#LocalNews
Published - 6 May 2022
သထုံခရိုင်၊ ဘီလင်းမြို့နယ်အတွင်း ဒေသခံစစ်ဘေးရှောင်ဦးရေဟာ သောင်းဂဏန်း အထိ
မြင့်တက်လာပြီး ၄င်းတို့အတွက် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်၊ သောက်သုံးရေ အခက်အခဲများရှိနေကြောင်း သထုံခရိုင် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကော်မတီထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအပြီး နောက်ပိုင်း၌ ဒေသခံစစ်ဘေးရှောင်ဦးရေဟာ တစ်သောင်း(၁၀၀၀၀)ကျော်အထိ ရှိလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိတွင် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်းနှင့် အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား စတာတွေ အရေးပေါ်လိုအပ်နေပြီး သောက်သုံးရေနဲ့ အိမ်သာအခက်အခဲလည်းရှိ နေတာဖြစ်ပါတယ်။
စစ်ဘေးရှောင်ဦးရေများပြားပြီး ရေလိုအပ်ချက်များကြောင့် တစ်ချို့သော ဒေသခံပြည်သူများဟာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါများကို ခံစားနေကြရတယ်လို့လည်း စစ်ဘေးရှောင်အရေးကူညီ ဆောင်ရွက်သူများက ပြောပါတယ်။
ဒါ့အပြင် လက်ရှိအခြေအနေတွင် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကော်မတီမှ ရပ်ဝေး၊ ရပ်နီးမှ အလှူရှင်များနှင့် ချိတ်ဆက်ကာ ဒေသခံ စစ်ဘေးရှောင် ပြည်သူများအား ထောက်ပံ့စောင့်ရှောက်မှုများရှိသော်လည်း စစ်ဘေးရှောင်ဦးရေ ယခင်ကထက် ပိုများလာသဖြင့် ဆေးဝါး၊ သောက်သုံးရေနှင့် အခြေခံ စားသောက်ကုန်များ လိုအပ်နေသေးတာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ သထုံခရိုင်အတွင်းရှိ သထုံ၊ ဘားအံ၊ ဘီးလင်းနှင့် ကျိုက်ထို မြို့နယ်(၄)ခုစလုံးတွင် လက်ရှိမှာ နှစ်ဖက်တပ်တွေရဲ့စစ်ရေး အခြေအနေဟာ တင်းမာလျှက်ရှိ နေတာဖြစ်တယ်လို့လည်း သိရပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
#LocalNews
Published_6 May 2022
ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၅၆ ဦး ကို ယနေ့ မေလ ၆ ရက်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးမိကြောင်း သိရသည်။
ယင်းတို့ကို ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ ဝမ်ကျောက်မြို့နယ်၊ အမှတ် ၄ ရက်ကွက်၊ ချီယန်ထောင်ကျေးရွာအနီးရှိ ကိုင်းတောထဲတွင် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအစိုးရက စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးမွေးမြူရေး၊ ဆောက်လုပ်ရေး၊ ရေလုပ်ငန်းအစရှိသည့် လုပ်ငန်းများတွင် လိုအပ်နေသော အလုပ်သမားများအား အိမ်နီးချင်း မြန်မာနိုင်ငံအပါအဝင် လာအို၊ ကမ္ဘောဒီးယားနိုင်ငံများမှ MOU လမ်းကြောင်းဖြင့် ခေါ်ယူနေခြင်းဖြစ်သည်။
ယင်းသို့ ခေါ်ယူနေရာတွင် မြန်မာနိုင်ငံဘက်မှ သွားရောက်ခွင့်ရရှိရန် သဘောတူညီမှုများ ရရှိထားပြီးဖြစ်သော်လည်း နယ်စပ်ဂိတ်များ ဖွင့်လှစ်ရန် အချိန်ကြာနေသောကြောင့် တရားမဝင်သော လမ်းကြောင်းများမှ ထိုင်းနိုင်ငံကို သွားရောက်နေကြခြင်းဖြစ်ကြောင်း၊ ယင်းသို့ သွားရောက်ရာ တွင် အဖမ်းအဆီး ခံနေကြရခြင်းဖြစ်ကြောင်း သိရသည်။
"ထိုင်းမှာ အလုပ်သွားလုပ်ဖို့ အလျင်လိုနေကြတယ်။ စားဝတ်နေရေးအတွက်ပေါ့။ ဖြစ်ချင်ရာ ဖြစ်ဆိုပြီး ဖမ်းနေပါတယ်လို့ ပြောတဲ့ကြားထဲက သွားနေကြတာ။ ကျေးဇူးပြုပြီး မလာကြပါနဲ့။ အဖမ်းခံရင် အချိန်ကြာတယ်။ ဥပဒေအရလည်းအရေးယူခံရမယ်။ ဒီလိုဖြစ်နိုင်တာကို တရားဝင်သွားခွင့်ရဖို့ သီးခံပြီးတော့ စောင့်ကြစေလိုပါတယ်"ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတစ်ရက် နောက်ပိုင်း ဖမ်းဆီးမိသော မြန်မာရွှေ့ပြောင်းအလုပ်သမားအရေအတွက်မှာ ၆ သောင်းခန့် ရှိမည်ဟု Migrant Labour Development Network က ပြုစုထားသော စာရင်းများအရ သိရသည်။
ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်သမား၊ တရားမဝင်အလုပ်သမား စုစုပေါင်းအရေအတွက်မှာ အနည်းဆုံး သုံးသန်းခန့် ရှိမည်ဖြစ်ကြောင်းလည်း ထိုင်းအခြေစိုက် အလုပ်သမားအရေးဆောင်ရွက်နေသော အဖွဲ့အစည်းများထံမှ သိရသည်။
ymg/mt
#Yangon_Media_Group
Published 6 May 2022
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)က မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အစည်းအဝေးကို ယနေ့ မေလ(၆)ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ စတင်ကျင်းပနေပါတယ်။
အချို့သော သူတွေက အွန်လိုင်းကနေ ပါဝင်တက်ရောက်တဲ့ အဆိုပါ နှစ်မျိုးစပ် အစည်းအဝေးမှာ မြန်မာနိုင်ငံက နစက အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်လည်းတက်ရောက်နေပါတယ်။
အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာပရက်ဆိုခွန်း၊အာဆီယံအတွင်းရေးမှူးချုပ်နှင့်အခြား အာဆီယံ(၉)နိုင်ငံရဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေ၊ ပြင်ပမိတ်ဖက်အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အထူးပြုအေဂျင်စီတွေနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းတွေတက်ရောက်နေကြပါတယ်။
ဒီအစည်အဝေးဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ချက်ရဲ့ အစိတ်အပိုင်းတစ်ခုကို အကောင်အထည်ဖော်ခြင်းဖြစ်ပါတယ်။ အစည်းအဝေးရဲ့ဆွေးနွေးချက်တွေကိုတော့ အသေးစိတ်သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။
Source :AP
#Local_News
Published_ 6 May 2022
၂၀၂၂ ခုနှစ် ဧပြီလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၁၄၄၀၃၄ တန်နှင့် ဆန်ကွဲတန်ချိန် ၁၀၆၉၁၂ တန် စုစုပေါင်း ၂၅၀၉၄၆ တန် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဆန်တင်ပို့မှုတွင် ကင်မရွန်းနိုင်ငံသို့ တန်ချိန် ၃၄၀၀၀ ဖြင့် အများဆုံး တင်ပို့ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသို့ တန်ချိန် ၂၃၂၈၇ တန်၊ အင်ဂိုလာနိုင်ငံသို့ တန်ချိန် ၁၅၀၀၀၊ ဖိလစ်ပိုင်နိုင်ငံသို့ ၁၁၆၅၀ တန်၊ ပိုလန်နိုင်ငံသို့ ၁၁၁၂၅ တန်နှင့် အခြားနိုင်ငံ ၁၇ နိုင်ငံသို့ ဆန်တန်ချိန် ၄၈၉၇၂ တန် တင်ပို့နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ထို့ပြင် ဆန်ကွဲကို ဘယ်ဂျီယံနိုင်ငံသို့ တန်ချိန် ၃၂၉၀၄ ဖြင့် အများဆုံးတင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသို့ ၃၀၇၅၄ တန်၊ စပိန်နိုင်ငံသို့ တန်ချိန် ၂၅၀၀၀ ၊ နယ်သာလန်နိုင်ငံသို့တန်ချိန် ၁၃၉၀၀၊ ပိုလန်နိုင်ငံသို့ တန်ချိန် ၃၀၀၀ နှင့် အခြား ၃ နိုင်ငံသို့ တန်ချိန် ၁၃၅၄ တန်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 6 May 2022
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ မြန်မာအမျိုးသားဘောလုံးအသင်း၏ အုပ်စုပထမပွဲစဉ်ကို မေ ၈ ရက်တွင် တီမောဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရပါတယ်။
ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲကို မေ ၆ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဘရူနိုင်းနိုင်ငံမှလွဲ၍ ကျန်အရှေ့တောင်အာရှ ၁၀ နိုင်ငံက ငါးသင်း နှစ်အုပ်စုခွဲ၍ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
အုပ်စုခွဲဝေထားမှုအရ အုပ်စု(က)တွင် လက်ရှိချန်ပီယံနှင့် အိမ်ရှင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ တီမောတို့ ပါဝင်ပြီး အုပ်စု (ခ) တွင် ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူနှင့် လာအိုအသင်းတို့ ပါဝင်ပါတယ်။
အုပ်စုပွဲစဉ်များကို မေ ၆ ရက်မှ ၁၆ ရက် အထိ ပြုလုပ်မှာဖြစ်ပြီး မေ ၆ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် တီမောအသင်း၊ ဗီယက်နမ်အသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
Published 5 May 2022
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များနှင့် တွေ့ဆုံသည့်အခါ ယင်းတို့လိုချင်တာတွေကို တတ်နိုင်သလောက်ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ နစက ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
ဒီကနေ့မေလ(၅)ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က နစကအစိုးရအဖွဲ့ဝင်တွေကို အမှာစကားပြောကြားရာမှာ အဆိုပါစကားကို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
တစ်ဖက်တည်းကနေပြီးတော့ တင်းနေလို့မရဘဲ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ညှိနှိုင်းဖြေရှင်းရမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
“ရိုးရိုးရှင်းရှင်းလေးပဲ ခင်ဗျားတို့ ကျွန်တော် ငြိမ်းချမ်းရေးဖိတ်ခေါ်တယ်။ ခေါင်းဆောင်တွေ ကိုယ်တိုင်၊ အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင် ကျွန်တော်တွေ့ပါမယ်၊ တစ်ဖွဲ့ချင်း ကျွန်တော် တွေ့မယ်၊ ခေါင်းဆောင်တွေကိုယ်တိုင် တစ်ဖွဲ့ချင်းတွေ့ပါမယ်။ အဲ့ဒီခေါင်းဆောင်တွေ လာတဲ့ အခါမှာလည်း တိုင်ပင်လို့ရအောင် အဖွဲ့ဝင်နှစ်ယောက်နဲ့ လာခဲ့ပါ။ ကျွန်တော်နဲ့ ပထမဦးဆုံး ကျွန်တော် စတွေ့မယ်၊ တွေ့ပြီးလို့ရှိရင် ကျွန်တော်က နိုင်ငံတော်စီမံခန့်ခွဲရေး ကောင်စီအဖွဲ့ဝင် ၃ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့တွေနဲ့ တစ်ဖွဲ့ချင်း ဆွေးနွေးမယ်။ တစ်ဖွဲ့ချင်း ဆွေးနွေးပြီး အဲ့ဒီအပေါ်မှာ သူတို့ ရအောင် ကျွန်တော်တို့ ရှင်းလင်းပြောမှာပေါ့” လို့ နစကဥက္ကဋ္ဌက တွေ့ဆုံရာမှာ ဘယ်လိုဆောင်ရွက်မယ်ဆိုတာကိုပါ အစည်းအဝေးမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ထို့အပြင် ပြည်သူတစ်ရပ်လုံးလိုချင်တဲ့ဆန္ဒဟာ ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဒီမိုကရေစီနိုင်ငံတော်ဖြစ်တဲ့အတွက် မဖြစ်ဖြစ်အောင်သွားရမယ်လို့လည်း သူက ကတိပေးပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ အုပ်ချုပ်မှု ပုံစံသည် ဆင့်ကဲ ဆင့်ကဲ အုပ်ချုပ်မှု၊ ခွဲဝေပေးတဲ့ အုပ်ချုပ်မှုစနစ်ပုံစံ မျိုးနီးပါး ပဲ လုပ်တာကို ကျွန်တော်တို့ တွေ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ ဖက်ဒရယ် အုပ်ချုပ်မှုစနစ်ကို သွားတာ ပိုကောင်းလိမ့်မယ်ဆိုတာကို ဖော်ထုတ်လို့ ရတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒါတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ သေချာ နားလည်အောင် ရှင်းလင်းပြပြီးလို့ရှိရင် သူတို့ဘယ်လိုဖြစ်ချင်တာလဲ၊ ကျွန်တော်တို့က ဘယ်လို၊ တိုင်းပြည်အခြေအနေ ဒီလိုရှိတယ်၊ ရှင်းလင်းကြမယ်၊ တွေ့ကြမယ်။ သူတို့ ပြောတာ ကျွန်တော်နားထောင်ပါ့မယ် အကုန်လုံး၊ နားထောင်ပြီးရင်လည်း ဖြစ်သင့် ဖြစ်ထိုက်တာကို ဆန္ဒနဲ့ ဘဝနဲ့ ဒီလိုပြန်ပြီးတော့ ကြည့်ရမယ်” လို့လည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေနှင့် တိုက်ရိုက်ဆွေးနွေးပြောဆိုဖို့ဖိတ်ခေါ်ကြောင်း နစက ဥက္ကဋ္ဌက ဧပြီ၂၂ရက်မှာ ရုပ်သံမိန့်ခွန်းတစ်ရပ်ပြောကြားပြီးကြေညာခဲ့တာဖြစ်ပါတယ်။
NCA လက်မှတ်ရေးထိုးထားတဲ့၁၀ဖွဲ့ထဲတွင်၉ဖွဲ့၊မထိုးရသေးသည့်အဖွဲ့၁၁ဖွဲ့ထဲက ၈ဖွဲ့နှင့် အဆက်အသွယ်ရရှိပြီး တက်ရောက်ဖို့များတယ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဧပြီ(၂၇)ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖိတ်ခေါ်ထားမှုအခြေအနေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
#LocalNews
Published - 5 May 2022
သင်္ကြန်ပြီးကာလမှစလို့ ပုဂံ - ညောင်ဦးဒေသသို့ ခရီးသွားဝင်ရောက်မှုတွေ ပြန်လည်နည်းပါးလာခဲ့တယ်လို့ ပုဂံမြို့ဒေသခံများထံမှ သိရပါတယ်။
#Yangon_Media_Group
Page 1705 of 1871