#WorldPolitics

Published - 13 December 2021

ရုရှားက အသံထက်အလွန်မြန် Ultrasonic သော ဒုံးကျည်ထုတ်လုပ်မှုမှာ ဦးဆောင်လျက်ရှိပြီး အခြားနိုင်ငံတွေက ဒီလက်နက်တွေကို တန်ပြန်ခုခံနိုင်မယ့် နည်းပညာတွေနဲ့ အမီလိုက်လာဖွယ်ရှိကြောင်း ရုရှားသမ္မတဗလာဒီမီယာပူတင်က ဆိုပါတယ်။

ဒုံးကျည်လက်နက်တွေနဲ့ လေယာဉ်တင်စစ်သင်္ဘောအင်အားအရ ရုရှားနဲ့အမေရိကန်တို့ က တန်းတူအနေအထား ရှိနေပါတယ်လို့ ပူတင်က တနင်္ဂနွေနေ့က ဆိုပါတယ်။ "ဒါပေမဲ့ လက်နက်နည်းပညာ တိုးတက်မြှင့်တင်မှုမှာတော့ ကျွန်တော်တို့က သေချာပေါက်ဦးဆောင်နေပါတယ်"လို့ ပူတင်ကဆိုလိုက်ပြီး နိုင်ငံထုတ်လက်နက်အဆင့်မြှင့်တင်မှုမှာလည်း ရုရှားက ထိပ်ဆုံးနေရာမှာရှိနေကြောင်း ပြောကြားလိုက်ပါတယ်။

လာမယ့်နှစ်တွေမှာ အခြားအင်အားကြီးနိုင်ငံတွေလည်း ဒီလိုအသံထက်အလွန်မြန်တဲ့ဒုံးကျည်နည်းပညာတွေ ပိုင်ဆိုင်လာလိမ့်မယ်လို့ ပူတင်ကခန့်မှန်းလိုက်ပါတယ်။ ရုရှားနိုင်ငံရဲ့ ဇာကွန်အသံထက်အလွန်မြန် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုတွေက ပြီးမြောက်တော့မှာဖြစ်ပြီး ၂၀၂၂ မှာ ရေတပ်ဆီကို ပေးပို့နိုင်တော့မှာဖြစ်ကြောင်း ပူတင်က ပြီးခဲ့တဲ့လက ပြောသွားခဲ့ပါတယ်။

အသံထက်အလွန်မြန်ဒုံးကျည်တွေရဲ့ အမြန်နှုန်း၊ ထိန်းချုပ်နိုင်မှုနဲ့ မြေပြင်အနိမ့်အမြင့်ထိန်းညှိနိုင်တဲ့ အနေအထားတွေကြောင့် ကြားဖြတ်ဟန့်တားဖို့ အလွန်ခက်ခဲတဲ့ ရုရှားတို့ရဲ့ လက်နက်နည်းပညာအသစ်တွေကို အနောက်တိုင်းနိုင်ငံတွေမှ ကျွမ်းကျင်သူတွေက သိချင်နေကြပါတယ်။

အဲဒီဒုံးကျည်တွေက လေထုအထက် တစ်နာရီ ၆၂၀၀ ကီလိုမီတာနှုန်းဖြင့် သွားလာနိုင်ပြီး အသံထက် ၅ ဆ ပိုမြန်ပါတယ်။တိုက်ချင်းပစ်ဒုံးကျည်တွေထက် နှေးပေမယ့် လိုရာပစ်မှတ်ဆီရောက်အောင် ထိန်းချုပ်လို့ရမယ့်ပုံစံမျိုး ပြုလုပ်ထားတာဖြစ်ပါတယ်။

စစ်အသုံးစရိတ်သုံးစွဲမှုမှာ ရုရှားက အမေရိကန်ထက် များစွာလျော့နည်းနေပါတယ်။ ၂၀၂၀ အတွင်း ရုရှားတို့က စစ်အသုံးစရိတ် ဒေါ်လာ ၆၂ ဘီလီယံသုံးစွဲခဲ့ပြီး အမေရိကန်ကတော့ ဒေါ်လာ ၇၇၈ ဘီလီယံသုံးစွဲခဲ့ကြောင်း ကမ္ဘာ့ဘဏ်အချက်အလက်တွေအရ သိရှိရပါတယ်။

ရုရှားသမိုင်းကြောင်းကို ရိုက်ကူးနေတဲ့ မှတ်တမ်းတင်ဇာတ်ကားတစ်ခုမှာ ပူတင်က ရုရှားရဲ့စစ်အင်အားအကြောင်း ပြောဆိုထားတာဖြစ်ပါတယ်။

Source: CNA