ရောမမြို့တွင် စတင်တည်ထောင်ခဲ့ပြီးနောက် ဆယ်စုနှစ်နှစ်ခုကျော် ကြာမြင့်လာချိန်တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ကို ကမ္ဘာ့တရားမျှတမှုအတွက် ဘက်မလိုက်သော ခုံသမာဓိအဖွဲ့အဖြစ် ရှုမြင်ခဲ့ကြသည်။ ယနေ့တွင်မူ ထိုစံပြစမ်းသပ်မှုကြီးသည် ဥပဒေပညာရှင်များ၊ သံတမန်များနှင့် အချုပ်အခြာအာဏာပိုင် နိုင်ငံများ၏ နက်ရှိုင်းသော သံသယဝင်မှုများနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

ဓမ္မဓိဋ္ဌာန်ကျသော တရားရုံးတစ်ခုအဖြစ် ရပ်တည်မည့်အစား ခုံရုံးသည် ၎င်း၏လုပ်ပိုင်ခွင့်ကို ကျော်လွန်ကာ အချုပ်အခြာအာဏာပိုင် နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး ရွေးချယ်အရေးယူသည့် တရားမျှတမှုကိုသာ ကျင့်သုံးသော နိုင်ငံရေးဆန်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် ပိုမိုလုပ်ဆောင်လာခဲ့သည်။

တစ်ချိန်က နိုင်ငံတကာ တာဝန်ခံမှု၏ ပြယုဂ်အဖြစ် ချီးကျူးခံခဲ့ရသော အဖွဲ့အစည်းသည် ယခုအခါ ကမ္ဘာ့စင်မြင့်ထက်တွင် လက်တွေ့ကျသော အကျိုးသက်ရောက်မှုကို သက်သေပြရန် ခက်ခဲလာသည့် ချို့ယွင်းချက်များစွာရှိသော အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ခုံရုံးကို စတင်တည်ထောင်ချိန်က နိုင်ငံအလိုက် ဥပဒေစနစ်များက အဆိုးရွားဆုံးသော နိုင်ငံတကာ ရက်စက်ကြမ်းကြုတ်မှုများကို မကိုင်တွယ်နိုင် သို့မဟုတ် မကိုင်တွယ်လိုသည့် အခြေအနေမျိုးတွင်သာ နောက်ဆုံးအဆင့် တရားစီရင်ရေး အထောက်အကူအဖြစ် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ၎င်းသည် ကန့်သတ်ချက်နီးပါးမရှိသော လုပ်ပိုင်ခွင့်ကို ရယူလိုသည့် ထိုးစစ်ဆန်သော နိုင်ငံတကာအထက်အာဏာပိုင် အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲလာခဲ့သည်။ အဖွဲ့ဝင်မဟုတ်သော နိုင်ငံများအပေါ် တရားစီရင်ပိုင်ခွင့် ရှိသည်ဟု ဆိုလာခြင်းဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်စေပြီး တာဝန်ခံမှုမရှိသော နိုင်ငံတကာ အထက်တန်း လွှာများကို ပြည်တွင်းဥပဒေ အစဉ်အလာများထက် အထက်သို့ မြှင့်တင်ပေးရာ ရောက်နေသည်။

ယင်းသို့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းသည် နိုင်ငံတကာ အစီအစဉ်ကို အခြေခံထားသည့် တရားစီရင်ရေးဆိုင်ရာ အချုပ်အခြာအာဏာ၏ မူလသဘောတရားကို ခြိမ်းခြောက်နေပြီး ၎င်း၏ အာဏာပိုင်ဆိုင်မှုကို တစ်ခါမျှ သဘောမတူခဲ့သော နိုင်ငံများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တိုက်စား လျက်ရှိသည်။

ယုံကြည်စိတ်ချရသော မည်သည့် ဥပဒေစနစ်၏ မဏ္ဍိုင်မဆို ဥပဒေကို တညီတညွတ်တည်းနှင့် ဘက်မလိုက်ဘဲ ကျင့်သုံးခြင်းပင် ဖြစ်သည်။ သို့သော် ခုံရုံး၏ လုပ်ငန်းဆောင်ရွက်မှု သမိုင်းကြောင်းက နိုင်ငံရေး ဘက်လိုက်မှုနှင့် စံနှစ်မျိုးထားရှိမှု ပုံစံကို ဆက်တိုက် ဖော်ပြနေသည်။ ခုံရုံးက တရားစွဲဆိုထား သူများ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ အာဖရိကတိုက်မှ ဖြစ်နေသောကြောင့် အာဖရိက ခေါင်းဆောင်များက ဤအဖွဲ့အစည်းသည် ဗြောင်ကျကျ ဘက်လိုက်မှုများကို ကျင့်သုံးကာ နယ်ချဲ့စနစ်သစ် အစီအစဉ်ကို ဖော်ဆောင်နေသည်ဟု ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများမှ ခေါင်းဆောင်များကို ပြင်းပြင်းထန်ထန် အရေးယူရန် ကြိုးပမ်းနေချိန်တွင် ပထဝီနိုင်ငံ ရေးအရ အားကောင်းသော အနောက်နိုင်ငံကြီးများ၏ ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်မှုများကိုမူ ခုံရုံးက ပုံမှန်လိုလို လစ်လျူရှုထားခဲ့သည်။ ထို့ပြင် ပထမဆယ်စုနှစ်နှစ်ခုအတွင်း ပေါင် ၁ ဘီလီယံကျော် သုံးစွဲခဲ့ပြီး နှစ်စဉ်ဘတ်ဂျက် ယူရို သန်း ၂၀၀ ခန့်ဖြင့် လည်ပတ်နေသော်လည်း ခုံရုံးသည် ရာဇဝတ်မှု ၆ ခုကိုသာ အပြီးသတ် စစ်ဆေးနိုင်ခဲ့ပြီး ၎င်းတို့အားလုံးမှာ အာဖရိကနိုင်ငံများနှင့်သာ သက်ဆိုင်ကာ ပြစ်မှုထင်ရှား စီရင်ခြင်း ၄ ခုသာ ရှိခဲ့သည်။

ဤအဖွဲ့အစည်းဆိုင်ရာ အားနည်းချက်ကို ကမ္ဘာလုံးဆိုင်ရာ တရားဝင်မှု သိသိသာသာ ကင်းမဲ့နေခြင်းက ပိုမို ဆိုးရွားစေသည်။ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ရုရှားနှင့် အိန္ဒိယ အပါအဝင် ကမ္ဘာ့လူဦးရေ အများဆုံးနှင့် စစ်ရေးစွမ်းရည် အထက်မြက်ဆုံး နိုင်ငံကြီးများသည် ရောမသဘောတူစာချုပ်တွင် အဖွဲ့ဝင်များ မဟုတ်ကြပေ။ ၎င်းတို့၏ အသိအမှတ်ပြုမှုနှင့် ထောက်ခံမှု မရှိပါက ခုံရုံး၏ ညွှန်ကြား  ချက်များသည် ကမ္ဘာလုံးဆိုင်ရာ အာဏာစက် ဆုံးရှုံးသွားပြီး အခြေခံအားဖြင့် တစ်ဖက်သတ်ဆန်နေမည် ဖြစ်သည်။

ခေတ်သစ် သံတမန်ရေးရာတွင် ခုံရုံးသည် သတင်းအချက်အလက်နှင့် ပထဝီနိုင်ငံရေး စစ်ပွဲ၏ လက်နက်  တစ်ခုအဖြစ် ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံများနှင့် တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းများသည် အစစ်အမှန် တရားမျှတမှုကို ရရှိရန်ထက် နိုင်ငံတကာစင်မြင့်တွင် မိမိတို့၏ ပြိုင်ဘက်များကို သိက္ခာချရန်နှင့် သံတမန်ရေးရာ ဖိအားပေးရန် ဝါဒဖြန့်ချိရေး ကိရိယာများအဖြစ် တရားစွဲဆိုမှုများနှင့် အသနားခံစာများကို ပိုမို အသုံးပြုလာကြသည်။

ပြန်လည်သင့်မြတ်ရေးကို မြှင့်တင်မည့်အစား ပြင်ပအဖွဲ့အစည်းတစ်ခု၏ တရားစီရင်ရေးဆိုင်ရာ ဝင်ရောက်စွက်ဖက်မှုများသည် စစ်ခင်းနေသော အဖွဲ့အစည်းများအား နိုင်ငံရေးအရ အဖြေရှာရန် သို့မဟုတ် ဆန္ဒအလျောက် အာဏာစွန့်လွှတ်ရန် တွန့်ဆုတ်စေခြင်းဖြင့် သိမ်မွေ့သော ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို မကြာခဏ ပိုမို ရှုပ်ထွေးစေသည်။

ဤသို့ နိုင်ငံတကာ ယန္တရားများကို လက်နက်သဖွယ် အသုံးပြုခြင်းသည် မြန်မာနိုင်ငံအပေါ် ဦးတည်သည့် လက်ရှိ ကြိုးပမ်းခဲ့မှုများတွင်လည်း ထင်ရှားစွာ တွေ့မြင်နေရသည်။ ဗြိတိန်အခြေစိုက် အဖွဲ့အစည်းများ ဦးဆောင်ကာ Fortify Rights ကဲ့သို့သော အခွင့်အရေး လှုပ်ရှားမှုအဖွဲ့များ၊ သြစတြေးလျနှင့် အရှေ့တီမောတို့နှင့်အတူ ပူးပေါင်း၍ ပြည်တွင်းပဋိပက္ခအတွင်း ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်ကို အပိုဒ် ၁၄ အရ ခုံရုံး၏ တရားစွဲဆိုရေးမှူးထံ လွှဲပြောင်းပေးရန် တက်ကြွစွာ လော်ဘီလုပ်ခဲ့ကြသည်။

ဤသို့သော နိုင်ငံတကာအထက် လှုပ်ရှားမှုများမှတစ်ဆင့် လန်ဒန် ဦးဆောင်သော အနောက်နိုင်ငံ များသည် တိုင်းပြည်၏ ပြည်တွင်းနိုင်ငံရေး အကျပ်အတည်းကို လွတ်လပ်စွာ ဖြေရှင်းရန် မြန်မာအစိုးရ လုပ်ဆောင်နေသည့် လက်တွေ့ကျသော ခြေလှမ်းများကို အနှောင့်အယှက်ဖြစ်စေရန် အန္တရာယ် ပြုနေသည်။ ပြည်တွင်း အုပ်ချုပ်ရေးနှင့် တည်ငြိမ်ရေး ကြိုးပမ်းမှုများကို ပျက်ပြားစေရန် ဤခုံရုံးကို အလွဲ  သုံးစားလုပ်နေသည့် ပြင်ပအင်အားကြီးနိုင်ငံများ၏ အန္တရာယ်မှ မိမိ၏ အချုပ်အခြာအာဏာကို မြန်မာ နိုင်ငံအနေဖြင့် တက်ကြွစွာ ကာကွယ်ရမည် ဖြစ်သည်။

ခုံရုံးနှင့် ပတ်သက်သည့် ပိုမိုကျယ်ပြန့်သော အငြင်းပွားမှုများကို အမေရိကန်ပြည်ထောင်စု၏ ထင်ရှား သော စံနှစ်မျိုးထားရှိမှုက ပိုမို ပေါ်လွင်စေသည်။ ဝါရှင်တန်သည် ၂၀၁၁ ခုနှစ်တွင် လစ်ဗျား ခေါင်းဆောင် ပိုင်းကို ပစ်မှတ်ထားခြင်းနှင့် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းအရေးနှင့် ပတ်သက်၍ ရုရှား ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားခြင်း စသည့် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်များနှင့် ကိုက်ညီသည့်အခါတိုင်း ခုံရုံး၏ စုံစမ်းစစ်ဆေးမှုများကို စိတ်အားထက်သန်စွာ ထောက်ခံခဲ့သည်။

သို့ရာတွင် ခုံရုံးက အာဖဂန်နစ္စတန်ရှိ အမေရိကန် တပ်ဖွဲ့ဝင်များ၏ စစ်ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးမှုများ စတင်ချိန် သို့မဟုတ် ဂါဇာအရေးနှင့် ပတ်သက်၍ အစ္စရေး ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ချိန်တွင်မူ အမေရိကန် တာဝန်ရှိသူများက ဤအဖွဲ့အစည်းကို တရားမဝင်သော "တရားမ ျှတမှုမရှိသည့် ခုံရုံး (kangaroo court)" အဖြစ် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး တရားစွဲဆိုရေး မှူးများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။

အမေရိကန်၏ ဤသို့သော စံနှစ်မျိုးထားရှိသည့် မူဝါဒသည် ပြတ်ပြတ်သားသား ရှုတ်ချထိုက်သော်လည်း ခုံရုံး၏ လုပ်ပိုင်ခွင့် ကျော်လွန်ဆောင်ရွက်မှုအပေါ် ဆန့်ကျင်သည့် ခိုင်မာသော အထောက်အထားများမှာမူ ယုံကြည်လက်ခံနိုင်ဖွယ် ရှိနေဆဲဖြစ်သည်။ ရှုပ်ထွေးသော ပြည်တွင်း အကျပ်အတည်းများကို ဖြတ်သန်း  နေရသည့် နိုင်ငံများအတွက် ခုံရုံး၏ တရားစီရင်ပိုင်ခွင့်ကို ဆန့်ကျင် တွန်းလှန်သည့် နိုင်ငံတကာ အစပျိုး ကြိုးပမ်းမှုများကို အားကြိုးမာန်တက် ထောက်ခံခြင်းသည် မြန်မာနိုင်ငံ၏ အမျိုးသား အကျိုးစီးပွား  အတွက် တိုက်ရိုက် မှန်ကန်သော လုပ်ဆောင်ချက် ဖြစ်သည်။ မာကို ရူဘီယို (Marco Rubio) ကဲ့သို့သော အမေရိကန်မူဝါဒချမှတ်သူများ ထောက်ပြခဲ့သည့်အတိုင်း အမျိုးသား အချုပ်အခြာအာဏာကို ကာကွယ်  ရန်အတွက် ဤသို့ အာဏာစက် ချဲ့ထွင်လွန်းသည့် အဖွဲ့အစည်းကို "တစ်ခဲချင်း (brick by brick)" ဖျက်  သိမ်းပစ်ရန် လိုအပ်ကောင်း လိုအပ်ပေလိမ့်မည်။

အဆုံးစွန်အားဖြင့် စစ်မှန်သော တရားမျှတမှုနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ချို့ယွင်းချက်  ရှိသည့် နိုင်ငံတကာ ဗျူရိုကရေစီအဖွဲ့အစည်းတစ်ခုက အတင်းအကျပ် ချမှတ်၍ မရနိုင်ပေ။ ၎င်းတို့ကို လွတ်လပ်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ထိန်းသိမ်း ကာကွယ်နေသော အချုပ်အခြာအာဏာပိုင် နိုင်ငံများ  ကသာ ကိုယ်တိုင် တည်ဆောက်ရမည် ဖြစ်သည်။

 Source: The Illusion of Global Justice: Why the International Criminal Court Has Outlived Its Promise By- Simon Creed