#WorldPolitics

Published - 9 December 2021

အမေရိကန်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံကို စစ်လက်နက်ပိတ်ဆို့ အရေးယူမှုများပြုလုပ်ခဲ့ပြီး ပို့ကုန်ကန့်သတ်ချက်တွေကိုလည်း တင်းကြပ်ချမှတ်စေခဲ့ပါတယ်။ကမ္ဘောဒီးယားနိုင်ငံအတွင်း တရုတ်စစ်တပ်ရဲ့ဩဇာလွှမ်းမိုးမှုတိုးပွားလာခြင်း၊ လူ့အခွင့်အရေးဖိနှိပ်ခြင်းနဲ့ အဂတိလိုက်စားခြင်းတို့ဖြင့် အမေရိကန်တို့က ခေါင်းစဉ်တပ်ခဲ့ပါတယ်။

အခုဆိုရင် ကမ္ဘောဒီးယားဟာ တရုတ်ရဲ့ အရေးကြီးမဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်လာပြီး အရှေ့တောင်အာရှမှာ တရုတ်တို့အင်အားကြီးထွားလာမှုကို အမေရိကန်စီးပွားကူးသန်းဌာနက တုံပြန်ဆောင်ရွက်လိုက်တဲ့ သဘောဖြစ်ပါတယ်။

ပြည်ထောင်စုထုတ်ပြန်ချက်အရ အမေရိကန်အစိုးရအဖွဲ့က ကမ္ဘောဒီးယားနိုင်ငံကို လက်နက်တင်ပို့မှုပိတ်ပင်ထားတဲ့ နိုင်ငံစာရင်းထဲ ထည့်သွင်းလိုက်ပြီဖြစ်ပါတယ်။
အမေရိကန်မှ တာဝန်ရှိသူတွေက တောင်းဆိုထားပေမယ့် ကမ္ဘောဒီးယားနိုင်ငံက ထိုင်းပင်လယ်ကွေ့မှာ တရုတ်စစ်တပ်ကို တိုးချဲ့နေရာပေးထားပြီး သူတို့အတွက် အဆောက်အဦတွေ ဆက်လက်ဆောက်လုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
လက်နက်ပိတ်ဆို့ခြင်းရဲ့ ထိရောက်မှုက ဘယ်လောက်အထိ အကျိုးသက်ရောက်မလဲဆိုတာ မပြောနိုင်သေးပါဘူး။

ဘာကြောင့်လဲဆိုတော့ အမေရိကန်က ကမ္ဘောဒီးယားကို လက်နက်ထောက်ပံ့နေတဲ့ နိုင်ငံမဟုတ်လို့ပါ။ရင်းမ်ရေတပ်စခန်းမှာ ကမ္ဘောဒီးယားအရာရှိနှစ်ဦးကို အကျင့်ပျက်ခြစားမှုဖြင့် အမေရိကန်က ပြီးခဲ့တဲ့လက အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပါတယ်။

အဲဒီနေရာမှာ တရုတ်တို့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေက ထင်သာမြင်သာမရှိတာကြောင့် အမေရိကန်မှ တာဝန်ရှိသူတွေက စိုးရိမ်ပူပန်နေကြပါတယ်။အဂတိလိုက်စားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတိုကြောင့် အရေးယူပိတ်ဆို့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ကမ္ဘောဒီးယားအစိုးရမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ အဆိုပါပိတ်ဆို့မှုတွေအတွက် ဘာမှတ်ချက်မှ မပေးသွားပါဘူး။စစ်ရေးအရရော အရပ်သားတွေပါ သုံးလို့ရတဲ့ ပစ္စည်းကိရိယာတွေ၊ ဘေးအန္တရာယ်နည်းပါးတဲ့ ပစ္စည်းတွေနဲ့ စစ်ဘက်ဆိုင်ရာအချက်အလက်တွေမှာလည်း ကန့်သတ်ပိတ်ဆို့သွားမှာဖြစ်ပါတယ်။

"အကျင့်ပျက်ခြစားမှု လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထိထိရောက်ရောက်ဖော်ထုတ်ဖို့နဲ့ တရုတ်တို့ရဲ့ လွှမ်းမိုးမှုအောက်က ရှောင်ထွက်ဖို့ ကမ္ဘောဒီးယားအစိုးရကို ကျွန်မတို့ တိုက်တွန်းလိုပါတယ်"လို့ စီးပွားကူးသန်းဝန်ကြီး ဂျီနာရေမွန်ဒိုက ပြောကြားလိုက်ပါတယ်။
Source: Reuters