၂၉ ဧပြီ၊၂၀၂၆— နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး  အတွင်း အသစ်တည်ဆောက်ပြီးစီးခဲ့သော မဂ္ဂါဝပ် ၄၀ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်  ဓာတ်အားပေးစက်ရုံ (၂) ရုံကို ယနေ့ဧပြီ ၂၉ ရက်က တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့သည်။

အဆိုပါစက်ရုံများမှာ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် Leader Power Co., Ltd. မှ တည်ဆောက်ထားသော သာစည် ၄၀ မဂ္ဂါဝပ် စက်ရုံနှင့် မိတ္ထီလာမြို့နယ်တွင် Hanzar Solar Energy Co., Ltd. မှ တည်ဆောက်ထားသော သပြေဝ ၄၀ မဂ္ဂါဝပ် စက်ရုံတို့ဖြစ်ကြပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြီးစီးခဲ့သည့် စီမံကိန်း (၂) ခုမှ တစ်နှစ်လျှင် ကီလိုဝပ်နာရီသန်းပေါင်း ၂၀၂ သန်းအထိ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်  ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် မကြာမီကာလတွင် ပြီးမြောက်တော့မည့် ၂၁၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက်လည်း ဝန်ကြီး  ဌာနအနေဖြင့် လိုအပ်သည်များ အမြန်ဆုံးပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း အတည်ပြု   ပြောကြားခဲ့သည်။

လက်ရှိ နိုင်ငံအတွင်း ကြုံတွေ့နေရသည့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပြဿနာများနှင့် ပတ်သက်၍လည်း ပြည်ထောင်စုဝန်ကြီးက ပွင့်လင်းစွာ ရှင်းလင်းပြောကြားခဲ့သည်။ စီမံကိန်းများ နှောင့်နှေးကြန့်ကြာနေခြင်း၊ စက်ရုံအချို့ ဖျက်ဆီးခံရခြင်းကြောင့် ထုတ်လုပ်မှု ကျဆင်းခြင်း၊ ဝေးလံသောခရီးသို့ ဓာတ်အားပို့လွှတ်ရသဖြင့် လေလွင့်ဆုံးရှုံးမှုများပြားခြင်းနှင့် သဘာဝဘေးအန္တရာယ်အပါအဝင် လူတို့၏ ဖျက်ဆီးမှုများကြောင့် ဓာတ်အားလိုင်းကြီးများ ပျက်စီးကာ System Break Down များ မကြာခဏဖြစ်ပေါ်နေရကြောင်း သူက ထောက်ပြခဲ့သည်။

ဤကဲ့သို့ လျှပ်စစ်ဓာတ်အားစနစ်၏ အားနည်းချက်များနှင့် ဖြန့်ဖြူးမှုအပိုင်းရှိ လေလွင့် ဆုံးရှုံးမှုများကို ကုစားနိုင်ရန် ခေတ်မီနည်းပညာဖြင့် ထိန်းကျောင်းခြင်းနှင့် စီမံခန့်ခွဲမှု နည်းလမ်းများပါဝင်သော ရေတိုရေရှည် အစီအမံများကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ်  ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြည်သူများအား အသိပေးကတိပြုခဲ့သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လျှပ်စစ်ဓာတ်အား  ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်နှင့် Asia World Co., Ltd. မှ တာဝန်ရှိသူတစ်ဦးတို့က စက်ရုံများအား ဖဲကြိုးဖြတ် ဖွင့်လှစ်  ပေးခဲ့ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ကမ္ပည်းမော်ကွန်း   ကျောက်စာတိုင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး စက်ရုံများ၏ Control Room အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် ရွှေစွမ်းအင် ကုမ္ပဏီလီမိတက်မှ အကောင်အထည်ဖော် တည်ဆောက်လျက်  ရှိသော ၂၁၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းသို့ သွားရောက်ကာ တည်ဆောက်ရေးလုပ်ငန်းခွင် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်  ဆေးခဲ့ကြောင်း သတင်းရရှိသည်။

-END-