#WorldTech

Published - 15 December 2021

ဂျပန်နိုင်ငံသို့ဝင်ရောက်မယ့် ခရီးသည်တွေအနေနဲ့ နောက်အပတ်ကစပြီး အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ကွာရန်တင်းလုပ်ငန်းစဉ်တွေကို ဖြတ်သန်းဝင်ရောက်တဲ့အခါ အက်ပ်လီကေးရှင်းဆော့ဖ်ဝဲတစ်ခုကို အသုံးပြုပြီး ဝင်ရောက်နိုင်တော့မှာဖြစ်ကြောင်း ဒီဂျစ်တယ်လုပ်ငန်းတစ်ခုက အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။

Visit Japan Web ဆိုတဲ့ ဝန်ဆောင်မှုဟာ တနင်္လာနေ့မှာ စတင်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပြီး လောလောဆယ်မှာ စမတ်ဖုန်းတွေနဲ့ အခြားစက်တွေဖြင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ခရီးသည်တွေက အဆိုပါဝက်ဘ်ဆိုက်မှာ သူတို့ရဲ့အချက်အလက်တွေကို ဖြည့်သွင်းထားပါက အကောက်ခွန်နဲ့လူဝင်မှုကြီးကြပ်ရေး (CIQ) စာရွက်စာတမ်းတွေမှာ ဖြည့်သွင်းရေးသားဖို့ မလိုအပ်တော့ပါဘူး။

အခုလို ဒီဂျစ်တယ်စနစ်ဖြင့် လုပ်ဆောင်ရတဲ့ရည်ရွယ်ချက်က ရောဂါကူးစက်နိုင်ချေကို လျှော့ချသွားဖို့နဲ့ ဝန်ထမ်းအင်အားလျော့နည်းနေတဲ့ လေဆိပ် CIQ ဌာနမှ အရာရှိဝန်ထမ်းများအတွက် ဝန်ထုပ်ဖိအားလျော့နည်းလာဖို့ မျှော်လင့်ထားပါတယ်။

ခရီးသည်တွေက အက်ပ်လီကေးရှင်းကနေ သူတို့ရဲ့ နာမည်၊ လိပ်စာ၊ ကျန်းမာရေးအခြေအနေတွေနဲ့ အခြားအချက်အလက်တွေကို ဖြည့်စွက်ရပြီး ကွာရန်တင်းမေးခွန်းတွေနဲ့ လူဝင်မှုကြီးကြပ်ရေး အချက်အလက်တွေကိုလည်း ဖြည့်သွင်းရပါတယ်။

လေဆိပ်ကိုရောက်တဲ့အခါ ခရီးသည်တွေရဲ့ စမတ်ဖုန်း ဒါမှမဟုတ် အခြားစက်ပစ္စည်းတွေကို အရာရှိဝန်ထမ်းတွေဆီ ပြသရမှာဖြစ်ပါတယ်။အရာရှိဝန်ထမ်းတွေက စမတ်ဖုန်းမှာရှိတဲ့ QR ကုဒ်ကို စကန်ဖတ်ပြီး ခရီးသည်တွေရဲ့ အချက်အလက်တွေကို ရယူနိုင်မှာဖြစ်ပါတယ်။

အခုလိုဒီဂျစ်တယ်စနစ်ဖြင့် ဝန်ဆောင်မှုက နိုင်ငံအတွင်းသို့ဝင်ရောက်ရာမှာ အချိန်တိုအတွင်း ပြီးစီးနိုင်အောင် ရည်ရွယ်လုပ်ဆောင်ထားတာဖြစ်ပါတယ်။အစပိုင်းတော့ အက်ပ်လီကေးရှင်းထဲမှာ အင်္ဂလိပ်နဲ့ ဂျပန်ဘာသာစကား ၂ မျိုးသာပါဝင်မှာဖြစ်ပြီး အစိုးရအဖွဲ့က အခြားဘာသာစကားတွေကို နောက်ပိုင်းမှာထည့်သွင်းသွားဖို့ စဉ်းစားထားပါတယ်။

ကိုရိုနာမျိုးဗီဇကွဲအသစ် အိုမီခရွန်က အရင်မျိုးဗီဇကွဲတွေထက် ပိုမိုကူးစက်မြန်ပြီး ကာကွယ်ဆေးကရတဲ့ ခုခံအားကိုလည်း ရှောင်ရှားနိုင်တယ်လို့ ယူဆထားကြတာကြောင့် အခြားနိုင်ငံတွေလိုပဲ ဂျပန်နိုင်ငံဟာလည်း တိုင်းပြည်ဝင်ခွင့်ကို သေချာကြပ်မတ်စောင့်ကြည့်နေတာဖြစ်ပါတယ်။

Source: Kyodo News