွေက ( ဖေ ဖော်ဝါရီ ၁၄ ရက်)မှ စတင်ကာ ပြန်လည်ဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
"ဂိတ် တွေက ပြန်ဖွင့်လိုက်ပါပြီ။ အရင်လို ပုံမှန်အတိုင်းဘဲသွားလာ နေကြပြီ။ ကုန်စည်စီးဆင်းမှု တွေလည်း ပြန်လုပ် နေကြပြီ။ ခရီးသွားလာတာ တွေလည်း ပြန်ရှိလာပါပြီ။ ခရီးသည်တင်ယာဉ် တွေလည်း သွားလာနေကြပါပြီ ။ သူကရက်ကိုထပ်မတိုးတော့ဘဲ ဂိတ် တွေကို ပြန်ဖွင့်ပေးလိုက်တာပေါ့ နော်။ မြို့မှာကလည်း ကိုဗစ်တွေ့ မှု ကနည်းလာတယ်။ အခုဆိုရင် အတည်ပြုလူနာက ၄၀ ကျော် လောက်ဘဲကျန်တယ်။ ဒါကလည်း နောက်နှစ်ပတ် လောက်ဆိုရင် ကုန်ပါပြီ။ ခရီးသွားလာမယ့်သူတွေကတော့ ကိုဗစ်စစ် ပေါ့ နော်။ တချို့ စစ်ပြီးသားသူတွေကျတော့လည်း ကိုဗစ်ထောက်ခံချက်နဲ့ သွားလာကြပေါ့။
ဒီလိုပုံစံမျိုးနဲ့ ပြန်လည်သွားလာခွင့် တွေကို ပြုလိုက်တာပါ။"လို့ တမူးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အိုမီခရွန် ရောဂါပိုးစတင် တွေ့ ရှိခဲ့တဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်မြို့ ဖြစ်တဲ့ တမူးမြို့တွင် ယနေ့ (ဖေ ဖော်ဝါရီ ၁၆ ရက် နေ့)အထိ ကိုဗစ်အတည်ပြု လူနာ ၄၁ ဦးသာကျန်ရှိတော့သည့် အတွက် ယခု ဖေဖော်ဝါရီလအတွင်း ကုန်သွယ်ရေးနှင့် ခရီးသွားလာခွင့်တွေကို ယခင်လို
ပြန်လည်ဖွင့် လှစ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် တမူးမြို့ တွင် ယခုကူးစက်ခံနေရသော ရောဂါပိုးတွေ့လူနာများမှာ ဝေဒနာပြင်းထန်စွာခံစားနေရသောလူနာများမရှိဘဲ ယခု နောက်ပိုင်း စစ် ဆေးမှုရလဒ်များ အရလည်း ကိုဗစ်အတည်ပြုလူနာတွေ့ ရှိမှုနှုန်းက လျော့ကျလာတယ်လို့လည်း တမူးမြို့ ဒေသခံတွေက ပြောပြခဲ့ပါတယ်။
ထို့အပြင် ကျန်ရှိနေသည့် ပိုး တွေ့လူနာများကိုလည်းဆေးဝါးကုသမှုတွေကို ဆက်လက်ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
ဓါတ်ပုံ - တမူးဇွဲမာန်
ymg/kg
#Yangon_Media_Group
#LocalNews
Published - 16 Feb 2022
ပန်းဆိုးတန်း-ဒလ ကူးတို့သင်္ဘောခရီးစဉ်ကို တစ်ရက်လျှင် အသွား၊အပြန်အခေါက် ရေ ၄၀ နှုန်းဖြင့် ပြေးဆွဲပို့ဆောင်ပေးနေတယ်လို့ ပြည်တွင်းရေကြောင်းပို့ ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ သိရပါတယ်။
လက်ရှိအချိန်တွင် အစိုးရရုံးဖွင့်ရက်များနှင့် ရုံးပိတ်ရက်များ အပါအဝင် အသွားအခေါက် ၄၀ ၊ အပြန်အခေါက် ၄၀ နှုန်းဖြင့် ချယ်ရီရေယာဉ်များနဲ့ပြေးဆွဲပို့ ဆောင်ပေးနေတာပါ။
ဒါ့အပြင် ခရီးသည်များသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် သင်္ဘောရေယာဉ်ခရီးစဉ်များ ပြေးဆွဲပေးရာတွင် ဒလဆိပ်ကမ်းမှ စတင်ထွက်ခွာချိန်အား နံနက် ၅ နာရီခွဲမှ ည ၇ နာရီအထိနှင့် ရန်ကုန်(ပန်းဆိုးတန်း)ဆိပ်ကမ်းမှ စတင်ထွက်ခွာချိန်အား နံနက် ၆ နာရီမှ ည ၇ နာရီခွဲအထိ သတ်မှတ်ပြီးပြေးဆွဲပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
"ကျမတို့က ဒလမြို့မှာ နေတဲ့သူတွေဆိုတော့ ဒီချယ်ရီသင်္ဘောကိုဘဲ အဓိကထားပြီး အားကိုးပြီး သွားလာနေရတာ ပေါ့။ နေ့စဉ်အလုပ်သွားလည်း ဒီသင်္ဘောပဲစီးရတာပေါ့နော်။ သူတို့ကအခေါက်ရေများများဆွဲ ပေး လေ ကျမတို့ ခရီးသွား တွေအတွက်ပိုအဆင်ပြေလေပေါ့နော်။ သင်္ဘောကျတော့ စီးရတာ ပိုကောင်းတာပေါ့၊ သမ္ဗာန်တွေထက်စာရင် ပိုပြီးလုံခြုံစိတ်ချရတာ ပေါ့။ ကျ မတို့ ကတော့ မြစ်ကူးသင်္ဘောပဲ အများဆုံးစီးဖြစ်ပါတယ်။"လို့ ဒလမြို့တွင် နေထိုင်သူကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောပြခဲ့ပါတယ်။
ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ သင်္ဘောခရီးစဉ်ကိုဒလမြို့နယ် ဒေသခံပြည်သူများ အပါအဝင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရီးသွားလုပ်သားပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများနှင့် အထွေထွေလုပ်သားပြည်သူများစွာက နေ့စဉ် စီးနင်းသွားလာ နေကြတာပါ။
ဒါကြောင့်လည်း အနယ်နယ်အရပ်ရပ်က ခရီးသွားလုပ်သား ပြည်သူများ သွားလာမှု အပေါ်မူတည်၍ ရေယာဉ် ခရီးစဉ်အချိန်များကို ခေါက်ရေတိုး၍ ပြေးဆွဲပို့ ဆောင်ပေးလျက်ရှိတယ်လို့ လည်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ
သိရပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published-16 Feb 2022
ဒွါဒသမ တိပိဋိကဓရ ဓမ္မ ဘဏဂါရိက ဘဒ္ဒန္တ အဘိဇာတာဘိဝံသ (စစ်ကိုင်းတိပိဋိက)ဆရာတော်ဘုရားကြီး ၏ကြွင်းကျန်ရစ်သော အရိုးပြာအိုး တစ်ချို့ တစ်ဝက်ကို မုံရွာမြို့ သဒ္ဓမ္မဇောတကသုဗောဓာရုံကျောင်းတိုက်မှ ရန်ကုန်မြို့ သဒ္ဓမ္မမာနိတာရုံကျောင်းတိုက်သို့ ဇာတိရွာ ၌အမှတ်တရစေတီမတည်မီ ဆရာတော်ကိုကြည်ညိုလေးစားသူများလာရောက် ရှိခိုးဝပ်ချ တောင်းပန်ကန်တော့မှုပြုနိုင်ပါစေရန် ဖေဖော်ဝါရီလ ၁၆ရက်က ပင့်ဆောင်ခဲ့ကြောင်းသိရပါတယ်။
ရန်ကုန်မြို့ ၊ သဒ္ဒမ္မမာနိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်မုံရွာမြို့ ၊သဒ္ဒမ္မဇောတက သုဗောဓာရုံ ကျောင်းတိုက်နာယကဆရာတော် ဒွါဒသမ တိပိဋိကဓရ ဓမ္မ ဘဏဂါရိက ဘဒ္ဒန္တ အဘိဇာတာဘိဝံသ (စစ်ကိုင်းတိပိဋိက)ဆရာတော်ဘုရားကြီး ရုပ်ကလာပ်အား ဖေဖော်ဝါရီလ ၁၃ရက် ယနေ့ မွန်းလွဲ ၃နာရီကအန္တိမအဂ္ဂိဈာပနအခမ်းအနားနဲ့ပူဇော်လိုက်တာဖြစ်ပါတယ်။
စစ်ကိုင်းတိပိဋကဆရာတော်ဘဒ္ဒန္တအဘိဇာတာဘိဝံသဆရာတော်ဟာ ထိုင်းနိုင်ငံ၊ဘန်ကောက် မြို့ Bumrungrad ဆေးရုံကြီးမှာ ရိုးတွင်းချဉ်ဆီအစားထိုးလဲလှယ်ကုသရန် နဲ့သွေးဖြူဥရောဂါတို့ အတွက် ဆေးကုသမှုခံယူရင် ယင်းဆေးရုံတွင် ဖေဖော်ဝါရီ ၇ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅နာရီ ၄၉မိနစ်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။
ဆရာတော်ဟာ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာတွင် ခမည်းတော် ဦးတင်ရ၊မယ်တော် ဒေါ်ညွန့်ခင်တို့ မှ ၁၃၃၀ပြည့်နှစ်၊သီတင်းကျွတ်လဆန်း(၈)ရက်၊တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပြီး ဘဝနတ်ထံပျံလွန်တော်မူစဉ်မှာ သက်တော်(၅၄)နှစ်၊သိက္ခာတော်(၃၄)ဝါရှိပြီဖြစ်ပါတယ်။
ymg/hm
#LocalNews
Published_ 16 Feb 2022
တောင်ကိုရီးယား POSCO International Corporation (Myanmar E&P) က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ပူးပေါင်းပြီး ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းအပိုင်း(၂)ရဲ့ ရခိုင်ကမ်းလွန်လုပ်ကွက် A-1 မှာ တူးဖော်ရေးလုပ်ငန်းများ စတင်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိနေတယ်လို့ BETV စီးပွားရေးသတင်းမှာ ဖော်ပြထားပါတယ်။
Myanmar E&P အနေနဲ့ A-1 မှာ ရွှေအဆင့် (၂) ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ တပ်ဆင်ခြင်းလုပ်ငန်းများကို ကမ်းလွန်ဆောက်လုပ်ရေးရေယာဉ် ‘‘DLV 2000’’ နှင့် ဖေဖော်ဝါရီ ၁၆ ရက်မှ မတ်လ ၁၅ ရက်အထိ ဆောင်ရွက်သွားမယ်လို့ ကြေညာထား ပါတယ်။
ရွှေစီမံကိန်းမှာ POSCO International က ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ကာ အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရှိထားပြီး MOGE(မြန်မာ)က ၁၅ ရာခိုင်နှုန်း၊ ONGC(အိန္ဒိယ)က ၁၇ ရာခိုင်နှုန်း၊ KOGAS (တောင်ကိုရီးယား)နှင့် GAIL(အိန္ဒိယ)တို့က ၈.၅ ရာခိုင်နှုန်းစီ အချိုးကျပါဝင်ကာ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရပါတယ်။
ကမ်းလွန်လုပ်ကွက် A-1 နှင့် A-3 တို့ တွင် ပါရှိသည့် ရွှေစီမံကိန်းအတွင်း A-1 အတွင်း ‘ရွှေ’ နှင့် ‘ရွှေဖြူ’ လုပ်ကွက်တို့ ရှိပြီး A-3 မှာ ‘မြ’ လုပ်ကွက်တိုရှိကာ ထွက်ရှိလာသည့် ဓာတ်ငွေ့များ ကို တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းထံ ၂၀၁၃ ခုနှစ်မှ စတင်ကာ ပိုက်လိုင်းဖြင့် ပိုလွှတ်ရောင်းချခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
POSCO ရဲ့ ထုတ်ပြန်ချက်အရ ရွှေအဆင့် (၂) ဖွံ့ ဖြိုးတိုးတက်ရေး စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၄၇၃ သန်း ရင်းနှီးမြှုပ်နှံဖို့ လျာထားပြီး ကမ်းလွန်လုပ်ကွက် A-1 ရှိ ‘ရွှေ’ နှင့် ‘ရွှေဖြူ’ လုပ်ကွက်ဧရိယာအတွင်း စီးပွားဖြစ်ထုတ်လုပ်ရေး ရှစ်တွင်း တူးဖော်မယ်လို့ သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalHealth
Published_ 16 Feb 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း နေအိမ်တွင်သီးသန့်ခွဲခြား နေထိုင်သော ကိုဗစ်ပိုးတွေ့လူနာများ ဆရာဝန်နှင့် ဆက်သွယ်မေးမြန်းတိုင်ပင်နိုင်မည့် ဖုန်းနံပတ်များကို ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ပေးထားပါတယ်။
နေအိမ်တွင်သီးသန့်ခွဲခြားနေထိုင်သော ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ (Home Isolation) နှင့် မိဘပြည်သူများအနေဖြင့် ရောဂါနှင့်ပတ်သက်၍ တာဝန်ကျဆရာဝန်နှင့် တိုက်ရိုက် ဆက်သွယ်မေးမြန်းတိုင်ပင်နိုင်မည့်(Teleconsultation Program) အတွက် အထူးကုဆရာဝန်နှင့်ဆေးပညာရှင်များပါရှိသည့် Teleconsultation Team များကို ခရိုင်အလိုက် ဖွဲ့စည်းထားရှိပြီးဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါပညာရှင်အဖွဲ့ များ၏ ဖုန်းနံပါတ်များသို့ သက်ဆိုင်ရာခရိုင်အလိုက် ဆက်သွယ်နိုင်ပါကြောင်း အသိပေးကြေညာထားပါတယ်။
တောင်ပိုင်းခရိုင် ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးနိုင်မည့်ပညာရှင် အဖွဲ့ (Teleconsultation Team) သို့ ၂၄ နာရီ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈ ၂၅၅ ၃၆၀၆
၀၉ ၈၈ ၂၅၅ ၃၆၀၅
မြောက်ပိုင်းခရိုင် ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးနိုင်မည့်ပညာရှင် အဖွဲ့ (Teleconsultation Team) သို့ ၂၄ နာရီ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈၂၅၅၄၀ ၀၈
၀၉ ၈၈၂၅၅၄၀ ၀၉
အနောက်ပိုင်းခရိုင် ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးနိုင်မည့် ပညာရှင်အဖွဲ့ (Teleconsultation Team) သို့ ၂၄ နာရီ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈၂၅၅၄၀ ၁၀
၀၉ ၈၈၂၅၅၄၀ ၁၁
အရှေ့ပိုင်းခရိုင် ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးနိုင်မည့်ပညာရှင် အဖွဲ့ (Teleconsultation Team) သို့ ၂၄ နာရီ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈၂၅၅၄၀ ၀၅
၀၉ ၈၈၂၅၅၄၀ ၀၆
ymg-mnn
#Yangon_Media_Group
Page 1779 of 1805