သုထက်သာ

တစ်ချိန်က အမေရိကန်ပြည်ထောင်စုအတွက်သာ သီးသန့်ဟု ထင်ခဲ့ရသော နိုင်ငံရေး  လှိုင်းလုံး  ကြီးတစ်ခု   သည် ယခုအခါ ဂျပန်နိုင်ငံ၏ ကမ်းခြေများသို့ မယွင်းမမှားစွာ  ရိုက်ခတ်လာနေပြီဖြစ်သည်။

ဂျပန်၏ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၏ ထိပ်တန်းနှင့် သြဇာကြီးမားသော ခေါင်းဆောင်တစ်ဦးဖြစ်သူ ဆာနာအဲ တာကာအိချိ၏ မူဝါဒများနှင့် ကြေညာချက်များတွင်၊ ကမ္ဘာတစ်လွှား ရင်းနှီးပြီးသားဖြစ်စဉ်တစ်ခုဖြစ်သည့် ဒေါ်နယ်ထရမ့် ဦးဆောင်ခဲ့သော အမျိုးသားရေးလူကြိုက်များဝါဒ၏ ဂျပန်ပုံစံဗားရှင်းတစ်ခု ပေါ်ထွက်လာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသည်။

ယဉ်ကျေးမှု နောက်ခံများ  ကွာခြားသော်လည်း၊ သူမ၏ ရပ်တည်မှုတွင် အဓိက အချက်များ  ဖြစ်သော ပြင်းထန်သည့် အကာအကွယ်ပေးရေးဝါဒဆန်သည့် "ဂျပန် ပထမ" (Japan First) အစီအစဉ်၊ လူဝင်မှုကြီးကြပ်ရေးအပေါ် တင်းမာသော ရပ်တည်ချက်၊ နှင့် ရွှေထီးဆောင်းခဲ့သည့် အမျိုးသားရေး ဂုဏ်ယူမှုကို ပြန်လည်တမ်းတစေသော ဆွဲဆောင်မှုများ သည် အမေရိကန်နိုင်ငံရေးကို ပြန်လည် ပုံဖော်ခဲ့သည့် "အမေရိကန်ပထမ" (America First) အယူဝါဒကို ပဲ့တင်ထပ်နေသည်။

ဆယ်စုနှစ်ပေါင်းများစွာ ဂျပန်နိုင်ငံသည် သိုသိပ်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် စီးပွားရေး  ဆိုင်ရာ အပြန်အလှန်မှီခိုမှုတို့အပေါ်အခြေခံကာ ၎င်း၏ စစ်ပြီးခေတ် အမှတ်သရုပ်ကို တည်ဆောက်ခဲ့   သည်။ ထိုဘုံသဘောတူညီချက်သည် ယခုအခါ နိုင်ငံတွင်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

တာကာအိချိ၏ နိုင်ငံရေးအရှိန်အဝါ မြင့်တက်လာခြင်းသည် ပိုမို၍ အပေးအယူဆန်ပြီး မာကျောပြတ်သားသော နိုင်ငံခြားရေးမူဝါဒဆီသို့ ဦးတည်နေကြောင်း ဖော်ပြနေသည်။ ဂျပန်အတွက် ရှင်းလင်း ပြတ်သားမှုမရှိဘဲ ချက်ချင်းလက်ငင်း အကျိုးကျေးဇူးလည်းမရှိသော နိုင်ငံတကာ သဘောတူညီချက်များကို သူမက  သံသယရှိနေသည်။ ယခင်က ကုန်သွယ်ရေးသဘောတူညီချက်များကို ပြန်လည်ညှိနှိုင်းရန် သူမ၏ တောင်းဆိုမှုများသည် ထရမ့်အစိုးရ၏ အပေးအယူဆန်လွန်းသော သံတမန် ရေးကို ထင်ဟပ်နေသည်။

ရေရှည်တည်တံ့သော မဟာမိတ်ဖြစ်မှုများနှင့် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများထက် ရေတို အမျိုးသား  အကျိုး  စီးပွားကို ဦးစားပေးသည့် ဤချဉ်းကပ်မှုသည် ဂျပန်၏ အစဉ်အလာ အခန်းကဏ္ဍဖြစ်သည့် လစ်ဘရယ် နိုင်ငံတကာအစီအစဉ်၏ အုတ်မြစ်အဖြစ်မှ ဖယ်ခွာကာ ကိုယ့်ဘာသာ ရပ်တည်ရန် ပိုမို  တိမ်းညွတ်  မှုရှိနေသည်ကို ပြသနေသည်။

ဤ “ဂျပန်ပထမ” သဘောထားသည် လူဝင်မှုကြီးကြပ်ရေးကိစ္စတွင် အထင်ရှားဆုံးဖြစ်သည်။ လျင်မြန်စွာ အိုမင်းလာပြီး လူဦးရေ လျော့နည်းလာသည့် လူဦးရေဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော ဂျပန်နိုင်ငံတွင် တာကာအိချိသည် လူဝင်မှုကြီးကြပ်ရေးကို ဖြေရှင်းမှုတစ်ခုအဖြစ် လက်ခံမှုမပြုဘဲ ခြိမ်းခြောက်မှုအဖြစ် ပုံဖော်ခဲ့သည်။ သူမ၏ မူဝါဒသည် နယ်စပ်ထိန်းချုပ်မှုနှင့် နိုင်ငံခြားသားများအပေါ် ကန့်သတ်ချက်များကို သိသိသာသာ တင်းကျပ်ရန် တောင်းဆိုမှုများအပေါ် အခြေခံထားသည်။

ရွှေ့ပြောင်းနေထိုင်သူများကို ဂျပန်၏ လူမှုရေးတည်ဆောက်ပုံနှင့် ယဉ်ကျေးမှုသဟဇာတဖြစ်မှုအပေါ် အန္တရာယ်ဖြစ်စေသူများအဖြစ် ပုံဖော်ခြင်းဖြင့် သူမသည် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတစ်ဝန်း  တွင်ရှိနေသည့် ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေးစိတ်ဓာတ်ကို ဖြစ်ပေါ်စေသော ပဋိပက္ခဖန်တီးသည့် စကားလုံးများကို အသုံးပြုခဲ့သည်။ ဤရပ်တည်ချက်သည် ဂျပန်အတွက် နိုင်ငံခြားအလုပ်သမားများအား စီးပွားရေးအရလိုအပ်နေမှုကို လျစ်လျူရှုပြီး လူထု(လူပြိန်း)အကြိုက် နိုင်ငံရေးသမားများ၏ ထုံးစံအတိုင်း အမျိုးသားရေးစိုးရိမ်ပူပန်မှုများကို အသုံးချခဲ့သည်။

ထို့အပြင် တာကာအိချိ၏ အမျိုးသားရေးဝါဒသည် ဂျပန်၏ သရုပ်လက္ခဏာ၏ ထူးခြားသော အမြင်နှင့် သမိုင်းကြောင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။ ပြတ်သားသော အစဉ်အလာဝါဒီတစ်ဦးအနေဖြင့် သူမသည် ဂျပန်၏ စစ်အတွင်းအတိတ်ကို ပြန်လည်ပြင်ဆင်လိုသည့် အမြင်များနှင့်အငြင်းပွားဖွယ်ရာ ယာဆူကူနိ နတ်ကွန်းသို့ သူမက ပုံမှန်သွားရောက်ခြင်းတို့သည် သူမ၏ ကိုယ်ပိုင်ယုံကြည်ချက်များ သက်သက်မျှ မဟုတ်ပါ။ ၎င်းတို့သည် နိုင်ငံရေးဆိုင်ရာ ထုတ်ဖော်ပြောဆိုချက်များဖြစ်နေသည်။

၎င်းတို့ သည် စစ်ပြီးခေတ် စစ်ဆန့်ကျင်ရေးဝါဒ၏ အကန့်အသတ်များမှ ကင်းလွတ်ပြီး ပိုမိုပြတ်သား၍ တောင်းပန်ခြင်းမရှိသော အမျိုးသားရေးပုံရိပ်ဖော်ညွှန်းမှုကို ပြန်လည်ရယူလိုသည့် ဆန္ဒကို ဖော်ပြနေ  သည်။ နိုင်ငံ၏ သမိုင်းကြောင်းကို မျက်နှာချေလိမ်းဖော်ပြသည့် ဤယဉ်ကျေးမှုဆိုင်ရာ အမျိုးသား  ရေးဝါဒသည် အနောက်နိုင်ငံများရှိ ယဉ်ကျေးမှုစစ်ပွဲများကဲ့သို့ပင် ပျောက်ဆုံးသွားသော ကြီးမြတ်မှုနှင့် ရိုးရာဓလေ့များကို တမ်းတခြင်းဖြင့် လူအဖွဲ့အစည်းတစ်ရပ်လုံးကို လှုံ့ဆော်ရန် အထောက်အကူ ဖြစ်စေ  သည်။

ရှင်းရှင်းပြောရလျှင် ဆနဲ တာကာအိချိသည် ဒေါ်နယ်ထရမ့်၏ ကာဗွန်မိတ္တူမဟုတ်ပါ။ သူမ၏ နိုင်ငံရေးသည် ဂျပန်၏ ထူးခြားသော သမိုင်းနှင့် ရှေးရိုးစွဲကိုယ်ပိုင် ရိုးရာအစဉ်အလာများ၏ အသီးအပွင့် တစ်ခုဖြစ်နေသည်။ သို့သော်လည်း ထင်ရှားသော ဆင်တူမှုများကို လျစ်လျူရှုလိုက်ပါက ပိုမိုကြီးမားသော ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်းကို လွဲချော်သွားစေလိမ့်မည်။ စီးပွားရေးကာကွယ်ရေးဝါဒ၊ တင်းကျပ်သော လူဝင်မှုကြီးကြပ်ရေးမူဝါဒများနှင့် ပြင်းပြသော အမျိုးသားရေးဝါဒတို့ ပေါင်းစပ်ထားသော ဖော်မျူလာ သည် ကမ္ဘာတစ်ဝန်းတွင် အစွမ်းထက်ကြောင်း သက်သေပြနေသည်။

“အမေရိကန် ပထမ” က သမ္မတအိမ်ဖြူတော်၏ ထုတ်ပြန်ထားသော မူဝါဒပြန်ဖြစ်လာသည့် အခြေ  အနေကို ကမ္ဘာကြီးရင်ဆိုင်နေရချိန်တွင် တာကာအိချိကဲ့သို့သော “ဂျပန် ပထမ” ထောက်ခံသူတစ်ဦး ပေါ်ပေါက်လာခြင်းသည် ခေတ်၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ ၎င်းသည် ဂျပန်ကို အတွင်းဘက်သို့ ဦးတည်စေနိုင်ပြီး ၎င်း၏ မဟာမိတ်များနှင့် ဆက်ဆံရေးနှင့် ကမ္ဘာ့စင်မြင့်ပေါ်တွင် ၎င်း၏ ရပ်တည်ချက်ကို အခြေခံကျကျ ပြောင်းလဲစေနိုင်သည့် ကြီးမားသော အပြောင်းအလဲကို ကိုယ်စားပြုနေသည်။ နေမင်းသည်ပိုမိုပြတ်သား၍ ပိုမို အမျိုးသားရေးဝါဒီဆန်သော အသစ်တစ်ရပ်တွင် ထွန်းလင်းလာပြီး ၎င်း၏ အရိပ်သည် အလွန်အမင်း ရင်းနှီးကျွမ်းဝင်ပြီးသား ပုံရိပ်ဖြစ်နေပါသည်။

(ယခု သုံးသပ်ချက်ဆောင်းပါးကို AP, ရိုက်တာနှင့် နိုင်ငံတကာ သတင်းပေးပို့ချက်များအပေါ် အခြေခံ၍ ဆန်းစစ်သုံးသပ်ထားခြင်းဖြစ်ပါသည်။)