ရန်ကုန်၊မတ်၁၈- မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAGs) အား ဒရုန်းစစ်ဆင်ရေးနှင့် လက်နက်ကိုင်တွယ်မှု သင်တန်းများ ပေးခဲ့ သည့်အတွက် ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦး၊ စုစုပေါင်း နိုင်ငံခြားသား ၇ ဦးတို့ကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးလိုက်ကြောင်း မတ်၁၇ ရက်ထုတ် အိန္ဒိယ အခြေစိုက်မီဒီယာများက သတင်းဖော်ပြသည်၊

ဖမ်းဆီးရမိမှုနှင့် တရားခံများ၏ ကိုယ်ရေးအချက်အလက်များ
အဆိုပါ နိုင်ငံခြားသား ၇ ဦးအား ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ ညပိုင်းတွင် အိန္ဒိယနိုင်ငံရှိ အပြည်ပြည် ဆိုင်ရာလေဆိပ် ၃ ခု၌ နာရီပိုင်းအကွာအဝေးအတွင်း တပြိုင်နက်တည်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံသား Matthew Aaron Van Dyke အား ကာလကတ္တားလေဆိပ်ရှိ လူဝင်မှု ကြီးကြပ်ရေးဌာနက ဖမ်းဆီးခဲ့ပြီး၊ ယူကရိန်းနိုင်ငံသား ၃ ဦးအား ဒေလီရှိ အင်ဒီရာဂန္ဒီ အပြည်ပြည် ဆိုင်ရာလေဆိပ်တွင်လည်းကောင်း၊ ကျန် ယူကရိန်း ၃ ဦးအား လပ်ခနောင်းရှိ ချောင်ဒါရီချရန်ဆင်း အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လည်းကောင်း အသီးသီး ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသည့် ယူကရိန်းနိုင်ငံသား ၆ ဦးမှာ Hurba Petro၊ Slyviak Taras၊ Ivan Sukmanovskyi၊ Stefankiv Marian၊ Honcharuk Maksim နှင့် Kaminskyi Viktor တို့ ဖြစ်ကြသည်။
အဓိက စွဲချက်များနှင့် NIA ၏ တွေ့ရှိချက်များ
အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) ၏ အမှုဖွင့်တိုင်ကြားချက် (FIR) အရ တရားခံ များသည် အိန္ဒိယနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဗီဇာများဖြင့် သီးခြားရက်စွဲများတွင် ဝင်ရောက်လာကြ သူများဖြစ်သည်။ ယူကရိန်းနိုင်ငံသား ၆ ဦးသည် လူ ၁၄ ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့၏ အစိတ်အပိုင်းဖြစ်ပြီး ထိုသူတို့သည် ဂူဝါဟာတီမြို့မှတစ်ဆင့် လိုအပ်သော ကန့်သတ်နယ်မြေ ဝင်ရောက်ခွင့်လက်မှတ် (PAP/RAP) မပါရှိဘဲ မီဇိုရမ်ပြည်နယ်သို့ သွားရောက်ခဲ့ကာ ထိုမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရား မဝင် ဖြတ်ကျော်ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံသားမှာ မည်သည့်နေရာတွင် ယူကရိန်း နိုင်ငံသားများနှင့် ပူးပေါင်းခဲ့သည်ကိုမူ အတည်မပြုနိုင်သေးပေ။
တရားခံများသည် ဥရောပမှ ဒရုန်းအမြောက်အမြားကို အိန္ဒိယမှတစ်ဆင့် မြန်မာနိုင်ငံသို့ တရားမဝင် မှောင်ခိုတင်သွင်းပေးခဲ့ပြီး မြန်မာအစိုးရကကို ပစ်မှတ်ထားသည့် ဒရုန်းစစ်ဆင်ရေး၊ ဒရုန်းတပ်ဆင်မှုနှင့် လိုင်းနှောင့်ယှက်ခြင်း (Jamming) နည်းပညာများကို မြန်မာအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံ ကြိုတင်စီစဉ်ထားသည့် သင်တန်းများ သွားရောက်ပေးခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုများအရ တွေ့ရှိရသည်။
ထိုသို့ သင်တန်းပေးခံရသော မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အိန္ဒိယတွင် ပိတ်ပင်ထား သော သူပုန်အဖွဲ့အချို့ကို လက်နက်များ၊ အကြမ်းဖက်စစ်သုံးပစ္စည်းများနှင့် သင်တန်းများ ပြန်လည် ပံ့ပိုးပေးနေကြောင်း NIA က ပြောသည်။ ထို့အပြင် တရားခံများကို စစ်ဆေးမေးမြန်းရာတွင် သူတို့သည် AK-47 ရိုင်ဖယ်များ ကိုင်ဆောင်ထားသည့် အမည်မသိ အကြမ်းဖက်သမားများနှင့် တိုက်ရိုက် အဆက် အသွယ်ရှိပြီး တရားမဝင် အကြမ်းဖက်လုပ်ရပ်များကို အားပေးကူညီခဲ့ကြောင်း ဖွင့်ဟဝန်ခံထားသည်။
ဥပဒေရေးရာ ဆောင်ရွက်ချက်များနှင့် တရားရုံး ကြားနာမှု
တရားခံ ၇ ဦးစလုံးကို အိန္ဒိယရာဇသတ်ကြီး ဥပဒေသစ် (BNS) နှင့် မတရားအသင်းများ ကာကွယ်တားဆီး ရေးအက်ဥပဒေ (UAPA) ပုဒ်မ ၁၈ (အကြမ်းဖက်ပူးပေါင်းကြံစည်မှု) တို့ဖြင့် အမှုဖွင့်ထားသည်။ ဖမ်းဆီးပြီးနောက် စနေနေ့တွင် တရားသူကြီးရှေ့ ရုံးထုတ်ကာ ၃ ရက် ချုပ်မိန့်ရယူခဲ့ပြီး၊ မတ်လ ၁၆ ရက် (တနင်္လာနေ့) တွင် ဒေလီမြို့ Patiala House တရားရုံးရှိ အပိုဆောင်း Sessions တရားသူကြီး Prashant Sharma ရှေ့မှောက်၌ တံခါးပိတ် ရုံးထုတ် ကြားနာခဲ့သည်။
NIA ဘက်မှ အထူးအစိုးရရှေ့နေ Atul Tyagi၊ Rahul Tyagi၊ Anil Dabas နှင့် ရှေ့နေ Amit Rohilla, Jatin တို့က ၁၅ ရက် ချုပ်မိန့်တောင်းခံခဲ့သော်လည်း တရားသူကြီးက တရားခံများ၏ လုပ်ရပ်သည် အိန္ဒိယ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေသည့်အတွက် UAPA ပုဒ်မ ၁၈ နှင့် အကျုံးဝင်ကြောင်း မှတ်ချက်ပြုကာ မတ်လ ၂၇ ရက်နေ့အထိ (၁၁) ရက်ကြာ ချုပ်မိန့် ပေးခဲ့သည်။ အမေရိကန်နိုင်ငံသား Van Dyke အတွက် ရှေ့နေမပါဝင်ခဲ့သော်လည်း ယူကရိန်းနိုင်ငံသားများအတွက် ယူကရိန်းသံရုံးမှ ငှားရမ်းပေးထားသော ရှေ့နေ Ankur Saigal နှင့် Pramod Kumar Dubey တို့က ချုပ်မိန့်ကို ကန့်ကွက်ခဲ့ပြီး FIR မိတ္တူ မရရှိ သေးကြောင်း တရားခွင်တွင် တင်ပြခဲ့သည်။
ယခုအခါ NIA သည် နောက်ကွယ်မှ ကြိုးကိုင်သူများနှင့် ရန်ပုံငွေအရင်းအမြစ်များကို ဖော်ထုတ်နိုင်ရန် တရားခံများ၏ သိမ်းဆည်းရမိထားသော လက်ကိုင်ဖုန်းများကို အိန္ဒိယ ကွန်ပျူတာ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ (CERT-IN) သို့ ပေးပို့ကာ ဒစ်ဂျစ်တယ်ခြေရာများကို စစ်ဆေးလျက်ရှိသည်။
အမေရိကန်နိုင်ငံသား၏ နောက်ခံနှင့် သံတမန်ရေးရာ တုံ့ပြန်မှုများ
ဖမ်းဆီးခံရသူ အမေရိကန်နိုင်ငံသား Matthew Aaron Van Dyke အား အိန္ဒိယလုံခြုံရေးအေဂျင်စီများက လွန်ခဲ့သည့် လအတော်ကြာကတည်းက စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ သူနှင့် ဆက်နွှယ်နေသည့် လူမှု ကွန်ရက်အကောင့်တစ်ခုတွင် ဗင်နီဇွဲလား၊ မြန်မာ၊ အီရန်နှင့် ရုရှားနိုင်ငံတို့၌ အစိုးရအပြောင်း အလဲဖြစ်စေရန် လျှို့ဝှက်စစ်ဆင်ရေးများ လုပ်ဆောင်နေကြောင်း ကြုံးဝါးရေးသားထားမှုများ တွေ့ရှိရ သည်။ လွန်ခဲ့သည့် လအနည်းငယ်ကလည်း သူသည် ပဋိပက္ခဇုန်အတွင်း ရောက်ရှိနေပြီး Spotify အသုံးပြုရန် Starlink ကို သုံးစွဲနေကြောင်း ရေးသားခဲ့သည်။
ယင်းဖမ်းဆီးမှုများနှင့် ပတ်သက်၍ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက တရားခံများ တရားမဝင် လုပ်ငန်းများတွင် ပါဝင်ပတ်သက်ကြောင်း ခိုင်လုံသော သက်သေအထောက်အထား မတွေ့ရသေး ကြောင်းနှင့် ကန့်သတ်နယ်မြေအတွင်း ရောက်ရှိနေခြင်းမှာ "ရည်ရွယ်ချက်မရှိဘဲ ချိုးဖောက်မိခြင်း" သာ ဖြစ်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယူကရိန်းသံအမတ်ကြီး Oleksandr Polishchuk က အိန္ဒိယ ပြင်ပ ရေးရာဝန်ကြီးဌာန (MEA) အတွင်းဝန် Sibi George နှင့် တွေ့ဆုံကာ တရားဝင်အကြောင်းကြားမှု မရှိ ခြင်းနှင့် သံတမန်ရေးရာ တွေ့ဆုံခွင့် မရရှိခြင်းတို့အတွက် ကန့်ကွက်လွှာ ပေးအပ်ခဲ့သည်။ အိန္ဒိယအစိုးရ တာဝန်ရှိသူများကမူ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နေပြီး သံတမန် တွေ့ဆုံခွင့်ကို စိစစ်နေ ဆဲဖြစ်ကြောင်း တုံ့ပြန်ထားသည်။ အမေရိကန်သံရုံးကမူ အဆိုပါကိစ္စကို သိရှိသော်လည်း ကိုယ်ရေး ကိုယ်တာ အကြောင်းပြချက်များကြောင့် မှတ်ချက်မပေးကြောင်း ဖြေကြားခဲ့သည်။
ကြိုတင်သတိပေးမှုများနှင့် နောက်ခံအခြေအနေ
အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက မြန်မာနှင့် နယ်စပ်ချင်း ထိစပ်နေသော မီဇိုရမ်၊ မဏိပူရ်နှင့် နာဂလန်းပြည်နယ်များသို့ လာရောက်သည့် နိုင်ငံခြားသားများကို စောင့်ကြည့်ရန် အုပ်ချုပ်ရေးအဖွဲ့များနှင့် နိုင်ငံခြားသားများ ဒေသဆိုင်ရာ မှတ်ပုံတင်ရုံး (FRRO) သို့ ညွှန်ကြားခဲ့သည်။ ထို့အပြင် ၁၉၅၈ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှစတင်ကာ အဆိုပါပြည်နယ် ၃ ခုသို့ PAP မပါဘဲ ဝင်ရောက်ခွင့်ပြုထားသည့် ကာကွယ်စောင့်ရှောက်ထားသော နယ်မြေစနစ် (PAR) ဖြေလျှော့မှုများကို ဆိုင်းငံ့ကာ e-FRRO မှတစ်ဆင့်သာ လျှောက်ထားရန် တင်းကျပ် ခဲ့သည်။
ပိုမိုထင်ရှားသည့်အချက်မှာ ၂၀၂၅ ခုနှစ် မတ်လအတွင်း မီဇိုရမ်ဝန်ကြီးချုပ် Lalduhoma က "ယူကရိန်း စစ်မှုထမ်းဟောင်းများသည် မြန်မာစစ်တပ်ကို တိုက်ခိုက်နေသော သူပုန်အဖွဲ့များကို သင်တန်းပေးရန် မီဇိုရမ်မှတစ်ဆင့် မြန်မာနိုင်ငံ ချင်းပြည်နယ်သို့ သွားရောက်ခဲ့ကြောင်း တိကျသော ထောက်လှမ်းရေး သတင်းများ ရရှိထားသည်" ဟု ပြည်နယ်လွှတ်တော်၌ ဖွင့်ဟပြောဆိုခဲ့ခြင်းဖြစ်သည်။ သူက ၂၀၂၄ ဇွန်လနှင့် ဒီဇင်ဘာလကြားတွင် ပြည်နယ်အတွင်းသို့ အနောက်နိုင်ငံသား ၂,၀၀၀ နီးပါး လာရောက်ခဲ့ သော်လည်း အိုက်ဇောမြို့ပေါ်တွင် နိုင်ငံခြားခရီးသွား အနည်းငယ်ကိုသာ တွေ့ရကြောင်းလည်း ထောက်ပြပြောဆိုခဲ့ဖူးသည်။
ယခုဖြစ်စဉ်သည် အိန္ဒိယ၏ အမျိုးသားလုံခြုံရေးနှင့် နယ်စပ်ဒေသ စောင့်ကြည့်ထိန်းချုပ်မှုများအပြင် မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခများအတွင်း နိုင်ငံတကာမှ ပါဝင်ပတ်သက်မှုများအပေါ် များစွာ ဂယက်ရိုက်စေမည့် အမှုတစ်ခုအဖြစ် စောင့်ကြည့်ရမည်ဖြစ်ကြောင်းသိရသည်။
ကိုးကား- The Hindu သတင်းစာ
#World_Health
Published 18 March 2026
■ ဦးနှောက်လုပ်ဆောင်မှုနှုန်းကို အမြဲမြှင့်တင်နေပါက ဦးနှောက်အသိဉာဏ်စွမ်းရည် ကျဆင်းခြင်း ကင်းဝေးနိုင်မယ်လို့ အမေရိကန်အခြေစိုက် လေ့လာချက်တွေမှာ သိရှိရပါတယ်။
■ အသက် ၆၅ နှစ်အထက် ကျန်းမာရေးကောင်းတဲ့ လူနာ၂,၈၀၂ ဦးကို ၁၀ နာရီခန့်ကြာအောင် ကွန်ပျူတာဂိမ်း လေ့ကျင့်မှုတွေ ပြုလုပ်စေကာ နောက်ထပ် ၃၅ လကြာတဲ့အခါမှာ ထပ်မံမြှင့်တင်တဲ့ လေ့ကျင့်ခန်း ၁၁ မျိုး ပြုလုပ်စေပါတယ်။
■ နောက်ထပ် ဆယ်စုနှစ် ၂ ခုအတွင်း ဒီမန်ရှာရောဂါ ဖြစ်မဖြစ် စောင့်ကြည့်ခဲ့ကြရာ အမြင်အာရုံအမြန်နှုန်း လေ့ကျင့်ခန်းမျိုး ပြုလုပ်သူတွေက ဘာလေ့ကျင့်မှုမှ မလုပ်သူတွေနဲ့ယှဉ်ရင် ဒီမန်ရှာဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်း လျော့နည်းတာ တွေ့ရပါတယ်။
■ ဦးနှောက်စွမ်းရည် တိုးတက်စေတဲ့ လေ့ကျင့်မှုတွေက ဦးနှောက်ကို အချက်အလက်တွေ ပိုမိုလျင်မြန်ထိရောက်စွာ တွက်ချက်စေပြီး အာရုံကြောစနစ်တွေကို အားကောင်းစေပါတယ်။
စစ်တုရင်၊ ကျားထိုး၊ ကတ်ဂိမ်းများ စတာတွေက ဦးနှောက်လုပ်ဆောင်ချက် တိုးတက်စေပြီး အသိဉာဏ်ကျဆင်းမှုကို နှေးစေနိုင်တာ တွေ့ရပါတယ်။
■ စကားလုံးပဟေဌိ ကစားနည်းတွေဆိုရင် မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု၊ ကျိုးကြောင်းစဉ်းစားမှုတို့ တိုးတက်စေနိုင်ပါတယ်။
■ တင်းနစ်လိုမျိုး ရုပ်ပိုင်းဆိုင်ရာ အားကစားတွေဆိုရင် အာရုံကြောကွန်ရက်များ၊ သွေးစီးဆင်းမှုများ၊ လူမှုဆက်ဆံရေးတို့ တိုးတက်စေပြီး ဦးနှောက်ကျန်းမာရေး ကောင်းစေကာ ဦးနှောက်အသိဉာဏ်ကျဆင်းခြင်းမှ ကာကွယ်ပေးပါတယ်။
■ ဦးနှောက်လေ့ကျင့်မှုတွေ ပြုလုပ်ရာမှာ စဉ်ဆက်မပြတ် ပုံမှန်လေး ပြုလုပ်ဖို့က ရေရှည်အကျိုးရှိစေပါတယ်။
■ အသက်ကြီးလာတာနဲ့ ပတ်သက်ပြီး အကောင်းမြင်စိတ် ထားတတ်ဖို့ကလည်း ဦးနှောက်ကျန်းမာရေးအတွက် အရေးပါပါတယ်။
Source: Telegraph
#World_Science
Published 18 March 2026
အီလိုဒီဘရီဖာဆိုတဲ့ အမျိုးသမီးဟာ ဂျီနီဗာအနီး မြို့အစွန်နေရာမှာ ကြီးပြင်းလာပြီး မြင်းတွေက သူ့ဘဝမှာ ကဏ္ဍတစ်ခုကနေ ပါဝင်နေပါတယ်။
ငယ်စဉ်တည်းက မြင်းဟီသံတွေ ကြားခဲ့ပေမယ့် သတိမပြုမိခဲ့ဘဲ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကမှ မြင်းအပါအဝင် တိရိစ္ဆာန်အမျိုးမျိုးရဲ့ အသံထွက်ပေါ်ပုံတွေကို စတင်လေ့လာခဲ့ကာ ယခုဆိုရင် ကိုပင်ဟေဂင်တက္ကသိုလ်မှ တိရိစ္ဆာန်အပြုအမူဆိုင်ရာ သိပ္ပံပညာရှင် ဖြစ်နေပါပြီ။
သူမနဲ့ သုတေသနအဖွဲ့က Current Biology ဂျာနယ်မှာ ဖော်ပြခဲ့ရာမှာ မြင်းတွေက ဟီသံပေးတဲ့အခါ အသံကြိမ်နှုန်း ၂ ခုတပြိုင်တည်း ထုတ်လုပ်ပြီး ဒါဟာ နို့တိုက်သတ္တဝါတွေကြားမှာ အလွန်ရှားပါးပါတယ်။
အသံတုန်ခါမှုတွေကနေ နိမ့်သံဖြစ်ပေါ်ပြီး အသံအိုးအထက် လေချွန်သံထွက်ရာကနေ မြင့်သံဖြစ်ပေါ်စေပါတယ်။
အသံအိုးတွေနဲ့ ဟီလီယံ စမ်းသပ်မှုများ ပြုလုပ်ကာ အသံအနိမ့်အမြင့် ၂ မျိုး ထွက်ပေါ်ပုံကို အတည်ပြုခဲ့ကြပြီး မြင့်သံကို ပြောင်းလဲစေကာ နိမ့်သံတော့ မပါဝင်ပါဘူး။
မြင်းဟီသံတွေမှာ စိတ်ခံစားချက် အခြေအနေတွေ ဖုံးကွယ်နေပြီး ကြိမ်နှုန်းမြင့်သံက ကျေနပ်မှုကို ညွှန်ပြကာ ကြိမ်နှုန်းနိမ့်သံကတော့ စိတ်ခံစားချက် ပြင်းထန်မှုကို ဖော်ပြနေပါတယ်။
မြင်းတွေရဲ့ အသံအနေအထားကို နားလည်သိရှိခြင်းဖြင့် တိရိစ္ဆာန်စားဝတ်ဖူလုံရေး၊ ထိန်းသိမ်းရေး၊ အချင်းချင်း ဆက်သွယ်မှုအကြောင်း သိရှိရေးတို့အတွက် အသုံးချလာနိုင်မှာ ဖြစ်ပါတယ်။
တိရိစ္ဆာန်တွေရဲ့ ဆက်သွယ်ပုံကို နားလည်သိရှိအောင် ကြိုးပမ်းနေရာမှာ ဒီလေ့လာချက်က စိတ်ဝင်စားစရာကောင်းပြီး စိတ်လှုပ်ရှားရတဲ့ လေ့လာမှုမျိုး ဖြစ်တယ်လို့ အန်ဂလီယာရက်စ်ကင်တက္ကသိုလ်မှ ဆင့်ကဲဖြစ်စဉ်ဇီဝပညာရှင် ဂျေကော့ဒန်းက ပြောပါတယ်။
Source: NPR.
အစ္စရေးလ်က အမေရိကန်နဲ့တိုင်ပင်ပြီး အီရန်အပေါ် စစ်ဆင်ရေးတွေကို ဘယ်အချိန်အဆုံးသတ်မလဲဆိုတာကို ဆုံးဖြတ်သွားမယ်လို ပြောခဲ့ပြီးနောက် အီရန်က သိသိသာသာ ပြန်လည်တိုက်ခိုက်လာကာ အီရန်ကသာ စစ်အဆုံးသတ်ရေးကို ဆုံးဖြတ်သွားမယ်လို့ အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRCG)က ပြောပါတယ်။
#World_News
Published 17 March 2026
#အစ္စရေးလ် #အမေရိကန် #အီရန်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 17 March 2026
■ ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောများ လိုက်ပါပို့ဆောင်ပေးဖို့ စစ်သင်္ဘောများစေလွှတ်ရန် ဒေါ်နယ်ထရမ့်ရဲ့ တောင်းဆိုချက်ကို အမေရိကန် မဟာမိတ်အများအပြား ပယ်ချလိုက်သဖြင့် ဆယ်စုနှစ်တွေကြာအောင် ထောက်ပံ့ပေးခဲ့တာကို အနောက်တိုင်းမဟာမိတ်တွေ ကျေးဇူးမသိတတ်ဘူးလို့ အမေရိကန်သမ္မတ ဝေဖန်လိုက်ပါတယ်။
■ ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းအထိ ဖြတ်သန်းသွားလာနေတဲ့ လမ်းကြောင်းဖြစ်ပြီး စစ်ပွဲပဋိပက္ခကြောင့် ပိတ်ဆို့ခံထားရကာ လောင်စာဈေးနှုန်း မြင့်တက်နေပါတယ်။
■ အီရန်က ဒရုန်းတွေ ရေမြှုပ်မိုင်းတွေနဲ့ ပိတ်ဆို့ကာရံထားတဲ့ ဒီလမ်းကြောင်း ပြန်လည်ပွင့်စေဖို့ စစ်သင်္ဘောများ စေလွှတ်ရန် အစီအစဉ်မရှိဘူးလို့ ဂျာမနီ၊ စပိန်၊ အီတလီအပါအဝင် အမေရိကန်မဟာမိတ်အချို့ ပြောပါတယ်။
■ အစ္စရေးလ်က အီရန်ရဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ဖို့ စီစဉ်နေပါတယ်။
■ အီရန်ကတော့ အရှေ့အလယ်ပိုင်းမှာရှိတဲ့ အစ္စရေးလ်နဲ့ အမေရိကန်စခန်းတွေကို တုံ့ပြန်တိုက်ခိုက်နေပါတယ်။
■ အီရန်မှာ အရပ်သားအသေအပျောက်များ ရှိနေပြီး ကယ်ဆယ်ရေးတွေက လူနေဒေသများမှာ ကူညီဆောင်ရွက်နေပါတယ်။
■ အီရန်တိုက်ခိုက်မှုကြောင့် ယူအေအီးမှ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ရေနံစက်ရုံတွေ လုပ်ဆောင်ရေး ထိခိုက်ခဲ့ကာ ဆော်ဒီအာရေဗျကလည်း ဒရုန်းအများအပြား ဖျက်ဆီးနိုင်ခဲ့ပါတယ်။
■ တင်းမာမှုတွေကြားကပဲ အခြေအနေ တည်ငြိမ်ဖို့အတွက် အီရန်လောင်စာတင်ပို့မှုများကို ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းခွင့်ပေးသွားဖို့ အမေရိကန်အရာရှိတွေ အရိပ်အမြွက် ဆိုနေကြပါတယ်။
Source: Reuters
#World_Health
Published 16 March 2026
လူသားတွေနဲ့ သူတို့ရဲ့အိမ်မွေးခွေးတွေကြား သံယောဇဉ်မေတ္တာက အတော်လေး နက်ရှိုင်းတာကို အထောက်အထား တွေ့ရှိထားပါတယ်။
ခွေးတွေရဲ့ ခန္ဓာကိုယ်မှာ သယ်ဆောင်လာတဲ့ အနုဇီဝပိုးမွှားတွေက လူတွေရဲ့ဦးနှောက်မှာ စာနာရင်းနှီးမှု ပိုဖြစ်စေတယ်လို့ တွေ့ရှိထားပါတယ်။
လတ်တလော လေ့လာချက်များအရ မတူကွဲပြားတဲ့ ဘက်တီးရီးယားများပါဝင်တဲ့ ခွေးတွေကို အိမ်ထဲထားတဲ့အခါ လူသားတွေရဲ့ ပိုးမွှားစနစ်ကို သက်ရောက်နိုင်ပါတယ်။
ခွေးတွေဟာ သဘာဝအတိုင်း စူးစမ်းသွားလာလိုစိတ် ရှိတာကြောင့် ကွဲပြားတဲ့ ပိုးမွှားတွေ ထိတွေ့ကြပါတယ်။
ဒီပိုးမွှားတွေ လူသားထဲ ဝင်ရောက်လာတဲ့အခါ ပျော်ရွှင်မှုဟော်မုန်း အောက်ဆီတိုစင် ထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးပါတယ်။
ဒီလိုကနေ ခွေးတွေနဲ့ ပိုမိုရင်းနှီးစေရုံမက လူမှုရေးစိတ်နဲ့ စာနာစိတ်တို့ မြင့်တင်ပေးနိုင်ပါတယ်။
ကြောင်တွေကတော့ ခွေးတွေနဲ့မတူဘဲ ခွေးတွေလို အနုဇီဝပိုးမွှား အကျိုးကျေးဇူး မပေးနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအကျိုးကျေးဇူးတော့ ပေးနိုင်ပါသေးတယ်။
မြို့ပြမှာပဲ ကျင်လည်နေသူတွေအတွက် ခွေးတွေက အပြင်လောကနဲ့ ဆက်စပ်ပေးနိုင်ကာ စိုးရိမ်ပူပန်စိတ် လျော့ကျစေခြင်း၊ လူမှုဆက်ဆံရေး ကောင်းမွန်ခြင်းတို့ ရရှိစေနိုင်ပါတယ်။
ခွေးတစ်ကောင်နဲ့ ခဏတာ ထိတွေ့ခြင်းက အောက်ဆီတိုစင် ယာယီတိုးတက်နိုင်ကာ အတူနေထိုင်ရင်တော့ လူတွေရဲ့ အရေပြားနဲ့ အူလမ်းကြောင်းတို့မှာ နေထိုင်တဲ့ ဘက်တီးရီးယား အစုအဖွဲ့တွေ ကြာရှည်ပြောင်းလဲလာနိုင်မှာ ဖြစ်ပါတယ်။
Source: India Today
#World_Health
Published 15 March 2026
■ လူအချို့ လေ့ကျင့်ခန်းပြုလုပ်နေတာတောင် ကိုယ်အလေးချိန်တက်နေကြပါတယ်။
■ ခန္ဓာကိုယ် ဖိစီးမှုတုံ့ပြန်ခြင်းက အဆီတွေ ဘယ်လိုသိုလှောင်သလဲ၊ ဆာလောင်စိတ် ဘယ်လိုထိန်းချုပ်လဲ၊ ဇီဝလုပ်ဆောင်ချက်တွေ ဘယ်လိုလဲဆိုရာမှာ အရေးပါနေပါတယ်။
■ အလုပ်ဖိအား၊ အိပ်ရေးပျက်ခြင်း၊ ငွေရေးကြေးရေး ပူပန်မှုတွေကြောင့် ရေရှည်ဖိစီးမှု ဖြစ်ရာကနေ ဟော်မုန်းမညီမမျှ ဖြစ်လာပါတယ်။
■ ဖိစီးမှုဖြစ်တဲ့အခါ ကော်တီဆောဟော်မုန်း ထွက်စေပြီး ပမာဏများတဲ့အခါ ပုံမှန်ဇီဝကမ္မဖြစ်စဉ်ကို နှောင့်ယှက်စေပါတယ်။
■ ဝမ်းဗိုက်တဝိုက် အဆီတွေပိုစုလာစေတဲ့အပြင် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတို့လည်း ဖြစ်နိုင်ခြေများစေတယ်လို့ ဒေလီ CK Birla ဆေးရုံမှ ဒေါက်တာ မာနီရှာအာရိုရာက ပြောပါတယ်။
■ ဖိစီးမှုကြောင့် ကယ်လိုရီများတဲ့ စားစရာတွေ စားချင်လာပြီး ဆာလောင်မှုထိန်းချုပ် ဟော်မုန်းတွေ နှောင့်ယှက်ခံရကာ အစာစားခြင်းကို ထိန်းချုပ်ဖို့ ခက်ခဲလာပါတယ်။
■ ကော်တီဆော ကြာရှည်မြင့်မားတဲ့အခါ အင်ဆူလင်ယဉ်ပါးခြင်း၊ သွေးတွင်းသကြားဓာတ် မြင့်မားခြင်း၊ နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေများခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
■ ဖိစီးမှုကြောင့် အိပ်ရေးပျက်တဲ့အခါ ဇီဝဖြစ်စဉ်နှေးသွားပြီး ဆာလောင်စိတ်များလာသလို ကျန်းမာရေးလမ်းစဉ်တွေ ထိခိုက်ကာ ကိုယ်အလေးချိန် တိုးလာစေပါတယ်။
■ ဖိစီးမှုကို တုံ့ပြန်ပုံက တစ်ယောက်နဲ့တစ်ယောက် မတူဘဲ အချို့က စားချင်စိတ် လျော့နည်းတတ်ပါတယ်။
■ ဒါပေမဲ့ ရေရှည်ဖိစီးမှုကတော့ ဇီဝဖြစ်စဉ်ရောဂါတွေ ဖြစ်နိုင်ခြေများစေပါတယ်။
■ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ပုံမှန်အိပ်စက်ခြင်း၊ ဂရုတစိုက်စားခြင်း၊ စိတ်ပြေလျော့အောင် ကျင့်ကြံခြင်းတို့ဖြင့် ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။
Source: India Today.
Page 16 of 1145