#World_Science
Published 14 May 2023


စထရက်တိုစဖီးယားလို့ခေါ်တဲ့ ကမ္ဘာအပေါ်ပိုင်းလေထုကနေ မူလဇာစ်မြစ်လုံးဝမသိရတဲ့ အသံထူးထူးဆန်းဆန်းတစ်ခုကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ကြပါတယ်။

 

အမေရိကန် ဆန်ဒီယာအမျိုးသားဓာတ်ခွဲခန်းမှ သုတေသီအဖွဲ့လွှတ်တင်လိုက်တဲ့ မိုက်ခရိုဖုန်းပါဝင်တဲ့ ၆-၇ မီတာရှိ ဆိုလာပူဖောင်းကြီးဖြင့် ထိုအသံကိုမှတ်တမ်းတင်ရရှိခဲ့တာဖြစ်ပါတယ်။

 

ကမ္ဘာဂြိုဟ်မှအထက် ၃၁ မိုင်ခန့်ရှိ အဆိုပါစထရက်တိုစဖီးယားအလွှာမှာ အတော်လေးငြိမ်သက်နေပြီး မုန်တိုင်းများ၊ လှိုင်းထန်ခြင်းများ၊ လေကြောင်းသွားလာရေးများ ကင်းစင်နေပါတယ်။

 

ဒါပေမဲ့ တစ်နာရီကို အကြိမ်အနည်းငယ်ခန့်ဖြင့် ထပ်ခါထပ်ခါလွှင့်နေတဲ့ မိုက်ခရိုဖုန်းကနေ လျှို့ဝှက်ဆန်းကြယ်တဲ့အသံတွေကို ကြားလိုက်ရတဲ့အခါမှာတော့ သိပ္ပံပညာရှင်တွေ အံ့ဩခဲ့ရပါတယ်။

 

ဖမ်းယူရရှိခဲ့တဲ့အသံတွေဟာ ကြိမ်နှုန်းအကွာအဝေး ၂၀ ဟတ်ဇ်နဲ့အောက်မှာရှိပြီး လူတွေမကြားနိုင်တဲ့အသံမျိုးဖြစ်ကာ အရင်းအမြစ်ကို မထုတ်ဖော်နိုင်သေးပါဘူး။

 

"အချို့သောပျံသန်းမှုတွေမှာ တစ်နာရီကို အကြိမ်အနည်းငယ်ဖြစ်ပေါ်တဲ့ အသံလှိုင်းဆိုင်ရာအချက်ပြမှုများရှိနေပေမယ့် အရင်းအမြစ်ကိုလုံးဝမသိရသေးဘူး" လို့ ဒန်နီယယ်ဘိုးမန်းက ထုတ်ပြန်ခဲ့ပါတယ်။

 

သုတေသီအဖွဲ့က ကြိမ်နှုန်းနိမ့်အသံများကို ထောက်လှမ်းနိုင်တဲ့ မိုက်ခရိုဘာရိုမီတာလို့ခေါ်တဲ့ အသံစုစည်းကိရိယာကို အသုံးပြုခဲ့တာဖြစ်ပြီး အစပိုင်းက မီးတောင်များကိုစောင့်ကြည့်ရန် ထုတ်လုပ်ထားတာဖြစ်ပါတယ်။

 

ဒီအာရုံခံကိရိယာတွေကို ဈေးသက်သာပြီးသာမန်ကျတဲ့ပစ္စည်းများဖြင့်တည်ဆောက်ထားတဲ့ မိုးပျံပူဖောင်းများဖြင့် အမြင့်ကိုသယ်ဆောင်သွားတာဖြစ်ပါတယ်။

 

ထိုဆိုလာပူဖောင်းတွေကို နေရောင်ခြည်ဖြင့် စွမ်းအင်ပေးထားကာ ကမ္ဘာမြေပြင်အထက် ပေ ၇ သောင်းအမြင့်သို့ တက်ရောက်နိုင်စွမ်းရှိပါတယ်။

 

ယင်းတို့က ကီလိုမီတာရာနဲ့ချီ ပျံသန်းနိုင်ကာ တည်နေရာရှာဖွေရန်ခက်ခဲတဲ့နေရာများသို့ ကျရောက်နိုင်တာကြောင့် GPS များသုံးပြီး ခြေရာခံခဲ့ပါတယ်။

 

ပူဖောင်းတွေက အလွန်ကြီးမားတဲ့ပူဖောင်းအိတ်ကြီးတွေဖြစ်ပြီး မှောင်မည်းနေစေဖို့ အထဲမှာမီးသွေးမှုန့်များ ထည့်သွင်းထားကြောင်း ဘိုးမန်းရဲ့ထုတ်ပြန်ချက်ကို CNN ကဖော်ပြထားပါတယ်။

နေထွက်လာတဲ့အခါ အထဲကလေက ပူတက်လာကာ လွင့်မြောနေစေမှာဖြစ်ပါတယ်။


ဆိုလာပူဖောင်းတွေက ကြိမ်နှုန်းနိမ့်အသံများကို မှတ်တမ်းတင်နိုင်ပေမယ့် သုတေသီများအတွက် စိန်ခေါ်မှုတွေလည်း ရှိနေပါသေးတယ်။

 

စထရာတိုစဖီးယားဟာ အပူနဲ့အအေးကြား အပူချိန်အတက်အကျကြမ်းတမ်းတဲ့ အနေအထားမှာရှိပါတယ်။

 

ဆိုလာပူဖောင်းတွေက နည်းနည်းနှေးကွေးပြီးတော့ အဲဒါတွေကို လွှတ်တင်ဖို့ကြိုးစားတဲ့အခါ ချုံပုတ်တွေပေါ်မှာ ပျက်သွားခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

 

Source: WION #World_Science #လျှို့ဝှက်ဆန်းကြယ်သည့်အသံ #ကမ္ဘာ့လေထုအပေါ်လွှာ
#YMG #Yangon_Media_Group