Published 24 April 2022

မော်စကိုက တောင်ပိုင်းမြို့ မာယီယူပူးလ်ကို သိမ်းပိုက်ကြောင်းနှင့် စက်ရုံကိုသိမ်းရန်မလိုကြောင်းကြေညာခဲ့ပြီးနောက် ရက် အနည်းငယ်မှာ ရုရှားတပ်တွေက ယူကရိန်းရဲ့ နောက်ဆုံးခုခံကာကွယ်သူတွေရှိနေကြတဲ့ သံမဏိစက်ရုံကြီးကို ပြန်လည် တိုက်ခိုက်မှုတွေ ဧပြီ၂၄ ရက်က စတင်လာကြပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးက ယူကရိန်းစစ်တပ်ဟာ မာယီယူပူးလ်ဆိပ်ကမ်းမြို့ကို ပြန်သိမ်းယူဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ပြောပါတယ်။

ဒါပေမယ့် အမေရိကန်က ထိပ်တန်းသံတမန်တွေဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၊ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့ ဧပြီ၂၄ ရက်(တနင်္ဂနွေ)နေ့မှာ ကိဗ်ကိုလာရောက်ကြမှာဖြစ်ပြီး ရုရှားကျူးကျော်မှုတတိယပတ်ထဲ ရောက်လာတဲ့အချိန်မှာ ယူကရိန်းဟာ ဘယ်လိုလက်နက်တွေလိုအပ်တယ်ဆိုတာ ဆွေးနွေးကြမယ်လို့ သူက ပြောပါတယ်။

“ ကျွန်တော်တို့ လက်နက်တွေပိုရလာတာနှင့်အမျှ လက်နက်တွေလုံလောက်ပြီဆိုတာနှင့် ယာယီသိမ်းပိုက်ခံထားရတဲ့ ဒီနယ်မြေကို ချက်ခြင်းပြန်သိမ်းပိုက် မှာပါ။ကျွန်တော့်ကိုယုံပါ” လို့ ဇီလင်စကီးက စနေနေ့ညနေခင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဘလင်ကင်နှင့်အော်စတင်တို့ရဲ့ ခရီးနှင့်ပတ်သက်လို့ အိမ်ဖြူတော်က အတည်ပြုချက်မပေးပါဘူး။ နိုင်ငံခြားရေးဌာနနှင့် ပင်တဂွန်ကလည်း မှတ်ချက်ပေးဖို့ငြင်းဆန်ပါတယ်။

မာရီယူပူးလ်ကို တိုက်ခိုက်မှုတွေဟာ ရက်သတ္တပတ်များစွာ ပစ်ခတ်နေပြီး ပဋိပက္ခအတွင်း အကြီးကျယ်ဆုံးဖြစ်ပါတယ်။  ဒီမြို့ကို သိမ်းပိုက်မှုဟာ အရှေ့ပိုင်းဒွန်ဘတ်ဒေသနှင့် ၂၀၁၄မှာ မော်စကိုက သိမ်းပိုက်ထားတဲ့ ပင်လယ်နက်ကျွန်းဆွယ်က  ခရိုင်းမီးယားကို ချိတ်ဆက်နိုင်မယ့် ရုရှားရဲ့ မရှိမဖြစ်လိုအပ်တဲ့  ဆောင်ရွက်မှုဖြစ်ပါတယ်။

မော်စကိုက ထောက်ခံထားတဲ့ ခွဲထွက်ရေးသမားတွေဟာ ဒွန်ဘတ်စ်ဒေသမှာ နှစ်ပေါင်းများစွာ နယ်မြေစိုးမိုးထားပါတယ်။

ပင်လယ်နက်ဆိပ်ကမ်းမြို့ အိုဒီဆာမှာ ဒုံးကျည်တိုက်ခိုက်ခံရမှုကြောင့် လူ(၇)ဦး သေဆုံးခဲ့တယ်လို့ ဇီလင်စကီးကပြောပါတယ်။ ဒုံးကျည်တွေဟာ စစ်ဘက်အဆောက်အဦတစ်လုံးနှင့် လူနေအဆောက်အဦနှစ်လုံး  ဖျက်ဆီးခံရတယ်လို့  ယူကရိန်းစစ်တပ်ကပြောပါတယ်။

အသေအပျောက်များနှင့်ပတ်သက်လို့ အတည်ပြုလို့မရသေးပါဘူး။ အိုဒီဆာကို  နောက်ဆုံးအကြီးအကျယ်တိုက်ခိုက်ခဲ့တာဟာ ဧပြီလစောစောပိုင်းမှာဖြစ်ပါတယ်။

ရုရှားဟာ ယူကရိန်းကို သူတို့ရဲ့ ဒုံးကျည်အများဆုံး ပစ်ခတ်ပြီးပြီလို့ ဇီလင်စကီးကပြောပါတယ်။ “  သူတို့မှာ ကျန်သေးတာပေါ့။ အဲဒါကြောင့်လည်း သူတို့ ကျွန်တော်တို့ပြည်သူတွေကို ဒုံးကျည်နှင့်အကြမ်းဖက်မှုတွေ ဆက်လုပ်နိုင်ကြတာပေါ့” လို့ သူကပြောပါတယ်။

ရုရှားကတော့ အရပ်သားတွေပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာတွေကို ငြင်းဆိုထားပါတယ်။

သူတို့ရဲ့ ပစ်မှတ်တိကျတဲ့ ဒုံးကျည်တွေဟာ အမေရိကန်နှင့် ဥရောပနိုင်ငံတွေက ပေးပို့ထားတဲ့ လက်နက်တွေရှိနေတဲ့ အိုဒီဆာက ထောက်ပို့ရုွတစ်ခုကို ဖျက်ဆီးပစ်လိုက်နိုင်တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီအပြင် ယူကရိန်းတပ်သား၂၀၀အထိ သတ်ပစ်ခဲ့ပြီး နှင့် ယန္တယားပေါင်း ၃၀ကျော်ကို ဖျက်ဆီးခဲ့တယ်လို့လည်း ရုရှားက ပြောပါတယ်။

Source Reuters