#WorldHealth

Published -  12  November 2021

ပြီးခဲ့တဲ့အပတ်က ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးမှုနှုန်း ၁၀ ရာခိုင်နှုန်းမြင့်တက်လာပြီး ဥရောပတိုက်တစ်နေရာတည်းမှာသာ ကိုဗစ်ရောဂါကူးစက်မှုနဲ့ သေဆုံးမှုဟာ မြင့်တက်လာတာဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲအစည်း WHO က ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဥရောပတိုက်မှာ ၆ ပတ်ဆက်တိုက် ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လာတာလည်း ဖြစ်ပါတယ်။ ကပ်ရောဂါအပတ်စဉ်လေ့လာသုံးသပ်ချက်မှာ တကမ္ဘာလုံးအတိုင်းအတာအရ ရောဂါထပ်မံကူးစက်မှုပေါင်း ၃.၁ ဘီလီယံရှိခဲ့ပြီး ပြီးခဲ့တဲ့အပတ်ကထက် ၁ ရာခိုင်နှုန်းပိုများလာတယ်လို့ ကုလသမဂ္ဂကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

ကူးစက်မှုစုစုပေါင်းရဲ့ ၃ ပုံ ၂ ပုံနီးပါးဟာ ဥရောပကဖြစ်ပြီး ၇ ရာခိုင်နှုန်းမြင့်တက်လာတာဖြစ်ပါတယ်။ ကိုဗစ်ရောဂါ ထပ်မံကူးစက်မှုအများဆုံးနိုင်ငံတွေကတော့ အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ တူရကီနဲ့ ဂျာမနီနိုင်ငံတို့ဖြစ်ပါတယ်။

ဥရောပကလွဲပြီး တစ်ကမ္ဘာလုံးကနေရာအနှံမှာ အပတ်စဉ် ကိုဗစ်ရောဂါကြောင့်သေဆုံးမှု ၄ ရာခိုင်နှုန်းခန့်ကျဆင်းလာခဲ့ပါတယ်။

ရုရှားနိုင်ငံနဲ့ အာရှအလယ်ပိုင်းတွေအပါအဝင် ဥရောပရှိ WHO အဖွဲ့ဝင်နိုင်ငံ ၆၁ နိုင်ငံရဲ့ ၄၂ ရာခိုင်နှုန်းက ပြီးခဲ့တဲ့အပတ်အတွင်း ကူးစက်မှုပေါင်း အနည်းဆုံး ၁၀ ရာခိုင်နှုန်းတက်လာတယ်လို့ ထုတ်ပြန်ထားကြပါတယ်။

အမေရိကနိုင်ငံတွေမှာ အပတ်စဉ်ရောဂါကူးစက်မှုနှုန်း ၅ ရာခိုင်နှုန်းနဲ့ သေဆုံးမှုနှုန်း ၁၄ ရာခိုင်နှုန်းကျဆင်းလာပြီး အမေရိကန်နိုင်ငံကတော့ ကူးစက်မှုအများဆုံးဖြစ်နေပါတယ်။

အင်္ဂါနေ့က ဖိုင်ဇာဆေးဝါးကုမ္ပဏီက အရွယ်ရောက်ပြီးသူတွေမှာ ကိုရိုနာဗိုင်းရပ်စ် အားမြှင့်ကာကွယ်ဆေး booster ထိုးနှံခွင့်ပြုဖို့ အမေရိကန်အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးကို တောင်းဆိုခဲ့ပါတယ်။

WHO က ဒီနှစ်မကုန်ခင်အထိ booster အားမြှင့်ကာကွယ်ဆေးတွေ ထပ်မံ မထိုးသေးဖို့ တောင်းဆိုမှာကြားထားပေမယ့် နိုင်ငံပေါင်း ၆၀ လောက်ကတော့ ထိုးနှံနေကြပြီဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေမှာ ကိုဗစ်ကာကွယ်ဆေးရှားပါးပေမယ့် ကိုဗစ်ရောဂါကြောင့် သေဆုံးမှုမှာတော့ ၃ ပုံ ၁ ပုံအထိ ကျဆင်းလာပါတယ်။

WHO ရဲ့ ဥရောပဆိုင်ရာဒါရိုက်တာ ဒေါက်တာ Hans Kluge က ဥရောပမှာ ကပ်ရောဂါအဆိုးရွားဆုံးအခြေအနေ ပြန်လည်ရောက်ရှိလာနိုင်တယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောသွားပါတယ်။

"ကိုဗစ်ရောဂါကိုဟန့်တားဖို့ ဒီထက်ပိုပြီး ထိထိရောက်ရောက်မလုပ်နိုင်ရင်တော့ ဖေဖော်ဝါရီလလောက်မှာ ဥရောပအတွင်း သေဆုံးသူ ၅ သိန်းခန့်ရှိလာနိုင်တယ်"လို့ သတိပေးသွားပါတယ်။

Source: AP News