#WorldNews

Published - 25 December 2021

အိုမီခရွန်မျိုးဗီဇကွဲကြောင့် ကိုဗစ်ရောဂါကူးစက်မှုမြင့်မားလာခဲ့ပြီး ခရစ္စမတ်အားလပ်ရက်ကာလအတွင်း ကမ္ဘာတစ်ဝန်းရှိ လေကြောင်းခရီးစဉ် ၄၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

ဒါကြောင့် ခရစ္စမတ်ကာလအတွင်း ခရီးသွားလာချင်တဲ့သူတွေအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ပုံမှန်ဆိုရင် လေကြောင်းခရီးအများအပြား သွားလာလေ့ရှိတဲ့ ခရစ္စမတ်အကြိုနေ့ (သောကြာနေ့)က ကမ္ဘာတဝန်းရှိ လေကြောင်းခရီးစဉ် အနည်းဆုံး ၂၄၀၁ ခု ဖျက်သိမ်းခဲ့ရပြီး ခရီးစဉ် ၁ သောင်းနီးပါး နှောင့်နှေးခဲ့ရကြောင်း FlightAware.com ရဲ့ လေကြောင်းလိုင်းမှတ်တမ်းများအရ သိရှိရပါတယ်။

ကမ္ဘာတဝန်းမှာ ခရစ္စမတ်နေ့အတွက် ခရီးစဉ် ၁၇၇၉ ကြောင်းအပြင် တနင်္ဂနွေနေ့အတွက် စီစဉ်ထားတဲ့ ခရီးစဉ် ၄၀၂ ကြောင်းကိုလည်း ဖျက်သိမ်းထားရပါတယ်။အမေရိကန်နိုင်ငံအတွင်း အဝင်အထွက်ပြုလုပ်ခဲ့တဲ့ လေကြောင်းခရီးစဉ်တွေဟာ အားလပ်ရက်အတွင်း ဖျက်သိမ်းလိုက်ရတဲ့ လေကြောင်းခရီးစဉ်တွေရဲ့ ၄ ပုံ ၁ ပုံကျော်သာ ရှိတယ်လို့ FlightAware မှာ ဖော်ပြထားပါတယ်။

ခရစ္စမတ်အားလပ်ရက်အတွင်း ခရီးစဉ်ပယ်ဖျက်ကြောင်း ဦးဆုံးကြေညာခဲ့တဲ့ လေကြောင်းလိုင်းတွေကတော့ ယူနိုက်တက်အဲလိုင်းစ်နဲ့ ဒယ်လ်တာအဲလိုင်းစ်တို့ဖြစ်ပြီး သောကြာနေ့တစ်နေ့တည်းမှာတင် အဆိုပါလေကြောင်းလိုင်း ၂ ခုပေါင်း ခရီးစဉ် ၂၈၀ နီးပါး ဖျက်သိမ်းခဲ့ရပါတယ်။

ကိုဗစ်ရောဂါပျံ့ပွားမှုကြောင့် ဝန်ထမ်းအင်အားနည်းပါးတာကို အကြောင်းပြပြီး ဖျက်သိမ်းခဲ့ရကြောင်း သိရှိရပါတယ်။နိုဝင်ဘာလမှာ စတင်တွေ့ရှိခဲ့တဲ့ အိုမီခရွန်မျိုးဗီဇကွဲကြောင့် အမေရိကန်နိုင်ငံမှာ လတ်တလော ကိုဗစ်ရောဂါပျံ့ပွားမှု များပြားနေခဲ့ပါတယ်။
အမေရိကန်နိုင်ငံအတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိမှုကလည်း ပြီးခဲ့တဲ့အပတ်က တစ်နေ့ကို ၁၇၉၀၀၀ ဦး ရှိခဲ့ပါတယ်။

နယူးယော့ခ်မြို့မှာ သောကြာနေ့တစ်နေ့တည်းနဲ့ ကိုဗစ်ကူးစက်မှု ၄၄၀၀၀ ကျော်ရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။အရင်ဒယ်လ်တာမျိုးဗီဇကွဲကူးစက်မှုကြောင့် အင်ဒီယာနာ၊ အိုဟိုင်ယို၊ မီချီဂန်ဒေသတွေက ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေမှာ လူနာတွေများပြားနေတဲ့အပြင် အခုအိုမီခရွန်ကြောင့်ပါ ဆေးရုံတက်ကုသခံယူမှုတွေ ပိုများလာခဲ့ရပါတယ်။
ကမ္ဘာတဝန်းမှာ ကပ်ရောဂါပျံ့ပွားနေပေမယ့် သန်းပေါင်းများစွာသော အမေရိကန်လူမျိုးများကတော့ ခရီးသွားဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

နယူးယော့ခ်က နှစ်သစ်ကူးပွဲတော်ကျင်းပနေကျနေရာဖြစ်တဲ့ တိုင်းမ်စကွဲမှာ လူဦးရေ ၁၅၀၀၀ သာ ဝင်ရောက်ဖို့ စီစဉ်နေပါတယ်။ပြီးခဲ့တဲ့လက အိုမီခရွန်ကူးစက်မှုကြောင့် သွားလာခွင့်ပိတ်ပင်ထားခဲ့တဲ့ အာဖရိကတောင်ပိုင်းမှ နိုင်ငံ ၈ နိုင်ငံကို အမေရိကန်အစိုးရအဖွဲ့က နောက်အပတ်မှာ ခရီးသွားလာခွင့်တွေ ပြန်လည်ခွင့်ပြုတော့မှာဖြစ်ပါတယ်။
Source: Reuters