Published 12 Nov 2021

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ လာမယ့်တနင်္လာနေ့မှာ အွန်လိုင်းနှင့် ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့မျှော်လင့်ထားကြောင်း သတင်းအရင်းအမြစ်တွေကပြောပါတယ်။ ကုန်သွယ်ရေး၊လူ့အခွင့်အရေးနှင့် စစ်ရေးလှုပ်ရှားမှု တွေအပေါ် တင်းမာမှုတွေဖြစ်နေတဲ့အချိန်မှာ ခေါင်းဆောင်နှစ်ဦး ယခုလိုတွေ့ဆုံကြတာဖြစ်ပါတယ်

ဝါရှင်တန်နှင့်ဘေဂျင်းတို့ဟာ ကိုဗစ်-၁၉ကပ်ရဲ့ မူရင်းဇာစ်မြစ်ကိစ္စမှသည့် နူကလီးယားလက်နက်တွေချဲ့ထွင်တဲ့ကိစ္စတွေအထိ ပြောဆိုနေကြတာဖြစ်ပါတယ်။ ရှီကျင့်ဖျင်နှင့်တိုက်ရိုက်စကားပြောြခင်းက ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနှစ်နိင်ငံ ပဋိပက္ခဦးတည်နေတဲ့ အခြေအနေကို ဟန့်တားပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းလို့ အမေရိကန်အရာရှိတွေက ယုံကြည်နေကြတယ်လို့ ရိုက်တာကရေးသားပါတယ်။

ဘေဂျင်းက ထိပ်တိုက်ရင်ဆိုင်တွေ့မှုကို ရှောင်ရှားလိုစိတ်ထက်သန်နေပြီး ရာသီဥတုအကျပ်အတည်းကိစ္စတွေလိုကိစ္စနှင့် ကိုရိုနာကပ်ဘေးအဆုံးသတ်ဖို့ကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့တွန်းတွန်းတိုက်တိုက်ပူးပေါင်းဆောင်ရွက်နေချိန်မှာ အပြုသဘောယှဉ်ပြိုင်မှုများကိုသာ အာရုံစိုက်လိုတယ်လို့ တရုတ်အရာရှိတစ်ဦးက ပြောပါတယ်။

စကော့တလန်မှာပြုလုပ်တဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာကွန်ဖရင့်မှာ အဲဒီနှစ်နိုင်ငံက ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ သဘောတူလိုက်တာဟာ လာမယ့် ထိပ်သီးအစည်းအဝေးအတွက် အပြုသဘော အချက်ပြလိုက်တာပဲလို့ အရာရှိတွေက ပြောပါတယ်။

“အမေရိကန်နှင့် တရုတ်တို့ရဲ့ ယှဉ်ပြိုင်မှုဟာ ဂေါက်ပြိုင်ပွဲနှင့်တူတယ်။ တစ်ဖက်စီက သူတို့ရဲ့ ကိုယ်ပိုင်အစွမ်းအစကို ပိုကောင်းလာဖို့အပေါ် အာရုံစိုက်တယ်။လက်ဝှေ့ထိုးတာနှင့်မတူဘူး။လက်ဝှေ့ထိုးတာက တစ်ယောက်ကိုလဲကျအောင် လုပ်ရတာဖြစ်တယ်” လို့ အရာရှိကဖြည့်စွက်ပြောပါတယ်။

သူတို့နှစ်ယောက်အွန်လိုင်းမှာတွေ့ကြတဲ့အခါ ရှီက အမေရိကန်သမ္မတကို ဘေဂျင်းမှာ ကျင်းပမယ့် ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပွဲတက်ရောက်ဖို့ ဖိတ်ကြားနိုင်ဖွယ်ရှိတယ်လို့လည်း ဒီကိစ္စတွေနှင့်ရင်းနှီးကျွမ်းဝင်ထားတဲ့ သူနှစ်ဦးက ပြောတယ်လို့ စီအင်န်ဘီစီက သတင်းရေးသားထားပါတယ်။

ဘိုင်ဒင်နှင့်ရှီတို့ဟာ စက်တင်ဘာ ၉ရက်က မိနစ်ကိုးဆယ်ကြား ဖုန်းဆက်သွယ်စကားပြောဆိုခဲ့ကြပါသေးတယ်။ အဲဒီတုန်းက စီးပွားရေး၊ရာသီဥတုပြောင်းလဲခြင်းနှင့်ကိုဗစ်-၁၉ကိစ္စတွေ အာရုံစိုက်ပြောကြားခဲ့တာဖြစ်တယ်လို့ အမေရိကန် အကြီးတန်းအရာရှိတစ်ဦးကပြောခဲ့ပါတယ်။

Source Reuters