#WorldPolitics

Published _  15 November 2021

လစ်ဗျားစစ်အာဏာရှင်ဟောင်း မူအာမာကဒါဖီရဲ့ အရိုက်အရာခံသားဖြစ်ခဲ့သူဟာ နောက်လမှာကျင်းပမယ့် လစ်ဗျားနိုင်ငံသမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံသွားမှာဖြစ်ကြောင်း လစ်ဗျားရွေးကောက်ရေးအဖွဲ့က ကြေညာသွားပါတယ်။

ဆိုက်ဖ်အယ်အိုက်လန်ကဒါဖီဟာ ၂၀၁၁ ခုနှစ်က ပုန်ကန်မှုအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာတရားရုံး(ICC)က အလိုရှိနေခဲ့တဲ့သူလည်းဖြစ်ပါတယ်။

မြို့တော်ထရိုင်ပိုလီတောင်ဘက်နဲ့ ၆၅၀ ကီလိုမီတာကွာဝေးတဲ့ ဆာဘာမြို့တောင်ပိုင်းမှာ ဆိုက်ဖ်အယ်အိုက်လန်က ရွေးကောက်ပွဲဝင်ပြိုင်ဖို့ စာရင်းသွင်းခဲ့တာဖြစ်တယ်လို့ အထက်လွှတ်တော်အမျိုးသားရွေးကောက်ပွဲကော်မရှင်က ဖော်ပြထားပါတယ်။

၂၀၁၁ ခုနှစ် တော်လှန်ရေးကာလအတွင်း ဇင်တန်မြို့မှာ ကဒါဖီရဲ့သားဖြစ်သူကို တိုက်ခိုက်ရေးသမားတွေက ဖမ်းဆီးခဲ့ကြပါတယ်။

နှစ်ပေါင်း ၄၀ ကြာ အာဏာရှင်ဆန်ဆန်အုပ်ချုပ်လာခဲ့တဲ့ ကဒါဖီကို နေတိုး(NATO)တပ်ဖွဲ့ဝင်တွေအကူအညီနဲ့ အာဏာဖြုတ်ချခဲ့ကြပါတယ်။၂၀၁၁ အောက်တိုဘာလက ပြည်တွင်းစစ်ပွဲတိုက်ခိုက်မှုတွေကြားမှာပဲ မူအာမာကဒါဖီတစ်ယောက် အသတ်ခံခဲ့ရပါတယ်။

ရွေးကောက်ပွဲတာဝန်ရှိသူတစ်ဦး တင်ထားတဲ့ဗီဒီယိုတစ်ခုမှာ ဆိုက်ဖ်အယ်အိုက်လန်က ကင်မရာကိုကြည့်ပြီး 'ဘုရားသခင်ကပဲ နိုင်ငံရဲ့ရှေ့ရေးအတွက် မှန်ကန်တဲ့လမ်းကြောင်းကို ရွေးချယ်ဆုံးဖြတ်ပေးပါလိမ့်မယ်'လို့ ပြောသွားပါတယ်။

ဆိုက်ဖ်အယ်အိုက်လန်ဟာ အသက် ၄၉ နှစ်ရှိပြီဖြစ်ပြီး လန်ဒန်စီးပွားရေးကျောင်းမှ Ph.D ဘွဲ့ရရှိထားသူဖြစ်ပါတယ်။အဲဒီဗီဒီယိုမှာ လစ်ဗျားရိုးရာဝတ်စုံနဲ့ ခေါင်းပေါင်းဝတ်ဆင်ထားပြီး နှစ်တွေအတော်ကြာပြီးမှ လူအများရှေ့ကို ရောက်ရှိလာတာဖြစ်ပါတယ်။

ကာလကြာရှည်စွာအုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ကဒါဖီရဲ့ ဒုတိယမြောက်သားဖြစ်သူဟာ ၂၀၁၁ ပုန်ကန်မှုမဖြစ်ပေါ်ခင်က ကဒါဖီအုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲနေခဲ့သူဖြစ်ပါတယ်။

၅ နှစ်ကျော်တိုင်အောင် ထိန်းသိမ်းအချုပ်ကျခံထားရပြီး ၂၀၁၇ ဇွန်လမှာ လွတ်မြောက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ နယူးယော့ခ်တိုင်းမ်သတင်းဌာနနဲ့ ပြောကြားရာမှာ နိုင်ငံတော်ထိပ်ပိုင်းတစ်နေရာကို ရောက်ရှိဖို့ စဉ်းစားနေကြောင်း ပြောကြားခဲ့ပါတယ်။

ဆိုက်ဖ်အက်အိုက်လန် ပါဝင်ရွေးကောက်ခံခြင်းကြောင့် နိုင်ငံအတွင်း အတိုက်အခံတွေပေါ်ပေါက်လာဖို့ ရှိနေပါတယ်။၂၀၁၁ ခုနှစ် တော်လှန်ရေးအစောပိုင်းကာလမှာ ဆိုက်ဖ်အက်အိုက်လန်က လူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး ICC က တရားစွဲဆိုခဲ့ပါတယ်။

ICC ရဲ့ ပြောဆိုခွင့်ရှိသူတစ်ဦးကတော့ ဆိုက်ဖ်အက်အိုက်လန် ရွေးကောက်ပွဲမှာပါဝင်လာတာကို မှတ်ချက်ပြုပြောကြားဖို့ ငြင်းဆိုခဲ့ပါတယ်။၂၀၁၁ ပုန်ကန်မှုဖြစ်ပွားပြီး ကဒါဖီအသတ်ခံခဲ့ရတဲ့နောက်ပိုင်း နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက နိုင်ငံတော်တည်ငြိမ်ရေးနဲ့ စည်းလုံးညီညွှတ်ရေးကို ဆောင်ရွက်နိုင်ခြင်းမရှိတာကြောင့် ဆိုက်ဖ်အက်အိုင်လန်က ပါဝင်အရွေးကောက်ခံကာ ပြုပြင်တည်ဆောက်သွားဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။
သို့ပေမဲ့လည်း အတိုက်အခံ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့စစ်တပ်တွေကို ရင်ဆိုင်သွားရဖို့ရှိနေပါတယ်။  
Source: AP News