Published 25 December 2021

လွန်ခဲ့တဲ့လေးနှစ်က နှစ်ဦးသားခေါင်းချင်း မတ်တပ်တေ့ပြီး စပိန်က ဂီရိုနာဘုရားရှိခိုးကျောင်း လှေကားတစ်တွေပေါ်တက်ကာ ကမ္ဘာ့စံချိန်ယူခဲ့တဲ့ ဗီယက်နမ် ယန်းညီအစ်ကိုနှစ်ဦးဟာ အခုပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ တစ်ခါထပ်မံပြီး စံချိန်ထပ်ချိုးလိုက်ပါတယ်။ ဂျွမ်းဘားပညာရှင် အဲဒီညီအစ်ကိုနှစ်ဦးဟာ အသက်၃၇နှစ်အရွယ်အစ်ကိုကြီးယန်းကောင်းခိုနှင့် အသက်၃၁နှစ်အရွယ်ညီငယ် ယန်းကောင်းငီယတ်တို့ဖြစ်ကြပါတယ်။ သူတို့ညီအစ်ကိုနှစ်ဦးဟာ ခေါင်းချင်းတေ့ထားပြီးနောက်  ဟန်ချက်မယိုင်အောင် ထိန်းပြီး လှေကားထစ်ပေါင်း ၁၀၀ကို ၅၃စက္ကန့်နှင့် အတူတက်ခဲ့ကြပါတယ်။

သူတို့နှစ်ဦးကို စပိန်အခြေစိုက် ဆပ်ကပ် ဖောင်ဒေးရှင်းက ဖိတ်ခေါ်လို့ ယခုလိုစွမ်းဆောင်ပြသခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ ၂၀၁၆ခုနှစ်က သူတို့တင်ထားတဲ့ ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်းကို ထပ်မံစံချိန်ချိုးခဲ့တာပါ။

ဒီလိုမလုပ်ဆောင်ခင် ကိုဗစ်ကပ်ဘေးကြောင့် လေ့ကျင့်ချိန်နည်းခဲ့ရလို့ သူတို့စိတ်ပူခဲ့ကြပါသေးတယ်။ ဒါပေမယ့်  ဂီရိုနာ ဒေသဆိုင်ရာအစိုးရနှင့် ပရိသတ်တွေရဲ့အားပေးမှုတွေက သူတို့ရဲ့စိတ်ပူပန်မှုကို လွင့်စင်ပျောက်ကွယ်သွားစေခဲ့ပါတယ်။

ပရိသတ်တွေထဲမှာ ဘာစီလိုနီးယားကို အလည်ရောက်နေတဲ့ ဗီယက်နမ်နိုင်ငံသားတွေတော်တော်များများပါဝင်ပါတယ်။

၂၀၁၆ခုနှစ်တုန်းက သူတို့ညီအစ်ကိုဟာ လှေကားထစ်ပေါင်း၉၀ကို ၅၂စက္ကန့်နှင့်တက်ပြခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက သူတို့ဟာ တရုတ်နိုင်ငံသားနှစ်ဦး ၂၀၁၄မှာ စံချိန်တင်ထားတဲ့ လှေကားထစ်၂၅ထစ်ကို တစ်မိနစ်အတွင်းတက်ပြခဲ့တဲ့  စံချိန်ကို ချိုးခဲ့တာဖြစ်ပါတယ်။

၂၀၁၈ခုနှစ်တုန်းကလည်း သူတို့ညီအစ်ကိုဟာ အီတလီနိုင်ငံမှာ နှစ်ဦးသားခေါင်းချင်းတေ့ထားပြီး မျက်လုံးတွေကို အဝတ်တွေနှင့်စည်းနှောင်ကာ လှေကားဆယ်ထစ်ကို အတက် နှင့် အဆင်းမှာ နောက်ပြန်ပြန်ဆင်းပြသပြီး ဂင်းနက်စ် စံချိန်တင်ခဲ့ကြပါသေးတယ်။

Source: VnExpress