#WorldHealth
Published 24 April 2022

 

ကုလကျန်းမာရေးအေဂျင်စီရဲ့ လေ့လာသုံးသပ်ချက်အရ ဖိုင်ဇာ(Pfizer)မှထုတ်လုပ်တဲ့ ကိုဗစ်ကုသဆေးဟာ ဆေးရုံတက်ကုသခံယူရမှုနှုန်းကိုလျှော့ချနိုင်ကြောင်း တွေ့ရှိပြီးနောက် ရောဂါကြောင့် အသက်အန္တရာယ်ရှိနိုင်တဲ့သူတွေမှာ အသုံးပြုနိုင်တယ်လို့ WHO က ကြာသပတေးနေ့က ထောက်ခံလိုက်ပါတယ်။

 

လတ်တလောမှာ ကိုဗစ်ကူးစက်မှု တဖြည်းဖြည်းလျော့နည်းလာပြီဖြစ်ပေမယ့် ကိုဗစ်ရောဂါကြောင့် အပတ်တိုင်း လူထောင်နဲ့ချီပြီး သေဆုံးနေဆဲဖြစ်ပါတယ်။

 

လက်ရှိအသုံးပြုနိုင်တဲ့ ကို‌ဗစ်ကုသဆေးတွေထဲမှာ ဖိုင်ဇာကထုတ်တဲ့ ပက်ဇ်လိုဗစ်(Paxlovid)က အာနိသင်အထိရောက်ဆုံးဖြစ်နေကြောင်း WHO က ဆိုပါတယ်။

 

အခြားဆေးတွေထဲမှာတော့ Merck ကုမ္ပဏီမှထုတ်တဲ့ Molnupiravir, Gilead Sciences' မှထုတ်တဲ့ remdesivir နဲ့ ပဋိပစ္စည်းဆေးများပါဝင်ပါတယ်။

 

ပက်ဇ်လိုဗစ်ဆေးဖြင့် လူနာပေါင်း ၃,၁၀၀ ပါဝင်တဲ့ စမ်းသပ်မှုနှစ်ခုကို WHO က လေ့လာဆန်းစစ်ခဲ့ရာမှာ ဆေးရုံတက်ကုသခံယူမှုနှုန်း ၈၅ ရာခိုင်နှုန်းလျှော့ချပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

 

ရောဂါအန္တရာယ်များတဲ့ လူနာ ၁,၀၀၀ မှာ ဆေးရုံတက်ကုသခံယူရမှု ၈၄ ယောက်လျော့နည်းခဲ့ပါတယ်။

 

"ဒီဆေးတွေက ကိုဗစ်ကာကွယ်ဆေးနေရာမှာ အစားထိုးလိုရမယ့်ဆေးမဟုတ်ပါဘူး။

 

ရောဂါကူးစက်ပြီး နာတာရှည်ရောဂါရှိသူတွေ၊ ခုခံအားချို့တဲ့သူတွေ၊ ကာကွယ်ဆေးမထိုးရသေးသူတွေအတွက် နောက်ထပ်အသုံးပြုနိုင်တဲ့ကုသနည်းသာဖြစ်ပါတယ်" လို့ WHO မှ 'ဂျဲနတ်ဒီယာ့ဇ်'က ဆိုပါတယ်။

 

ပက်ဇ်လိုဗစ်ကို အသုံးပြုနိုင်ဖို့အတွက်က ရောဂါပိုးကူးစက်ပြီး အစောပိုင်းရက်အတွင်း အသုံးပြုရမှာဖြစ်သလို ရောဂါပိုးရှိ/မရှိ စစ်ဆေးသိရှိဖို့လည်း လိုအပ်ပါတယ်။

 

အခြားဆေးဝါးတွေနဲ့ တွဲစပ်အသုံးပြုရာမှာလည်း သတိထားစရာတွေရှိနေပါတယ်။

 

ဒါ့အပြင် ပက်ဇ်လိုဗစ်ကို ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ ကလေးများမှာ အသုံးပြုလို့ရ/မရကို မလေ့လာရသေးပါဘူး။

 

ဒီအချက်တွေကြောင့် အချို့နိုင်ငံတွေမှာ အဆိုပါဆေးတွေရရှိနိုင်ပေမယ့် ဝယ်လိုအားက နည်းပါးနေတာဖြစ်ပါတယ်။

 

ဖိုင်ဇာကုမ္ပဏီက ၂၀၂၂ ခုနှစ်အတွင်း ပက်ဇ်လိုဗစ်ရောင်းချမှုကနေ ဒေါ်လာ ၂၂ ဘီလီယံရရှိမယ်လို့ခန့်မှန်းထားပါတယ်။

 

Source: Reuters.
#Yangon_Media_Group