#World_Health
Published 18 December 2022

 

ကိုယ့်ကိုယ်ကိုသတ်သေချင်စိတ်ဟာ အချို့လူတွေရဲ့ မျိုးရိုးဗီဇနဲ့ သက်ဆိုင်နေကြောင်း လေ့လာတွေ့ရှိထားပါတယ်။

 

မိမိကိုယ်ကိုသတ်သေခြင်း ဒါမှမဟုတ် သတ်သေချင်စိတ်ရှိတဲ့ စစ်မှုထမ်းဟောင်းတွေမှာ အတွေ့များတဲ့မျိုးရိုးဗီဇ ၄ မျိုးကို သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြပါတယ်။

 

ထိုမျိုးရိုးဗီဇတွေက စိတ်ထိခိုက်ဒဏ်ရာရခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်စဉ်တို့နဲ့ ဆက်စပ်နေတာကို အရင်ကလည်း တွေ့ရှိခဲ့ကြပါတယ်။

 

ဒီမျိုးရိုးဗီဇတွေက သတ်သေချင်စိတ်ကို ဖြစ်စေပေမယ့် လူတွေရဲ့အနာဂတ်ကိုတော့ ဆုံးဖြတ်ပေးတာမဟုတ်ပါဘူး။

 

၂၀၂၀ မှာ အမေရိကန်လူမျိုး ၄၅,၉၇၉ ယောက် ကိုယ့်ကိုယ်ကိုသတ်သေခဲ့ပြီး စစ်မှုထမ်းဟောင်း ၆,၁၄၆ ယောက် ပါဝင်ခဲ့ပါတယ်။

 

အသက် ၄၅ နှစ်အောက် အမေရိကန်အမျိုးသားတွေမှာ ကိုယ့်ကိုယ်ကိုသတ်သေခြင်းက ဒုတိယသေဆုံးမှုအများဆုံး အကြောင်းအရင်းဖြစ်နေကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာရဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

အမျိုးသမီးတွေမှာလည်း ၅၀ ရာခိုင်နှုန်း အဖြစ်များလာကာ ဆိုရှယ်မီဒီယာတွေကနေ စိတ်ဖိစီးမှုတွေနဲ့ မိမိကိုယ်ကိုယုံကြည်မှု ပြဿနာတွေ များလာတာက အဓိကသက်ဆိုင်နေနိုင်တယ်လို့ ပညာရှင်များက သတိပေးထားပါတယ်။

 

စစ်မှုထမ်းဟောင်း ၆၃၀,၀၀၀ ပါဝင်တဲ့ ဒေတာဘေ့စ်ထဲက သွေးနမူနာများကို မြောက်ကယ်ရိုလိုင်းနားမှ သုတေသီများ လေ့လာခဲ့ကြပါတယ်။
မျိုးရိုးဗီဇတွေက လူတိုင်းရဲ့သွင်ပြင်လက္ခဏာတွေနဲ့ ဦးနှောက်ဆောင်ရွက်ပုံတို့မှာ ပါဝင်ပတ်သက်နေပါတယ်။

 

လူတစ်ယောက်မှာ မျိုးရိုးဗီဇအတွဲပေါင်း ၂ သောင်းခန့်ရှိပါတယ်။
ဖခင်ဆီက တစ်ခုနဲ့ မိခင်ဆီက တစ်ခုတို့ဟာ သားအိမ်ထဲမှာပေါင်းစပ်ပြီး တစ်စုံဖြစ်သွားပါတယ်။

 

မျိုးရိုးဗီဇကွဲပြားချက်အရ လူတစ်ယောက်ရဲ့ ဦးနှောက်၊ အာရုံကြောစနစ်၊ ခန္ဓာကိုယ်လုပ်ဆောင်မှုတို့ဟာ စိတ်ကျန်းမာရေးအပေါ် သိသိသာသာပြောင်းလဲမှု ဖြစ်ပေါ်စေပါတယ်။

 

စမ်းသပ်ခဲ့တဲ့သူတွေထဲမှာ မိမိကိုယ်ကိုသတ်သေချင်သူနဲ့ သတ်သေဖို့ကြိုးပမ်းခဲ့သူ ၁၂၁,၂၁၁ ဦးရှိခဲ့ပါတယ်။

 

ထိုလူတွေမှာ အတွေ့အများဆုံးမျိုးရိုးဗီဇ ၄ မျိုးက ESR1, DRD2, DCC နဲ့ TRAF3 တို့ဖြစ်ပါတယ်။

 

မျိုးရိုးဗီဇတွေက အခြားပြဿနာအန္တရာယ်တွေမှာ သိပ်ပြီးမသက်ရောက်ပေမယ့် သတ်သေချင်စိတ်နဲ့ ပတ်သက်လာရင်တော့ ဇီဝဖြစ်စဉ်လမ်းကြောင်းတွေကို သိထားဖို့လိုပါတယ်လို့ ဒေါက်တာ'‌နသန်ကင်ဘရယ်လ်'က ဖော်ပြထားပါတယ်။

 

ကိုယ့်ကိုယ်ကိုသတ်သေချင်တဲ့စိတ်ဟာ အချို့လူမျိုး‌တွေနဲ့ ပိုမိုသက်ဆိုင်တယ်ဆိုတဲ့ ပတ်သက်မှုမျိုးတော့ မတွေ့ခဲ့ကြပါဘူး။

 

Source: DailyMail
#Yangon_Media_Group