#WorldHealth

Published-  12  November 2021

၂၀၀၀ ခုနှစ်အစောပိုင်းက SARS ရောဂါကူးစက်ခံခဲ့ရတဲ့လူနာနဲ့ အခု ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့လူနာ ၂ မျိုးစလုံးရဲ့ သွေးထဲမှာတွေ့ရတဲ့ antibody တစ်မျိုးဟာ ကိုရိုနာဗိုင်းရပ်စ်အမျိုးမျိုးကို ကာကွယ်ရာမှာ ထိရောက်မှုရှိပြီး နောက်ထွက်ပေါ်လာနိုင်တဲ့ မျိုးဗီဇကွဲတွေကိုလည်း တိုက်ထုတ်နိုင်စွမ်းရှိတယ်လို့ Duke တက္ကသိုလ်နဲ့ Chapel Hill ရှိ မြောက်ကာရိုလိုင်နာတက္ကသိုလ်တို့မှ သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။

"ဒီ antibody က အခုဖြစ်ပွားနေတဲ့ကပ်ရောဂါကို ကုသနိုင်ချေရှိပါတယ်။ နောင်ဖြစ်လာနိုင်တဲ့ ရောဂါပျံ့ပွားမှုတွေ၊ တကယ်လို့ တခြားကိုရိုနာဗိုင်းရပ်စ်တွေက နဂိုသက်ရှိသတ္တဝါကနေ လူတွေဆီခုန်ကူးလာတဲ့အခါမျိုးတွေမှာလည်း ကုသလို့ရနိုင်မှာပါ"လို့ Duke ကာကွယ်ဆေးထုတ်လုပ်ရေးစင်တာမှ ဒေါက်တာ Barton Haynes က ဆိုပါတယ်။

၂၀၀၃ ခုနှစ်တုန်းက တရုတ်နိုင်ငံနဲ့ အခြား ၄ နိုင်ငံတို့မှာ ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးကြောင့် SARS ရောဂါဖြစ်ပွားခဲ့ပါတယ်။ထိုရောဂါဟာ တစ်ကမ္ဘာလုံးကိုပျံ့နှံ့ပြီး အကြီးအကျယ်ထိခိုက်စေမယ်လို့ သတိပေးထားခဲ့ပေမယ့် ရောဂါပိုးက ပျံ့နှံ့မှုသိပ်မဖြစ်ခဲ့ဘဲ လူပေါင်းထောင်ဂဏန်းလောက်သာ ကူးစက်ခဲ့ပါတယ်။

နှစ်ပေါင်း ၂၀ နီးပါးအကြာမှာတော့ ကြောက်စရာကောင်းတဲ့ SARS ရောဂါဟာ ကိုရိုနာဗိုင်းရပ်စ်အသွင်သစ်ပုံစံနဲ့ ကိုဗစ်-၁၉ ရောဂါအဖြစ် ပျံ့နှံ့စေခဲ့ပြီဖြစ်ပါတယ်။

လူနာ၂ ဦးရဲ့ သွေးထဲက antibody ၁၇၀၀ ခန့်ကို သုတေသီတွေက လေ့လာခဲ့ရာ antibody ၅၀ ခန့်က ကိုဗစ်ရောဂါဖြစ်စေတဲ့ SARS-CoV-1 ရော SARS-CoV-2 ကိုပါ ထိရောက်စွာကုသနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

"အဲဒီ antibody က မျိုးဗီဇပြောင်းလဲခြင်းတွေ သန္ဓေပြောင်းခြင်းတွေ ဖြစ်စေနိုင်တဲ့နေရာတစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်ကို ပေါင်းစပ်လိုက်တာဖြစ်ပါတယ်။ အဲဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်ရဲ့ သွားလာလှုပ်ရှားမှုကို ချေဖျက်လိုက်တဲ့သဘောဖြစ်ပါတယ်"လို့ Haynes က ပြောပါတယ်။

ကြွက်တွေကိုစမ်းသပ်ရာမှာ antibody က ကူးစက်မှုမဖြစ်စေတဲ့အပြင် ရောဂါပြင်းထန်လာမှုကိုလည်း ကာကွယ်ပေးနိုင်ပြီး တခြားဗိုင်းရပ်စ်မျိုးရိုးဗီဇတွေနဲ့ ဒယ်လ်တာမျိုးဗီဇကွဲတွေကိုလည်း ကာကွယ်ပေးနိုင်တာကို တွေ့ရပါတယ်။

"ဒီတွေ့ရှိမှုကြောင့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတွေအပြင် မျိုးဗီဇကွဲကူးစက်မှုတွေကို ကာကွယ်ပေးနိုင်မယ့် စွယ်စုံရကာကွယ်ဆေးကို ထုတ်လုပ်ဖို့ အခြေခံအချက်အလက်တွေ သိရှိနိုင်ပြီဖြစ်ပါတယ်"လို့ ကြွက်တွေမှာ antibody စမ်းသပ်ခဲ့တဲ့ ပရော်ဖက်ဆာ Ralph S.Baric ကဆိုပါတယ်။

ယခုတွေ့ရှိချက်က လက်ရှိကပ်ရောဂါ မျိုးဗီဇကွဲတွေကို ကုသကာကွယ်နိုင်ရုံသာမက နောက်ထွက်ပေါ်လာနိုင်မယ့် မျိုးဗီဇကွဲတွေကိုပါ ကုသကာကွယ်နိုင်ဖို့ သိပ္ပံပညာရှင်တွေက မျှော်လင့်နေကြပါတယ်။
Source: The Jerusalem Post