#WorldHealth

Published - 17 December 2021

တောင်အာဖရိကမှ ဆရာဝန်တွေရဲ့ အစောပိုင်းလက်တွေ့လေ့လာသုံးသပ်ချက်တွေကို ထည့်သွင်းစဉ်းစားပြီး ဟောင်ကောင်တက္ကသိုလ်တစ်ခုက ကောက်ချက်ချခဲ့ရာမှာ အိုမီခရွန်မျိုးဗီဇကွဲက ဒယ်လ်တာထက် ကူးစက်နှုန်းအဆ ၇၀ ပိုမြန်ပေမယ့် ရောဂါဆိုးရွားစေမှုမှာတော့ များစွာလျော့နည်းကြောင်း ဖော်ပြထားပါတယ်။

ရောဂါပိုးကူးစက်အပြီး ၂၄ နာရီအကြာမှာ အဆုတ်လေပြွန်တွေထဲ အိုမီခရွန်ပျံ့ပွားမှုက အလွန်မြန်ဆန်ကြောင်း ဗုဒ္ဓဟူးနေ့က ဖော်ပြထားပါတယ်။အဆုတ်တစ်ရှူးတွေထဲမှာ အိုမီခရွန်ဗိုင်းရပ်စ်ပွားနှုန်းက အခြားမျိုးဗီဇကွဲထက် ၁၀ နည်းပါးတာကြောင့် ရောဂါပြင်းထန်ခြင်း လျော့နည်းတာဖြစ်နိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲက လူတစ်ဦးမှတစ်ဦးဆီ ပိုမိုလျင်မြန်စွာကူးစက်နိုင်ပေမယ့် အရင်ကမျိုးဗီဇကွဲတွေလောက် အဆုတ်တစ်ရှူးတွေကို ထိခိုက်မှုသိပ်မရှိဘူးဆိုတဲ့ တွေ့ရှိချက်ကို ဆေးသိပ္ပံဂျာနယ်တစ်ခုမှာ ဖော်ပြဖို့ အကဲဖြတ်လေ့လာနေကြပါတယ်။

အိုမီခရွန်က ဘယ်လောက်အထိ ကူးစက်နိုင်လဲ၊ ဘယ်လောက်အန္တရာယ်ရှိလဲ၊ ခုခံအားကို ဘယ်လိုရှောင်ရှားနိုင်လဲဆိုတာတွေကို သိရဖို့ သိပ္ပံပညာရှင်တွေက အပြိုင်အဆိုင်ကြိုးပမ်းနေတဲ့အချိန်မှာ အိုမီခရွန်က အနည်းဆုံး ၇၇ နိုင်ငံအထိ ပျံ့နှံ့နေပြီဖြစ်ပါတယ်။

ဆရာဝန်အချို့က အိုမီခရွန်ကူးစက်မှုအများစုဟာ ရောဂါအပျော့စားသာဖြစ်ပြီး ဆေးရုံတက်ရောက်ကုသဖို့ မလိုအပ်ကြောင်း ဟောင်ကောင်က လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။

သန္ဓေပြောင်းလဲခြင်းများစွာဖြစ်ပေါ်နေတဲ့ ကိုရိုနာမျိုးဗီဇကွဲဗိုင်းရပ်စ်ဟာ အခြားမျိုးဗီဇကွဲတွေလောက် ပြင်းထန်ခြင်းမရှိဘဲ ကမ္ဘာ့ကပ်ရောဂါအဖြစ်မှ သာမန်ရောဂါအဖြစ် ပြောင်းလဲသွားပြီး ထိုရောဂါပိုးရှိလျက်နဲ့ပဲ ရှေ့ဆက်သွားနိုင်မလားဆိုတာကို သုတေသီတို့က စောင့်ကြည့်နေကြပါတယ်။

ရောဂါဖြစ်နိုင်ချေနည်းပါးတဲ့လူငယ်တွေမှာ ကိုဗစ်ရောဂါထပ်မံကူးစက်တာတွေ တွေ့ရှိနေရတယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။အိုမီခရွန်က ရောဂါပြင်းထန်စွာမဖြစ်နိုင်ပေမယ့် လူများများကူးစက်ရင် အသက်သေဆုံးမှုတွေရှိလာမှာ စိုးရိမ်ရကြောင်း ဦးဆောင်လေ့လာသူတစ်ဦးက ဆိုပါတယ်။

Source: Bloomberg