#WorldHealth
Published -  26 December 2021
ပိတ်စနှာခေါင်းစည်းတွေက ချုပ်လုပ်တဲ့အဝတ်စအမျိုးအစားပေါ်မူတည်ပြီး ကောင်းကျိုးလည်းရှိသလို ဆိုးကျိုးလည်းရှိစေတယ်လို့  အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ပရော်ဖက်ဆာ ထရစ်ရှ်ဂရင်းဟာ့လ်က ဆိုပါတယ်။

ဒါကြောင့်မို့လို့ အိုမီခရွန်ကူးစက်မှုတွေ မြင့်တက်နေတဲ့အချိန်မှာ အရောင်စုံလင်စွာနဲ့ လျှော်ဖွပ်တပ်ဆင်လို့ ရတဲ့ အဝတ်စနှာခေါင်းစည်းတွေကို အသုံးပြုမယ်ဆိုရင် သေချာစဉ်းစားဖို့ လိုပါတယ်။

အဝတ်စ ၂ ထပ် ၃ ထပ်ဖြင့်ချုပ်လုပ်ထားတဲ့ နှာခေါင်းစည်းတွေက အသုံးပြုလို့ရနိုင်ပေမယ့် ပိတ်စနှာခေါင်းစည်းတော်တော်များများကတော့ ဖက်ရှင်အသုံးအဆောင်တစ်ခုအဖြစ်သာ ယူဆရမှာဖြစ်တယ်လို့ ဂရင်းဟာ့လ်က ပြောပါတယ်။

ကမ္ဘာတဝန်းမှာ အိုမီခရွန်မျိုးဗီဇကွဲကြောင့် ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့နေပြီး အစိုးရအဖွဲ့အစည်းတွေက ထိန်းချုပ်ကန့်သတ်ချက်တွေချမှတ်ကာ ကူးစက်မှုကို ထိန်းချုပ်နိုင်အောင် ကြိုးစားနေကြပါတယ်။

ဗြိတိန်နိုင်ငံမှာတော့ အများသုံးပို့ဆောင်သွားလာရေးတွေ၊ ဈေးဆိုင်တွေ၊ အခမ်းအနားတွေမှာ နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ဖို့ သတ်မှတ်ချက်တွေ ပြန်လည်ထုတ်ပြန်ထားပါတယ်။
နေရာအနှံ့မှ အာဏာပိုင်တွေက ကိုဗစ်ကာလတလျှောက် ဘယ်အချိန် ဘယ်နေရာတွေမှာ နှာခေါင်းစည်းတပ်သင့်ကြောင်း၊ ဘယ်လိုနှာခေါင်းစည်းအမျိုးအစားကို တပ်ဆင်သင့်ကြောင်း အမျိုးမျိုးပြောဆိုနေကြပါတယ်။

ပိတ်စနှာခေါင်းစည်းရဲ့ အဓိကပြဿနာက ကျန်းမာရေးစံချိန်စံညွှန်းနဲ့ မမီတာပဲဖြစ်ပါတယ်။
N95 နှာခေါင်းစည်းဆိုရင် ပြင်ပမှအမှုန်တွေကို ၉၅ ရာခိုင်နှုန်းလျှော့ချနိုင်ဖို့ စံနှုန်းအတိုင်း ထုတ်လုပ်ကြရပါတယ်။

နှာခေါင်းစည်းက နှာခေါင်းနဲ့ပါးစပ်ကို မအုပ်မိပါက ပိုးမွှားသန့်စင်ပေးနိုင်လည်းပဲ အသုံးဝင်မှာမဟုတ်ပါဘူး။ပိတ်စနှာခေါင်းစည်းတွေက လျှော်ဖွပ်ပြီး ပြန်လည်အသုံးပြုလို့ရတာကြောင့် ငွေကြေးချွေတာချင်တဲ့သူတွေက ရွေးချယ်အသုံးပြုကြတာဖြစ်ပါတယ်။
အခုအချိန်မှာတော့ စံချိန်စံညွှန်းမီပြီး ပြန်လည်အသုံးပြုလို့ရတဲ့ နှာခေါင်းစည်းတွေ ရှိလာပါပြီ။

ကနေဒါကတော့ တစ်လွှာတည်းပါတဲ့နှာခေါင်းစည်းတွေအစား ပိုမိုသင့်တော်မယ့်နှာခေါင်းစည်းတွေ ထုတ်လုပ်ဖို အကြံပေးနေကြပါတယ်။"တစ်လွှာတည်းဆိုရင် ပိုးမွှားကာကွယ်နိုင်စွမ်း အလွန်နည်းပါးပါတယ်။ မတပ်တာနဲ့ယှဉ်ရင် ဘာမှမကွာတော့ပါဘူး" လို့ အွန်တယ်ရီယိုသိပ္ပံအကြံပေးအဖွဲ့မှ ပီတာဂျူနီက CTV နဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။
Source: Bloomberg.