#World_Politics
Published 13 May 2023


ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးအရအပြီးသတ်ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် တရုတ်နိုင်ငံမှ အထူးသံတမန်တစ်ဦးကို ရုရှားနဲ့ ယူကရိန်းထံသို့ လာမယ့်သီတင်းပတ်အတွင်း စေလွှတ်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာပြောကြားလိုက်ပါတယ်။

 

တရုတ်နိုင်ငံရဲ့ ဥရောပရေးရာ အထူးကိုယ်စားလှယ်နဲ့ မော်စကိုဆိုင်ရာသံအမတ်ဟောင်း 'လီဟွေ'ဟာ ပြင်သစ်၊ ဂျာမနီ၊ ပိုလန်နိုင်ငံတို့ထံလည်း သွားရောက်လည်ပတ်မှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ'ဝမ်ဝမ်ဘင်'က ပြောကြားခဲ့ပါတယ်။

 

ယူကရိန်း-ရုရှားစစ်ပွဲမှာ တရုတ်အစိုးရက ကြားနေအဖြစ်ဆက်လက်တည်ရှိမယ်လို့ ဆိုထားသလို ရုရှားနဲ့လည်း ဆက်ဆံရေးအကန့်အသတ်မထားရှိကြောင်း ဆိုထားပါတယ်။

 

နေတိုး(NATO)နဲ့ အမေရိကန်တို့ကြောင့် ပဋိပက္ခဖြစ်ရတယ်ဆိုပြီး တရုတ်က ပြစ်တင်ဝေဖန်ထားပါတယ်။

 

ရုရှားဘက်က တိုက်ခိုက်မှုတွေရပ်တန့်ပြီး ယူကရိန်းနယ်မြေကနေ ဆုတ်ခွာတဲ့အခါမှသာ ဆုံးဖြတ်ချက်ချနိုင်မယ်လို့ ထောက်ခံနေတဲ့သူတွေကတော့ ယူကရိန်းအတွက် တရုတ်ကချမှတ်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ပယ်ချလိုက်ကြပါတယ်။

 

ပြီးခဲ့တဲ့လက တရုတ်ခေါင်းဆောင်'ရှီကျင့်ဖင်'ဟာ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'နဲ့ ဖုန်းပြောဆိုခဲ့ပြီး သံတမန်ရေးရာတွန်းအားပေးဖို့အကြောင်း ဆွေးနွေးခဲ့ပါတယ်။

 

"သက်ဆိုင်ရာနိုင်ငံတွေဆီ တရုတ်ကိုယ်စားလှယ်ခရီးသွားရောက်ခြင်းဟာ ငြိမ်းချမ်းရေးနဲ့ စေ့စပ်ညှိနှိုင်းရေးမြှင့်တင်ဆောင်ရွက်မယ့် တရုတ်ရဲ့ကတိကဝတ်ကို ဖော်ပြနေပါတယ်
" လို့ ဝမ်ဝမ်ဘင်က သောကြာနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

ယခင်က တရုတ်ဟာ အခြားနိုင်ငံများရဲ့ ပဋိပက္ခများမှာ ပါဝင်ပတ်သက်ခြင်းမှ ရှောင်နေခဲ့ပေမယ့် အီရန်နဲ့ ဆော်ဒီအာရေဗျတို့ကြား ဆွေးနွေးပွဲအတွက် ကြားဝင်ဖျန်ဖြေပေးခဲ့ကာ ၇ နှစ်ကြာပြိုကွဲနေခဲ့တဲ့ သံတမန်ဆက်ဆံရေးကို ပြန်လည်ထူထောင်နိုင်ခဲ့ပါတယ်။

 

တရုတ်နိုင်ငံဟာ ရုရှားနဲ့ဆက်ဆံရေးရင်းနှီးကာ အမေရိကန်နဲ့ မဟာမိတ်များက ရုရှားဓာတ်ငွေ့နဲ့ရေနံတွေကို မဝယ်တော့တဲ့နောက် တရုတ်က အများဆုံးဝယ်ယူထားပါတယ်။

 

ကမ္ဘာလုံးဆိုင်ရာအရေးမှာ အမေရိကန်ရဲ့လွှမ်းမိုးချုပ်ကိုင်မှုကို ဆန့်ကျင်ရာမှာ တရုတ်က ရုရှားကို မိတ်ဖက်နိုင်ငံအဖြစ်သတ်မှတ်ထားပြီး ယူကရိန်းကိုကျူးကျော်တဲ့ရုရှားကို ဝေဖန်ရှုတ်ချခြင်းမပြုလုပ်ထားပါဘူး။

 

ဝမ်ဝမ်ဘင်က နှစ်နိုင်ငံဆက်ဆံရေးတိုးတက်တည်ငြိမ်ရေးအတွက် ပွင့်လင်းမြင်သာစွာ ဆက်ဆံရေးမြှင့်တင်ထားကြောင်း ပြောကြားသွားပါတယ်။

 

Source: WION #World_Politics #ရုရှားနှင့်ယူကရိန်း #တရုတ်အထူးကိုယ်စားလှယ်စေလွှတ်
#YMG #Yangon_Media_Group