#Local_News
Published_8 July 2022
မလေးရှားထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသား ၆၀ ဦးခန့် နေရပ်ပြန်ခွင့်ရကြကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သိရသည်။
"ဇူလိုင်လ ၆ ရက်နေ့က မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့တာဝန်ရှိသူတွေက မြန်မာ့အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ကြတာပါ။ စုစုပေါင်း ၅၉ ယောက် ဖြစ်ပါတယ်။ သူတို့တွေက
မလေးရှားနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးသူတွေ ဖြစ်ပါ။ မြန်မာနိုင်ငံသားဖြစ်တဲ့ အထောက်အထားနဲ့ ပြည့်စုံတဲ့သူတွေ ဖြစ်ပါတယ်"ဟု သံရုံးတာဝန်ရှိသူက ပြောသည်။
ယင်းမြန်မာမလေးရှားနိုင်ငံ Kemayan Camp နှင့် Pekan Nanas ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသူများအနက်မှ မြန်မာနိုင်ငံသား ဖြစ်ကြောင်း စိစစ်မှန်ကန်သူများ ဖြစ်ကြောင်းလည်း သိရသည်။
မလေးရှားအစိုးရအနေဖြင့် အထောက်ထားမဲ့နိုင်ငံခြားသားလုပ်သားများအား ဇွန်လ ၃၀ ရက်နောက်ဆုံးထား၍ နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် အချိန်သတ်မှတ်ပေးပြီးနောက် လက်ရှိတွင် အထောက်အထားမဲ့ နိုင်ငံခြားသားများအား ရှာဖွေဖမ်းဆီးမှုပြုလုပ်နေကြောင်း သိရသည်။
ymg/mt
#Yangon_Media_group
#Local_News
Published_8 July 2022
ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၃၅) ဦးကို ဇူလိုင်လ ၆ ရက်၊ ညပိုင်းတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များက ထာ့ဆောင်ယန်မြို့နယ်၊ မဲ့ခမုနွဲ-ဖနော့ခီ လမ်းမပေါ်၌ မောင်းနှင်းလာသော မသင်္ကာဖွယ်ရာ မော်တော်ယာဉ် ၂ စီးကို စစ်ဆေးခဲ့ရာ အဆိုပါ တရားမဝင်မြန်မာများအာ တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ပထမ မော်တော်ယာဉ်တွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ၇ ဦး၊အမျိုးသမီး ၃ ဦးကိုလည်းကောင်း၊ ဒုတိယမြောက် မော်တော်ယာဉ်တွင် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၇ ဦး၊ ပွဲစား ၃ ဦးတို့ကိုလည်းကောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းတို့မှာ ကရင်ပြည်နယ်၊ ဘားအံမြို့ကဖြစ်ပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်၊ စမွတ်ပရကန်၊ ခွန်ဘူရီ၊ ပထုန်ဌာနီမြို့များသို့ သွားရောက်လုပ်ကိုင်ရန်အတွက် လူတစ်ဦး လျှင် ဘတ်ငွေ ၂၀၀၀၀၊ ၂၅၀၀၀ အထိ ပေးဆောင်ခဲ့ရကြောင်း ထိုင်းအာဏာပိုင်များထံ ဖမ်းဆီးခံရသူများက ဝန်ခံထွက်ဆိုခဲ့ကြကြောင်း သိရသည်။
ယခုအခါ ထိုင်းအာဏာပိုင်များက သက်သေခံ မော်တော်ယာဉ် ၂ စီးကို သိမ်းဆည်း၍ပြီး မြန်မာနိုင်ငံသား ၃၅ ဦး နှင့် ပွဲစား ၃ ဦးတို့ကို ထာ့ဆောင်ယန်မြို့ နယ် ရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး ဥပဒေအရ အရေယူဆောက်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published _ 8 July 2022
မြန်မာ့စီးပွားရေးဘဏ်များ၌ ကိုယ်တိုင်ပင်စင်လ စာထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအ ဆင်ပြေစေရန် ဇူလိုင်လမှစ၍ ဘဏ်များတွင် ငွေပေးကောင်တာများ တိုးချဲ့စီစဉ်ထားကာ ငွေထုတ်ပေးမှုလျင်မြန်စေရန် စီစဉ်ဆောင်ရွက်ထားသည်ဟု မြန်မာ့စီးပွားရေးဘဏ်မှ အသိပေးထုတ်ပြန်ခဲ့သည်။
ယင်းကဲ့သို ထပ်မံတိုးချဲ့ခဲ့ခြင်းမှာ အချို့ဘဏ်ခွဲများတွင် ပင်စင်လစာထုတ်ပေးသည့် ၂၁ ရက်တွင် စုပြုံ၍ လာရောက်ထုတ်ယူခြင်းကြောင့် လူစုလူဝေးဖြစ်ပေါ်ခြင်း၊ ရှည်လျားစွာတန်းစီရခြင်း၊ အချိန်ကြာမြင့်စွာစောင့် ဆိုင်းရခြင်းတို့ဖြစ်ပေါ်နေသည်ကို စိစစ်တွေ့ရှိရသည်ဟု မြန်မာ့စီးပွားရေးဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။
ယင်းပြင် မြန်မာ့စီးပွားရေးဘဏ်၏ သက်ဆိုင်ရာဘဏ်ခွဲများတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများအား လစဉ်ရုံး ဖွင့်ရက် ၂၁ ရက်နေ့တစ်ရက်တည်းသာ စုပြုံထုတ်ယူရန်မလိုအပ်ဘဲ မိမိအဆင်ပြေမည့် အခြားဘဏ်ဖွင့်သည့် ရက်များ၌လည်းထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သည်။
ပင်စင်လစာငွေများကို ဘဏ်တွင်ငွေစာရင်းဖွင့်လှစ်ထည့်သွင်း၍ လိုအပ်ချိန်၌ ပြန်လည်ထုတ်ယူခြင်းနှင့် ATM စာရင်းဖွင့်၍ ATM စက်များမှ ထုတ်ယူခြင်း၊ Myanmar Mobile Money (MMM)၊ Wave Money တို့ဖြင့်နီးစပ်ရာ Mobile Agent များမှ တစ်ဆင့် ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ယူမှုအဆင်ပြေချောမွေ့စေရန် သက် ဆိုင်ရာဘဏ်ခွဲများနှင့် ပူးပေါင်းကူညီဆောင် ရွက်ပေးရန် မြန်မာ့စီးပွားရေးဘဏ်မှအသိပေးထုတ်ပြန်ခဲ့သည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_8 July 2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာအုပ်စု၊ နဘူးတောကျေးရွာ၊ ညောင်ဦး- ကျောက်ပန်းတောင်း ကားလမ်း၊ မိုင်တိုင်အမှတ် (၂၄/၄)အနီးတွင် ဇူလိုင်လ ၇ ရက် ည ၉ နာရီကျော်အချိန်ခန့်က ကားနှင့်ဆိုင်ကယ်တိုက်မိ၍ နှစ်ဦးသေဆုံးသွားကြောင်း သိရသည်။
ကျောက်ပန်းတောင်းမှ ညောင်ဦးသို့ မောင်းနှင်လာသော DAIHATSU အမျိုးအစား အဖြူရောင်ယာဉ်နှင့် SHYAN ဆိုင်ကယ်တို့ တိုက်မိခဲ့ခြင်းဖြစ်ပြီး ဆိုက်ကယ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားခြင်းဖြစ်ကြောင်း လူမှုကူညီရေးအသင်းများက သိရသည်။
အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ ညောင်ဦးခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းနှင့် သေဆုံးသွားသူများကို ဂရုဏာရှင် နာရေးကူညီမှုအသင်း၏ယာဉ်ဖြင့် ညောင်ဦးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_group
#Local_News
Published_8 July 2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း ဖြစ်သူ ဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်းနှစ်ဦးတို့ ဖြစ်ကြသည့် ဦးသန်းဌေး၊ ဦးမြင့်နိုင်တို့ကို နေပြည်တော်ထောင်တွင်း တရားရုံးမှ ဇူလိုင်လ ၇ ရက်တွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀(က) အရ ထောင်ဒဏ် (၃) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့်၂၀၂၀ ပြည့်နှစ်ပါတီစုံ အထွေထွေရွေးကောက်တွင် မဲမသမာမှုကိစ္စများတွင် တာဝန်ရှိသူများဖြစ်သည်ဆိုကာ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀ (က)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး အထက်ပါအတိုင်း အမိန့်ချလိုက်ခြင်းဖြစ်သည်။
လက်ရှိတွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်၍ ယခင်တာဝန်ယူခဲ့ကြသည့် UEC အဖွဲ့ဝင်များနှင့် တာဝန်ရှိသူ ၂၄၀၀ ကျော် တရားစွဲဆိုခံထားရကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published - 8 July 2022
ဇူလိုင်လ(၇)ရက်ကနေ ဇူလိုင်လ(၈)ရက်နေ့လယ်ပိုင်းအထိ မြန်မာပြည်တွင်းတွင်ဗဟိုပြုပြီး မြေငလျင်(၄)ကြိမ်လှုပ်ခတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲမှ သိရသည်၊၊
ဇူလိုင်လ (၇)ရက်နံနက်ပိုင်းတွင် မြန်မာပြည်တွင်းလင်းခေးမြို့ ဗဟိုပြု၍အင်အား ရစ်(ခ်)တာ စကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုနှင့် နေ့လယ်ပိုင်းတွင် ဂွမြို့အနီးဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှား သွားကြောင်းသိရသည်၊၊
ဇူလိုင်လ(၈)ရက်နံနက်အစောပိုင်းများတွင် ညောင်ဦးမြို့အနီးဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခဲ့ပြီး ဖြူးမြို့အနီးဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်းလည်းသိရသည်၊၊
မြန်မာနိုင်ငံတွင် ဇွန်လဆန်းပိုင်းကတည်းက ပြည်တွင်းကိုဗဟိုပြု၍ လှုပ်ခတ်သော မြေငလျင်ငယ်များ ဆက်တိုက်လှုပ်ခဲ့ပြီး မြေငလျင်ကြီးများလည်း တစ်ကျော့ပြန်လှုပ်ခတ်နိုင်သည့်အတွက် သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲမှ သတိပေးပြောကြားထားသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 8 July 2022
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လားဟူဒီမိုကရက်တစ် အစည်း အရုံး(LDU)မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲအား ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်၌တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါတယ်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံး ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသား အရင်းအမြစ်များ ပေါ်ထွက်လာရန် အဓိကလိုအပ်သည့်အတွက် တစ်နိုင်ငံလုံး တိုင်းရင်းသားဒေသများ ပါမကျန် ပညာရည်မြှင့်တင်ရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ အခြေအနေများကို နစကဥက္ကဌက ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါတယ်။
ထို့နောက် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ အထွေထွေအတွင်း ရေးမှူးနှင့်အဖွဲ့ဝင်များက နစကဥက္ကဌက တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရန်ရည်ရွယ်၍ ယခုကဲ့သို့ ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးမှုအတွက် အထူးကျေးဇူးတင်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထားတူညီချက်အမြင်များကို ပြန်လည်ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြခဲ့ပါတယ်။
ယင်းနောက် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲသည် နစကမှ ဖွဲ့စည်းပေးထားတဲ့ ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1701 of 2012