#LocalNews
Published_14 April 2022
မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ်တစ်စီးပေါ်တွင် သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားသည့် ပစ္စည်းများနှင့်အတူ ရောနှောတင်ဆောင်လာသော အကောက်ခွန်မဲ့ ကားတာယာများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၀၀၀,၀၀၀)ကို မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့ကသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်နေစဉ် ဧပြီလ ၁၂ ရက်က သိမ်းဆည်းရမိခဲ့ခြင်းဖြစ်၍ ယခုအခါ အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူထားကြောင်း သိရသည်။
ယင်းအပြင် ဧပြီလ ၁၂ ရက် နှင့် ၁၃ ရက်တို့တွင် သထုံမြို့နယ် ဒူးရင်းဆိပ်ဘိနယ် ထောင်မှူးကျေးရွာ (တောင်ဘက်) တောစပ်အနီး၌ တရားမဝင် တောင်သရက်ခွဲသားနှင့်ကောင်းမှုခွဲသား ၁ ဒသမ ၀၉၆၆ တန် (ခန့်မှန်းတန်ဖိုးငွေ ၇၆၇၆၂ ကျပ်) ကို လည်းကောင်း၊ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်း တရားမဝင်သစ်မျိုးစုံ ၁ ဒသမ ၁,၂၃၄ တန် (ခန့်မှန်းတန်ဖိုးငွေ ၇၈,၆၃၈ ကျပ်) ကိုလည်းကောင်း၊စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်အတွင်း တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ ၁ ဒသမ ၂၀၆ တန်(ခန့်မှန်းတန်ဖိုးငွေ ၃၆၁,၈၀၀ ကျပ်) ကို လည်းကောင်း၊ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ်မျိုးစုံ ၃၆ ဒသမ ၁,၁၅၁ တန်(ခန့်မှန်းတန်ဖိုးငွေ ၅၉၂၅၈၁၄ ကျပ်) ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သောကြောင့် သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဧပြီလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၆ မှု (ခန့်မှန်းတန်ဖိုးငွေ ၁၂,၄၄၃,၀၁၄ ကျပ်)ကို သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
ymg/mt
#Yanagon_Media_Group
#LocalNews
Published 14 Apr 2022
အိန္ဒိယနိုင်ငံအစိုးရက လှူဒါန်းတဲ့ ဆန်နှင့်ဂျုံများကိုဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း စားနပ်ရိက္ခာ အခက်အခဲရှိသောပြည်သူများကို ထောက်ပံ့ပေးသွားမယ်လို့သိရပါတယ်။
အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ ဆန်နှင့် ဂျုံများ ထောက်ပံ့လှူဒါန်းလိုကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဆက်သွယ်လာမှုအရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းကာ စုစုပေါင်း ဆန်တန်ချိန် ၁၀,၀၀၀ နှင့် ဂျုံတန်ချိန် ၂၀၀ တို့ကို လက်ခံနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံအစိုးရက လှူဒါန်းသည့် ဆန်နှင့်ဂျုံများအနက် ဆန်တန်ချိန် ၇,၅၆၀ ပါရှိသည့် ကုန်သေတ္တာ ၂၈၀ သည် Asia World ဆိပ်ကမ်းနှင့် ဆန်တန် ၂,၄၄၀ ပါရှိသည့် ကုန်သေတ္တာ ၉၀ သည် Myanmar Industry Port(MIP) ဆိပ်ကမ်းသို့ မတ် ၁၇ ရက်တွင် လည်းကောင်း၊ ဂျုံတန်ချိန် ၂၀၀ ပါရှိ သည့် ကုန်သေတ္တာ ၉ လုံးမှာ မတ် ၃၀ ရက်တွင် MIP ဆိပ်ကမ်းသို့ လည်းကောင်း အသီးသီးဆိုက်ကပ် ရောက်ရှိထားပြီဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါဆန်နှင့် ဂျုံများ ထုတ်ယူနိုင်ရေး အတွက် သွင်းကုန်ပါမစ်၊ အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ရရှိရေး၊ အထူးအမိန့် (Special Order) ဖြင့် ထုတ်ယူခွင့်နှင့် Dilivery Order ရရှိရေးကိစ္စများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာဌာနများက ဆောင်ရွက်ခဲ့ပြီး ဧပြီ ၅ ရက်မှ ၁၁ ရက်အထိ ဆန်ကုန်သေတ္တာ ၄၇ လုံး (ဆန်အိတ်ပေါင်း ၂၅,၃၅၄ အိတ်)၊ ဂျုံကုန်သေတ္တာကိုးလုံး (ဂျုံအိတ်ပေါင်း ၄,၀၀၀) တို့ကို ထုတ်ယူခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အိန္ဒိယနိုင်ငံအစိုးရက လှူဒါန်းသည့် ဆန်နှင့်ဂျုံများကို ရန်ကုန်တိုင်းဒေသကြီး ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့) မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စားနပ်ရိက္ခာ အခက်အခဲရှိသော ပြည်သူများကို ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ထုတ်ယူရန်ကျန်ရှိသည့် ဆန်နှင့် ဂျုံများ ကို အမြန်ဆုံး ဆက်လက်ထုတ်ယူ ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ထုတ်ယူဖြန့်ခွဲမှု သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ရန်ပုံငွေ(GRF)မှ ခွင့်ပြုချက်ဖြင့် ကျခံသုံးစွဲထောက်ပံ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#WorldHealth
Published 14 April 2022
အလှကုန်ပစ္စည်းများနဲ့ အိုးမကပ်ဒယ်ပြားဒယ်အိုးတွေမှာပါဝင်တဲ့ တာရှည်ခံဓာတုပစ္စည်းတွေဟာ သက်လတ်ပိုင်းအမျိုးသမီးတွေမှာ ဆီးချိုရောဂါဖြစ်ပွားနိုင်ချေပိုများစေနိုင်ကြောင်း တွေ့ရှိထားပါတယ်။
သွေးထဲမှာ အဆိုပါဓာတုပစ္စည်းများပြားနေတဲ့အမျိုးသမီးတွေမှာ ဆီးချိုရောဂါဖြစ်နိုင်ချေနှစ်ဆလောက် ပိုများလာနိုင်တယ်လို့ သုတေသီတွေရှာတွေ့ခဲ့တာဖြစ်ပါတယ်။
တာရှည်ခံဓာတုပစ္စည်းဖြစ်တဲ့ ပေါ်လီဖလိုရိုအယ်လ်ကိုင်းလ်စ်(PFAS)ဟာ သဘာဝပတ်ဝန်းကျင်မှာ ပြိုကွဲမသွားနိုင်ပါဘူး။
ဓာတုပစ္စည်းအမျိုးအစားပေါင်း ၅ ထောင်ခန့်ရှိပြီး ဒီပစ္စည်းတွေဟာ ကင်ဆာ၊ သွေးတိုး၊ မွေးရာပါချို့ယွင်းခြင်းစတဲ့ ကျန်းမာရေးပြဿနာအမျိုးမျိုးဖြစ်နိုင်ပါတယ်။
ကိမ်းဘရစ်ချ်ရှိင်းယားရှိရွာ ၂ ရွာကရေတွေထဲမှာ အဆိုပါဓာတုပစ္စည်းတွေ့ရှိခဲ့တာကြောင့် ထိုဒေသမှလူများ ရေသန့်ဗူးကိုသာ သောက်သုံးနေရပါတယ်။
PFAS ဓာတုပစ္စည်း ၇ မျိုးအပါအဝင် သဘာဝပတ်ဝန်းကျင်မှာတွေ့ရတဲ့ဓာတုပစ္စည်းတွေကို မီချီဂန်တက္ကသိုလ်မှ ဒေါက်တာ'ဆောင်ကျန်ပတ်'ဦးဆောင်တဲ့သုတေသီအဖွဲ့က စမ်းသပ်လေ့လာခဲ့ကြပါတယ်။
သွေးထဲမှာ PFAS ပါဝင်မှုများပြားခြင်းက သက်လတ်ပိုင်းအမျိုးသမီးတွေမှာ ဆီးချိုရောဂါဖြစ်ပွားနိုင်ချေများကြောင်း ဖော်ပြခဲ့ကြပါတယ်။
သက်လတ်ပိုင်းအရွယ်မဝင်ခင်မှာ တာရှည်ခံဓာတုပစ္စည်း ထိတွေ့မှုနည်းပါးအောင် ဆင်ခြင်ခြင်းဖြင့် ဆီးချိုရောဂါဖြစ်နိုင်ချေနည်းပါးအောင် ကာကွယ်ပေးနိုင်ဖွယ်ရှိနေပါတယ်။
PFAS ဓာတုပစ္စည်းတွေကို ၁၉၄၀ ခုနှစ်များက စတင်အသုံးပြုခဲ့ကြပြီး စက်မှုလုပ်ငန်းများအပြင် လူအများသုံးစွဲလေ့ရှိတဲ့ အိုးမကပ်ဟင်းချက်ပစ္စည်းများ၊ သောက်ရေ၊ အစွန်းချွတ်ဆေး၊ စားစရာထုတ်ပိုးသည့်ပါကင်၊ မီးသတ်ဗူး၊ အလှကုန်ပစ္စည်းများမှာလည်း ပါဝင်ပါတယ်။
PFAS ဓာတုပစ္စည်းတွေဟာ အလွန်ခံနိုင်ရည်ရှိပြီး ပတ်ဝန်းကျင်မှာစုပြုံလာနိုင်ရုံမက လူ့ခန္ဓာကိုယ်နဲ့ တိရိစ္ဆာန်ခန္ဓာကိုယ်တွေထဲမှာ နှစ်ပေါင်းများစွာကျန်ရှိနေနိုင်ပါတယ်။
Source: DailyMail.
#Yangon_Media_Group
#WorldCrime
Published 14 April 2022
နယူးယော့ခ်မြို့ရှိ မီးရထားတွဲမှာ မီးခိုးဗုံးတွေဖောက်ပြီး သေနတ်ပစ်ဖောက်ခဲ့တဲ့ သံသယရှိသူတရားခံကို ဗုဒ္ဓဟူးနေ့ကဖမ်းဆီးရမိခဲ့ပြီး အများပြည်သူပို့ဆောင်သွားလာရေးနေရာအားအကြမ်းဖက်တိုက်ခိုက်မှုဖြင့် တရားစွဲဆိုထားပါတယ်။
အသက် ၆၂ နှစ်အရွယ်တရားခံဖြစ်သူ 'ဖရန့်ခ်ရောဘတ်ဂျိမ်းစ်'ဟာ အင်္ဂါနေ့က အကြမ်းဖက်ခဲ့တာဖြစ်ပြီး ထိုနေရာမှ ၈ မိုင်အကွာ မန်ဟတ်တန်အောက်ဘက်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
အာဏာပိုင်တွေက သူရှိနေနိုင်တဲ့နေရာကို အနီးအနားနေထိုင်သူတွေရဲ့အကူအညီနဲ့ သိရှိခဲ့ပြီး မျက်မြင်တွေ့ခဲ့သူအချို့ကလည်း တွေ့ခဲ့ရတဲ့ပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာတင်ခဲ့ကြပါတယ်။
တရားဥပဒေသတင်းအရင်းအမြစ်တွေကနေ New York Times နဲ့ New York Post တို့ကဖော်ပြထားရာမှာ ဗုဒ္ဓဟူးနေ့က 'ဂျိမ်းစ်'ဟာ မက်ဒေါ်နယ်ဆိုင်ခွဲတစ်ခုကနေ သူရှိနေတဲ့နေရာကို ရဲတွေထံ အရိပ်အမြွက်ခေါ်ဆိုပြောကြားခဲ့ကြောင်း သိရပါတယ်။
နံနက်ပိုင်း ခရီးသည်အများအပြားရှိနေတဲ့နေရာကို တိုက်ခိုက်ခဲ့ပြီး နာရီ ၃၀ အကြာမှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။
မြို့တော်ဝန်'အဲရစ်အဒမ်စ်'က "ကျွန်တော်တို့သူ့ကို ဖမ်းမိခဲ့ပါပြီ။ ကျွန်တော်တို့က ဒီမြို့ကလူတွေကို ကာကွယ်ပေးသွားမှာဖြစ်ပြီး နယူးယော့ခ်မြို့သားတွေကို အကြမ်းဖက်တိုက်ခိုက်တဲ့သူမှန်သမျှကို ဖမ်းဆီးသွားမှာဖြစ်ပါတယ်" လို့ သတင်းစာရှင်းလင်းပွဲမှာကြေညာသွားပါတယ်။
'ဂျိမ်းစ်'ဟာ အရင်က နယူးယော့ခ်မြို့မှာ ၉ ကြိမ်၊ နယူးဂျာစီမှာ ၃ ကြိမ်အဖမ်းခံခဲ့ရဖူးကြောင်း နယူးယော့ခ်ရဲတပ်ဖွဲ့ဌာန(NYPD)က ပြောပြပါတယ်။
ဗဟိုအစိုးရရှေ့နေများက စာမျက်နှာ ၁၀ မျက်နှာပါတဲ့အမှုတွဲဖိုင်ကို ဘရွတ်ကလင်းရှိ ခရိုင်တရားရုံးမှာ ဗုဒ္ဓဟူးနေ့ကလျှောက်တင်ခဲ့ပြီး အများပြည်သူပို့ဆောင်သွားလာရေးနေရာမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြင့် 'ဂျိမ်းစ်'ကို တရားစွဲဆိုထားကြောင်း ပါဝင်ပါတယ်။
ပြစ်ဒဏ်ချမှတ်တဲ့အခါ တသက်တစ်ကျွန်းထောင်ဒဏ်ကျခံသွားရဖွယ်ရှိကြောင်း အရာရှိများကပြောပြပါတယ်။
ကြာသပတေးနေ့မှာ 'ဂျိမ်းစ်'ကို ဘရွတ်ကလင်းရှိရှေ့နေတရားရုံးမှာ ပထမအကြိမ်ရုံးတင်စစ်ဆေးသွားမှာဖြစ်ပါတယ်။
'ဂျိမ်းစ်'ဟာ ရထားတွဲတစ်ခုအတွင်း မီးခိုးဗုံးနှစ်လုံးဖောက်ခွဲခဲ့ပြီးနောက် ပစ္စတိုသေနတ်ဖြင့်ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
ထိုသေနတ်နဲ့အတူ အခင်းဖြစ်ပွားရာနေရာမှ ကျည်ကဒ် ၃ ကဒ်၊ ဓာတ်မီး ၁ လုံး၊ ပုဆိန် ၁ ချောင်း၊ မီးရှူး ၁ ထုပ်၊ ဓာတ်ဆီ ၁ ပုံးရရှိခဲ့ကြောင်း အမှုတွဲထဲမှာဖော်ပြထားပါတယ်။
သေနတ်ပစ်ခတ်မှုကြောင့် လူ ၁၀ ဦးထိမှန်ခဲ့ပြီး ၅ ဦးကအခြေအနေစိုးရိမ်ရပေမယ့် ဗုဒ္ဓဟူးနေ့မှာတော့ တည်ငြိမ်သွားပြီဖြစ်ပါတယ်။
မီးခိုးအူထွက်နေတဲ့ရထားတွဲထဲကနေ လူအများအပြားပြေးထွက်လာတဲ့အချိန်မှာ ၁၃ ဦးဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ခဲ့သူအားလုံးအသက်ရှင်လျက်ရှိနေပါတယ်။
Source: Reuters
#Yangon_Media_Group
#WorldHealth
Published 14 April 2022
အစိမ်းရောင်ဟင်းသီးဟင်းရွက်များက အဟာရဓာတ်ကြွယ်ဝတဲ့အပြင် ကပ်ရောဂါကိုပါ ကာကွယ်ပေးနိုင်ဖွယ်ရှိနေပါတယ်။
ပန်းဂေါ်ဖီနဲ့ ဂေါ်ဖီမျိုးနွယ်တွေမှာတွေ့ရတဲ့ ဓာတုပစ္စည်းတစ်မျိုးဟာ ကိုဗစ်ရောဂါနဲ့အအေးမိဖျားနာရောဂါတွေကို တိုက်ထုတ်ဖို့ ထိရောက်တဲ့နည်းလမ်းဖြစ်လာဖွယ်ရှိကြောင်း ဂျွန်ဟော့ပ်ကင်းစ်ကလေးဆေးရုံမှ သုတေသီများက အထောက်အထားများတွေ့ရှိခဲ့ကြပါတယ်။
အပင်တွေကရရှိတဲ့ ဆာလ်ဖိုရာဖိန်းဟာ ကင်ဆာကာကွယ်နိုင်တဲ့ဓာတုပစ္စည်းဖြစ်ကြောင်း အရင်ကတည်းက လေ့လာတွေ့ရှိထားပါတယ်။
အခုအခါ အဆိုပါဒြပ်ပေါင်းဟာ SARS-CoV-2 ဗိုင်းရပ်စ်ပျံ့ပွားခြင်းကိုပါ တားဆီးပေးနိုင်ဖွယ်ရှိတယ်လို တင်ပြထားကြပါတယ်။
ဒီလေ့လာတွေ့ရှိချက်တွေက တိကျသေချာတယ်ဆိုပေမယ့် အခုချက်ခြင်းဟင်းသီးဟင်းရွက်တွေ ပြေးဝယ်စရာတော့မလိုပါဘူး။
စမ်းသပ်ချက်တွေကို ကြွက်တွေနဲ့ ပြုလုပ်ထားတာဖြစ်တာကြောင့် လူသားတွေမှာ ဘေးကင်းထိရောက်မှုရှိသလားဆိုတာကိုသိရဖို့ နောက်ထပ်စမ်းသပ်မှုတွေပြုလုပ်ရဦးမှာဖြစ်ပါတယ်။
ဆာလ်ဖိုရာဖိန်းအဖြစ်ပြောင်းလဲသွားတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်များမှ သဘာဝဒြပ်ပေါင်းဟာ ပန်းဂေါ်ဖီ၊ ကိုက်လံ၊ ဂေါ်ဖီတို့မှာ အများအပြားတွေ့ရပါတယ်။
အဆိုပါဒြပ်ပေါင်းနဲ့ အသုံးဝင်ပုံတွေကို ဂျွန်ဟော့ပ်ကင်းစ်မှသိပ္ပံပညာရှင်များက လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက အရင်ဆုံးတွေ့ရှိထားတာဖြစ်ပါတယ်။
စမ်းသပ်တစ်ခုမှာ SARS-CoV-2 မကူးစက်ခင် ဆာလ်ဖိုရာဖိန်းနဲ့ထိတွေ့စေတဲ့အခါ အဆုတ်ရောင်ခြင်း လေပြွန်ရောင်ခြင်းဖြစ်နိုင်ချေအလွန်နည်းပါးသွားခဲ့ပါတယ်။
ဆာလ်ဖိုရာဖိန်းကို ကိုဗစ်ရောဂါကုသရာမှာအသုံးပြုတဲ့ Remdesivir ဆေးဖြင့်ရောစပ်သုံးစွဲခြင်းအကျိုးကိုလည်း လေ့လာခဲ့ပါတယ်။
ဒီနည်းလမ်းက ဗိုင်းရပ်စ်ပျံ့ပွားခြင်း ၅၀ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ကြောင်းတွေ့ရှိခဲ့ကြပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_ 14 April 2022
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူ့အခွင့်အရေးအစီရင်ခံစာကို မြန်မာနိုင်ငံက ပယ်ချကြောင်း နစက နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံအပါအဝင် နိုင်ငံနှင့် ဒေသပေါင်း ၁၉ဝ ကျော်ကို လွှမ်းခြုံသည့် ၂၀၂၁ ခုနှစ် နိုင်ငံအလိုက် လူ့အခွင့်အရေး အလေ့အထများဆိုင်ရာ အစီရင်ခံစာများကို ဧပြီ ၁၂ ရက်က ထုတ်ပြန်ခဲ့မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံက ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများအပေါ် တစ်ဖက်သတ် အစီရင်ခံစာများ ထုတ်ပြန်ခြင်းမှာ လူ့အခွင့်အရေးဟူသောခေါင်းစဉ်အောက်မှ သက်ဆိုင်ရာနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန်အတွက် နိုင်ငံရေးအရ ဆောင်ရွက်ခြင်းမှအပ အခြားသောအကြောင်းတရားမရှိဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖော်ပြပါအစီရင်ခံစာတွင် အစိုးရဆန့်ကျင်ဖက်အုပ်စုများနှင့် မီဒီယာများထံမှရရှိသော စွပ်စွဲချက်များနှင့် ပုံဖျက်ထားသော သတင်းများပါဝင်ကြောင်း တွေ့ရှိရသည်ဟုဆိုပါတယ်။
အဆိုပါအစီရင်ခံစာတွင် အမေရိကန်ပြည်ထောင်စု၏ အကူအညီအထောက်အပံ့ကို လက်ခံရယူထားသော အဆိုပါသတင်းအရင်းအမြစ်များကို အကြိမ်ကြိမ် ကိုးကားထားသည်ကို တွေ့ရှိရသည်မှာ အံ့ဩဖွယ်မရှိကြောင်းလည်း ဖော်ပြပါရှိပါတယ်။
အမေရိကန်၏ အစီရင်ခံစာတွင် မဲဆန္ဒရှင်စုစုပေါင်း၏ ၂၉.၅၄ ရာခိုင်နှုန်းနှင့်ညီမျှသည့် မဲမသမာမှု ၁၁.၃ သန်း ဖြစ်ပေါ်ပြီးနောက် ၁-၂-၂၀၂၁ ရက်တွင် အရေးပေါ် အခြေအနေကြေညာခဲ့ရသည့် အဓိကအကြောင်းရင်းကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ခဲ့သည်ဟု ဆိုထားပါတယ်။
မဲသမာမှုများကို ယခင် NLD အစိုးရက နည်းလမ်းတကျဖြေရှင်းရန် လစ်လျူရှုမှုနှင့် ထိပ်တိုက်ရင်ဆိုင်ရေးတို့ကို ရွေးချယ်ခဲ့မှုတို့ကြောင့် လက်ရှိတွင် CRPH ၊ NUG နှင့် PDF အကြမ်းဖက် အဖွဲ့အစည်းများက ကျူးလွန်သော အကြမ်းဖက်မှုများနှင့် သတ်ဖြတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်ဟုလည်း ဖော်ပြထားပါတယ်။
ကန်၏ အစီရင်ခံစာတွင် ခေါင်းစဉ်များစွာကို သိမ်းကျုံးစွပ်စွဲချက်များဖြင့် ဖော်ပြထားသော်လည်း အများပြည်သူ ဘေးကင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် အစိုးရ၏ ကြိုးပမ်းမှုများကို ထင်ဟပ်ဖော်ပြရန် ပျက်ကွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ထို့အပြင် အမေရိကန်ပြည်ထောင်စု အနေဖြင့် ယင်းကဲ့သို အစီရင်ခံစာများ ရေးသားရာတွင် သမာသမတ်ကျပြီး မျှတစွာဆောင်ရွက်ရန်လိုအပ်ပါတယ်။
ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာသည် အခြေအမြစ်မရှိသော အရင်းအမြစ်များနှင့် တစ်ဖက်သတ် စွပ်စွဲချက်များဖြင့် ဖတ်ရှုသူများကို နားလည်မှုလွဲစေရန်နှင့် အစိုးရကို နိုင်ငံရေးအရ အသရေဖျက်ရန် ရေးသားထားသည့် ဝါဒဖြန့်ချိရေး လက်နက်တစ်ခုအပြင် အကြမ်းဖက်ဝါဒကို အားပေးရာရောက်သည်ဟု ဖော်ပြထား ပါတယ်။
အမေရိကန်အနေဖြင့် အစီရင်ခံစာကို အငြိုးအတေးဖြင့်ထုတ်ပြန်သည်မှာ ထင်ရှားပြီး လိုရာဆွဲသောအချက်အလက်များကြောင့် ယင်းဘက်လိုက်မှုရှိသော အစီရင်ခံစာကို မြန်မာနိုင်ငံကပြတ်သားစွာ ပယ်ချလိုက်ကြောင်းနှင့် ယင်းကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသို့ ကန့်ကွက်စာကိုလည်း ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်တွင် ပေးပို့ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
Published 13 April 2022
ဆက်လက်ဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်း အကျပ်အတည်းဟာ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ ထောက်ပို့ကွင်းဆက်ပြတ်တောက်မှုတွေ ရှည်ကြာစွာဖြစ်ပေါ်နေရပါတယ်။ အဲဒါကြောင့် ပြီးခဲ့တဲ့ ၁၈လအတွင်းကနေ ယှဉ်ရင် ဓာတ်မြေဩဇာဈေးနှုန်းတွေဟာ အရှေ့တောင်အာရှမှာ နှစ်ဆကျော် တက်လာနေပါတယ်။
အာဆီယံနိုင်ငံတွေမှ စိုက်ပျိုးရေးကဏ္ဍဟာ အဓိက ကဏ္ဍဖြစ်နေတဲ့အတွက် သီးနှံအဟာရတွေ ပြတ်တောက် မလုံလောက်မှုတွေက အစားအသောက်ဈေးနှုန်းတွေတက်လာစေပြီး ဒေသက လူသန်းပေါင်းများစွာအတွက် စားနပ်ရိက္ခာလုံခြုံရေးအတွက်လည်း ခြိမ်းခြောက်မှုတွေဖြစ်ပေါ်နေစေပါတယ်။
အာရှရဲ့ စပါးကျီလို့ တင်စားရတဲ့ နိုင်ငံ့စီးပွားရေးရဲ့ ကျောရိုးဖြစ်နေတဲ့ ထိုင်းနိုင်ငံရဲ့စိုက်ပျိုးရေးလုပ်ငန်းမှာ လယ်သမားတွေဟာ မျှော်လင့်မထားတဲ့ အခက်အခဲကြီးတွေကြုံနေရပြီဖြစ်ပါတယ်။
Source CMG
#Local_News
Published_ 13 April 2022
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ဆိုးလ်မြို့မှ ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာ/ သွားရောက်နိုင်ရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင်တစ်ကြိမ် ကယ်ဆယ်ရေး လေယာဉ်ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာ ဧပြီ ၁၂ ရက် အင်္ဂါနေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ဖြင့် (၁၀၄) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်အဖြစ် ပျံသန်းပြေးဆွဲခဲ့ပါတယ်။
အဆိုပါ လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေ ၄ နာရီခွဲခန့်တွင် ထွက်ခွာခဲ့ပြီး၊ အမေရိကန် ပြည်ထောင်စုမှ (၃) ဦး၊ ဆွစ်ဇာလန်မှ (၁) ဦး၊ ကိုရီးယား သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား (၇၀) ဦး၊ စုစုပေါင်း (၇၄) ဦးတို့ စီးနင်းလိုက်ပါခဲ့ကြောင်း သိရပါတယ်။
လိုက်ပါသည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 13 April 2022
ပြည်ပနိုင်ငံတွေမှ မြန်မာနိုင်ငံသို့ ပြန်လာမယ့်သူတွေအနေနဲ့ ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်း တစ်ရက်နေ့ကစတင်ပြီး ကွာရန်တင်း တစ်ညသာ ဝင်ရတော့မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်တွေကို ကိုဗစ်ရောဂါတွေကြောင့် ပျံသန်းခွင့်ရပ်တန့်ထားခဲ့ပြီး ယခုလာမယ့် ဧပြီလ ၁၇ ရက်နေ့က စတင်ကာ ပျံသန်းခွင့်ပြန်လည်ရရှိမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသို့ လာရောက်မယ့်သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးကို လွန်ခဲ့တဲ့ ၁၄ ရက်ကျော်က အကြိမ်ပြည့်ထိုးနှံပြီးကြောင်း သက်သေခံလက်မှတ် ပြသနိုင်ရမှာဖြစ်ပြီး အသက် ၆ နှစ်အောက် ကလေးတွေကိုတော့ ကာကွယ်ဆေးသတ်မှတ်ချက်တွေက ကင်းလွှတ်ခွင့်ပြုတယ်လို့ သိရပါတယ်။
ဒ့ါအပြင် ကိုဗစ်ရောဂါကင်းရှင်းကြောင်း RT – PCR နည်းနဲ့ မြန်မာနိုင်ငံသို့ ဆိုက်ရောက်တဲ့ အချိန်မတိုင်မီ အများဆုံး ၇၂ နာရီအတွင်း စစ်ဆေးထားတဲ့ ဓာတ်ခွဲအဖြေ ပြသနိုင်ရမှာဖြစ်ပြီး နိုင်ငံခြားသားတွေအနေနဲ့ မြန်မာ့အာမခံလုပ်ငန်းကနေ ကိုဗစ်ရောဂါကျန်းမာရေး အာမခံဝယ်ယူထားတဲ့ အထောက်အထားကို ပြနိုင်ရမှာဖြစ်ပါတယ်။
ခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံသို့ရောက်ရှိတာနဲ့ သီးသန့်မော်တော်ယာဉ်နဲ့ ဟိုတယ်ကို သွားရတဲ့ စရိတ်၊ RT-PCR နည်းနဲ့ စစ်ဆေးထားတဲ့ ဓာတ်ခွဲအဖြေရရှိတဲ့အထိ သတ်မှတ်ဟိုတယ်မှာ နေထိုင်ရမှာဖြစ်တဲ့အတွက် ဟိုတယ်စရိတ်နဲ့ ကိုဗစ်ရောဂါ RT- PCR စနစ်နဲ့ စစ်ဆေးတဲ့စရိတ်တို့ကို မိမိအစီစဉ်နဲ့ ကျခံရမှာလည်း ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း ဓာတ်ခွဲအဖြေကိုတော့ ၂၄ နာရီအတွင်း သက်ဆိုင်ရာကျန်းမာရေးဌာနက ဟိုတယ်ကတစ်ဆင့် ပေးပို့ပေးမှာဖြစ်ပြီး ဓာတ်ခွဲအဖြေရတာနဲ့ သတ်မှတ်ဟိုတယ်ကနေ ထွက်ခွာနိုင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ymg/ ei
#Yangon_Media_Group
Published 13 April 2022
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော် မြောက်ပိုင်းက မော်တော်ဆိုင်ကယ်ပြင်အလုပ်ရုံတစ်ခုမှာ ဧပြီ၁၂ရက် မနက်စောစောပိုင်းက မီးလောင်မှုဖြစ်ပွားတဲ့အတွက် မိသားစုဝင်(၅)ဦး သေဆုံးခဲ့ရပါတယ်။
မနက်၂နာရီခွဲအချိန်မှာ မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး အလုပ်ရုံအတွင်းက အော်ဟစ်အကူအညီတောင်းသံတွေကြားရတယ်လို့ မျက်မြင်သက်သေတွေကပြောကြပါတယ်။
ဒါပေမယ့် အတွင်းက သော့ခတ်ထားတဲ့အတွက် ဆိုင်ရဲ့ သတ္တုရှပ်တာတံခါးကို ချိုးဝင်လို့မရဖြစ်ခဲ့ပါတယ်။မီးသတ်သမားတွေရောက်လာပြီး ဆိုင်ကို ဖျက်ဆီးဝင်ရောက်တဲ့အခါ မိသားစုဝင်(၅)ဦးစလုံး သေဆုံးနေတာတွေ့ကြရပါတယ်။
သေဆုံးရတဲ့အကြောင်းရင်းနှင့်မီးလောင်ရတဲ့ကိစ္စကို ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။
Source CMG
#WorldPolitics
Published 13 April 2022
ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'နဲ့ အနီးစပ်ဆုံးမိတ်ဖက်တစ်ဦးဖြစ်ပြီး ယူကရိန်းနိုင်ငံမှာတာဝန်ထမ်းဆောင်နေတဲ့ ယူကရိန်းအတိုက်အခံနိုင်ငံရေးသမား စီးပွားရေးအာဏာရှင်ကြီးဖြစ်သူ 'ဗစ်တာမက်ဒ်ဗက်ဒ်ချု'ကို ဖမ်းဆီးမိခဲ့ကြောင်း ယူကရိန်းလုံခြုံရေးတပ်ဖွဲ့က ကြေညာလိုက်ပါတယ်။
ဒီမတိုင်ခင် နိုင်ငံတော်ပုန်ကန်မှုတရားစွဲဆိုချက်ဖြင့် အကျယ်ချုပ်ထိန်းသိမ်းခံထားရတဲ့'မက်ဒ်ဗက်ဒ်ချု'ဟာ ယူကရိန်းကို ရုရှားကျူးကျော်ခဲ့ပြီးရက်ပိုင်းအတွင်း လွတ်မြောက်သွားခဲ့ပါတယ်။
'မက်ဒ်ဗက်ဒ်ချု'ကို 'လျှပ်စီးအလျင်'လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးဖြင့်ဖမ်းဆီးခဲ့ကြောင်း သမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က ဦးဆုံးကြေညာလိုက်ကာ ဖမ်းဆီးရမိတဲ့တရားခံအား လက်ထိတ်ခတ်ဖမ်းဆီးထားတဲ့ပုံကို ဆိုရှယ်မီဒီယာမှာ တင်ပြခဲ့ပါတယ်။
အခုဖမ်းဆီးရမိတဲ့တရားခံကို ရုရှားတို့ဖမ်းဆီးထိန်းသိမ်းထားတဲ့ ယူကရိန်းအကျဉ်းသားတွေနဲ့လဲလှယ်သွားဖို့ ရုရှားဖက်ဒရေးရှင်းကို တောင်းဆိုသွားမှာဖြစ်ကြောင်း တယ်လီဂရမ်မှာပြောပြထားပါတယ်။
'မက်ဒ်ဗက်ဒ်ချု'ဟာ ရုရှားအစိုးရအဖွဲ့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူဖြစ်ပြီး ရုရှားရေနံရင်းနှီးမြှုပ်နှံမှုတွေကနေ ကြီးပွားလာသူဖြစ်ပါတယ်။
'ပူတင်'ဟာ 'မက်ဒ်ဗက်ဒ်ချု'ရဲ့ အငယ်ဆုံးသမီးဖြစ်သူရဲ့ ခေါင်းကိုင်ဖခင်လည်းဖြစ်ပါတယ်။
'မက်ဒ်ဗက်ဒ်ချု'ဦးဆောင်တဲ့ ယူကရိန်းအတိုက်အခံညွန့်ပေါင်းအဖွဲ့အစည်း 'For Life' ဟာ ရုရှားလိုလားရေးအစီအစဉ်တွေကို လုပ်ဆောင်နေခဲ့ပြီး ၂၀၂၁ ခုနှစ်မေလမှာ နိုင်ငံတော်ပုန်ကန်မှုဖြင့် 'မက်ဒ်ဗက်ဒ်ချု'ဟာ တရားစွဲဆိုခံခဲ့ပါတယ်။
ယူကရိန်းစစ်တပ်လျှို့ဝှက်အချက်အလက်တွေကို ရုရှားထံရောင်းချခြင်း၊ ရုရှားတို့သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်မှ သယံဇာတများကို အလွဲသုံးစားအသုံးချခြင်း စသည့်စွပ်စွဲချက်များဖြင့် တရားစွဲခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် သူ့ကိုအကျယ်ချုပ်ချထားလိုက်ကာ ရုရှားတို့ကျူးကျော်စစ်ဝင်ရောက်လာပြီးရက်ပိုင်းအတွင်းမှာပဲ ထွက်ပြေးလွတ်မြောက်သွားပါတယ်။
'မက်ဒ်ဗက်ဒ်ချု'ရဲ့နေအိမ်ကို သွားရောက်စစ်ဆေးခဲ့ရာမှာ ရွှေရတနာများဖြင့်စီခြယ်ထားတဲ့ ပူးလ်မန်းမီးရထားတွဲပုံစံတူတစ်ခုကို ဖုံးအုပ်ထားတာတွေ့ခဲ့ရပါတယ်။
ပြီးခဲ့တဲ့လကလည်း ခရိုအေးရှားဆိပ်ကမ်းတစ်ခုမှာ 'မက်ဒ်ဗက်ဒ်ချု'ပိုင်ဆိုင်တဲ့ ဒေါ်လာသန်း ၂၀၀ တန် the Royal Romance ဇိမ်ခံလှေကြီးကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဇန်နဝါရီလက 'မက်ဒ်ဗက်ဒ်ချု'နဲ့ ရုရှားကျောထောက်နောက်ခံပြု ယူကရိန်းနိုင်ငံရေးသမား ၃ ဦးတို့ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ခဲ့ကာ ရုရှားကျူးကျော်ရေးမှာ ပူးပေါင်းကြံစည်ပါဝင်ခဲ့ကြတယ်လို့ စွပ်စွဲထားပါတယ်။
'ဇယ်လန်စကီ'က 'မက်ဒ်ဗက်ဒ်ချု'ရဲ့ အင်အားအကြီးမားဆုံး ယူကရိန်းအတိုက်အခံအဖွဲ့ပါတီနဲ့ ရုရှားနဲ့ပတ်သက်နေတဲ့ အခြားနိုင်ငံရေးအဖွဲ့ပါတီများစွာကိုလည်း မတ်လက ဆိုင်းငံ့ရုတ်သိမ်းခဲ့ပါတယ်။
ဒီကိစ္စကို နိုင်ငံရေးဖိနှပ်ချုပ်ခြယ်သည်ဟုယူဆထားတဲ့ 'ပူတင်'အတွက်တော့ 'မက်ဒ်ဗက်ဒ်ချု'အဖမ်းခံရပြီး စွဲချက်တင်ခံရတာဟာ အမျက်ထွက်စရာကောင်းနေပါတယ်။
သူ့ကို ဘယ်နေရာမှာ ဘယ်လိုဖမ်းမိခဲ့လဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
'မက်ဒ်ဗက်ဒ်ချု'ကို ဖမ်းမိနိုင်ဖို့ အန္တရာယ်များတဲ့စစ်ဆင်ရေးကို အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့တဲ့ ထောက်လှမ်းရေးနဲ့ စုံစမ်းရေးအရာရှိများအား ကျေးဇူးအထူးတင်ရှိကြောင်းလုံခြုံရေးအဖွဲ့ခေါင်းဆောင်'အိုင်ဗန်ဘာကာနော့ဗ်'က ကြေညာလိုက်ပါတယ်။
ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ 'ဒီမစ်ထရီပက်စ်ကော့ဗ်' က "ယူကရိန်းဘက်ကနေ သတင်းမှားတွေထွက်ပေါ်လာတတ်ပါတယ်။ ဒီကိစ္စကိုသေချာအောင် အရင်စုံစမ်းစစ်ဆေးရပါဦးမယ်" လို့ ရုရှားသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
Source: The Guardian
#Yangon_Media_Group
#LocalNews
Published 13 Apr 2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲအခမ်းအနားအား ယနေ့နံနက် ၆ နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
နံ့သာသွေးပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အစိုးရရပ်ကွက်၊ အရာရှိရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ ကုလားဘာတောင်ရပ်ကွက်၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်၊ ငလပွေ့ရပ်ကွက်၊ ကညင်တောရပ်ကွက်၊ မြစ်နားတန်းရပ်ကွက်၊ စသောမြို့ပေါ် (၁၆) ရပ်ကွက်မှ ပြိုင်ပွဲဝင်အသင်း (၁၆)သင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုရရှိသည့် အနောက်ပိုင်းရပ်ကွက်အား ဆုငွေသုံးသိန်းကျပ်၊ ဒုတိယဆုရရှိသည့် မြစ်နားတန်းရပ်ကွက်အား ဆုငွေနှစ်သိန်းကျပ်၊ တတိယဆုရရှိသည့် ငလပွေ့ရပ်ကွက်အား ဆုငွေတစ်သိန်းကျပ်နှင့် နှစ်သိမ့်ဆုရရှိသည့်ရပ်ကွက်များ အား ဆုငွေငါးသောင်းကျပ်စီပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း နံ့သာသွေးပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရပါတယ်။
ထို့နောက် ပြိုင်ပွဲဝင်များက ဂုံးချွိန်ကျေးရွာရှိ သမိုင်းဝင်တန်ခိုးကြီး ကံ့ကော်တော ဘုရားသို့ သွားရောက်ပြီး ၎င်းဘုရားဝင်းအတွင်းရှိ ဘုရားဆင်းတုတော်များအား အမွှေးနံ့သာရေများ ဖြင့် ရေသပ္ပါယ်ပြီး ကုသိုလ်ကောင်းမှုများပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
Page 1524 of 1636