#Local_News
Published_ 12 April 2022
မြန်မာအလုပ်သမား ၉၁ ဦး တောင်ကိုရီးယားက ထပ်မံခေါ်ယူခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဒီကနေ့ ဧပြီ ၁၂ ရက်တွင် Re-entry လုပ်သား ၁၇ ဦး၊ ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၁၃ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၁၉ ဦး နှင့် စိုက်ပျိုးရေးလုပ်သားသစ် ၄၂ ဦး စုစုပေါင်း ၉၁ ဦးကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ မြန်မာအလုပ်သမားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမား သံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ပါတယ်။
ဧပြီ ၄ ရက်နေ့ကလည်း မြန်မာအလုပ်သမား ၉၈ ဦးကို တောင်ကိုရီးယားက ခေါ်ယူခဲ့ပါသေးတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_12 April 2022
သင်္ကြန်ရုံးပိတ်ရက်ကာလ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များကို ပုံမှန်အတိုင်း နေ့စဉ်ပြေးဆွဲ သွားမှာဖြစ်ကြောင်း သိရပါတယ်။
သင်္ကြန်ရုံးပိတ်ရက်ကာလဖြစ်သော်လည်း အမှတ် (၈၉) အဆန်နှင့် အမှတ် (၉၀) အစုန် ရန်ကုန်-မော်လမြိုင် ရထားကို ရပ်နားသွားမှာမဟုတ်ဘဲ ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အမှတ် (၉၀) အစုန် မော်လမြိုင်-ရန်ကုန် ရထားသည် မော်လမြိုင်ဘူတာမှ နံနက် ၈ နာရီ တွင်စတင်ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို ည ၈ နာရီ ရောက်ရှိကာ နေ့စဉ် ပြေးဆွဲပေးနေပါတယ်။ ထို့ပြင် ရထားလက်မှတ်ခနှုန်းထားတွေလည်း အပြောင်းအလဲမရှိဘူးလို့ ဆိုပါတယ်။
ရန်ကုန်မှ မော်လမြိုင်သို့ သွားလိုသူများအနေဖြင့် အမှတ် (၈၉) အဆန်ရထားသည် ရန်ကုန် ဘူတာကြီးမှ နေ့စဉ် နံ နက် ၆ နာရီခွဲတွင် ရထားစတင်ထွက်ခွာပြီး မော်လမြိုင်သို့ ည ၆ နာရီခွဲခန့်တွင် ရထားဆိုက်ရောက်မှာ ဖြစ်ပါတယ်။
ခရီးသွားများအနေဖြင့် ရထားလက်မှတ်ဝယ်ယူရာတွင် နိုင်ငံသားမှတ်ပုံတင် (မူရင်း) ဖြင့်သာ လက်မှတ်ဝယ်ယူနိုင်မည်ဖြစ်ပြီး ယခင်ကဲ့သို့ ထောက်ခံစာများ/ ဝန်ထမ်းကဒ် များဖြင့် လက်မှတ် ဝယ်ယူရရှိနိုင်မည်မဟုတ်ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_12 April 2022
မန္တလေးမြို့တွင် ဧပြီလ ၁၁ ရက် ည ၁၁ နာရီ ခန့်အချိန်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်ပိပြီး ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ကျေးရွာနေ အသက် ၂၂ နှစ်အရွယ် မဝင်းစန္ဒာဆွေ ဆိုသော အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
တာဝန်သိပြည်သူများမှ အရေးပေါ်အကူအညီတောင်းခံလာသောကြောင့်မန္တလေး မတ္တရာလမ်း ကံပိုင်စက်ထိပ်မြောက်ဖက် လမ်းပေါ်တွင် သစ်ပင်ကြီးကန်လန့်ဖြတ်လဲနေပြီး မိန်းကလေးတစ်ယောက် ဆိုင်ကယ်နှင့်သစ်ပင်အောက်ပိနေကြောင်း အကြောင်းကြားလာသောကြောင့် ပရဟိတမင်းခေါင်အဖွဲ့နှင့် M-Rescue ညီနောင်များမှ အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးပစ္စည်းများစုံလင်စွာယူဆောင်ပြီး သွာရောက်ကယ်ဆယ်ခဲ့သော်လည်း သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"အမည် နေရပ်လိပ်စာ လုံးဝမသိရသေးပါ။သေဆုံးနေတဲ့အမျိူးသမီးကို မြင့်မြတ်ရတနာ လူမှုကူညီရေးအသင်းက ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရတယ်"ဟု အဆိုပါ အသင်း၏ တာဝန်ရှိသူက ပြောသည်။
မန္တလေးမြို့တွင် ဧပြီ ၁၁ ရက် ညပိုင်းက မိုးသက်လေပြင်းတိုက်ခတ်ခဲ့ပြီး သစ်ပင်များပြိုလဲခြင်း၊ နေအိမ်များပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ကာ ရတနာပုံဥယျာဉ်ဖွင့်ပွဲမုခ်ဦးလည်း ပြိုကျခဲ့ရကြောင်းဒေသခံများက ဆိုသည်။
ymg/mt
#Yangon_Media_Group
Published 12 April 2022
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေကြတဲ့ နိုင်ငံတကာ ရေနံတူးဖော်ရေးကုမ္ပဏီကြီး (၂)ခုဟာ ယင်းတို့ရဲ့ စီမံကိန်းနှင့်ပတ်သက်တဲ့ လုပ်ငန်းအစိတ်အပိုင်းအချို့ကို မကြာမီဆောင်ရွက်မယ့် အကြောင်း အသိပေး ကြေညာထားပါတယ်။
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းတွေမှာ အကျိူးတူပူးပေါင်းဆောင်ရွက်နေတဲ့ POSCO INTERNATIONAL Corporation Myanmar E&P ဟာ ကမ်းလွန်လုပ်ကွက်အမှတ်(A-1) ဧရိယာတွင် ရွှေ အဆင့်(၂) ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအရ ကမ်းလွန်တပ်ဆင်ရေးလုပ်ငန်း Offshore Installation Activities တွေကို သတ်မှတ်ဖော်ပြပါ နေရာတွေမှာ ၂၀၂၂ခုနှစ် ဧပြီ(၂၆)ရက်နေ ဇွန်(၁၈)ရက်အထိ ဆောင်ရွက်သွားမယ်လို့သိရပါတယ်။
အလားတူ PTTEP International Limited ကလည်း ကမ်းလွန်လုပ်ကွက်အမှတ် M-9 နှင့် M-3 တို့မှာ ဘူမိဗေဒ နည်းပညာဆိုင်ရာ ရေအောက်မြေသားနမူနာ တိုင်းတာခြင်းလုပ်ငန်းတွေကို ၂၀၂၂ခုနှစ် ဧပြီ ၁၅ရက်မှ မေ ၃၀ရက်အထိ သတ်မှတ်နေရာတွေမှာ ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီသတ်မှတ်ထားတဲ့ နေရာတွေကနေ (၄)ကီလိုမီတာ ပတ်လည်အတွင်းကို ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာ ထားပါတယ်။ အဲဒီအတွက် သင်္ဘောကြီးငယ်တွေ၊ကုန်တင်စက်လှေတွေ၊ငါးဖမ်းသင်္ဘောတွေ၊စက်တပ်သမ္ဗာန်တွေ ဖြတ်သန်း သွားလာခြင်း၊ကျောက်ချရပ်နားထားခြင်း၊ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာတွေ ချထားခြင်းမပြုဖို့ ငါးလုပ်ငန်းဦးစီးဌာနက သတိပေးချက်ထပ်ဆင့်ထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။
#LocalNews
Published 12 Apr 2022
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတာဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။
ဧပြီလ ၁၀ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်အချိန်က မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များသည် သတင်းအရ သက်သေများနှင့်အတူ မတ္တရာမြို့နယ်၊ နတ်ကြီးစင်ကျေးရွာ၊ ကြက်ရိုးမြိုင်လမ်းတွင် ကျော်စွာ၀င်း(ခ)ဆံရှည် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၂၁၃ ပြား(ဒေသ ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄၄.၂၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ယင်းနေ့ ညနေ၄နာရီ အချိန်ခန့်က အဆိုပါလမ်းတွင် တင်မင်းလှိုင်(ခ)ဆင်ပေါက် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၅၈ ပြား(ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၂၅.၁၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သိမ်းဆည်းရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်စပ်လျဉ်း၍ ကျော်စွာ၀င်း(ခ)ဆံရှည်(၃၃)နှစ် နှင့် တင်မင်းလှိုင်(ခ)ဆင်ပေါက်(၄၅)နှစ်တို့အား ရေနံ့သာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
Published 12 April 2022
စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ပင်န်စီဗေးနီးယားက အမျိုးသားတစ်ဦးဟာ ဂျိုးဘိုင်ဒင် ဆန့်ကျင်ရေး စတစ်ကာတွေကို ဓာတ်ဆီ ဆိုင်ရဲ့ ပန့်တွေမှာကပ်ခဲ့ပြီးနောက် ဒေသရဲတွေနှင့် ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပြီးနောက် ဖမ်းဆီးခံခဲ့ရတယ်လို့ နယူး ယောက်စ်ပို့သတင်းစာကရေးသားပါတယ်။
အဲဒီဖြစ်ရပ်ဟာ မတ်၃၁ရက်က ဖြစ်ပွားခဲ့တာဖြစ်ခဲ့တာလို့ ဖြစ်ရပ်ကိုမှတ်တမ်းတင်ခဲ့တဲ့ အာရွန်ဖိလစ်ဆိုသူက ဖေ့စ်ဘုတ်ခ်မှာ ရေးသားဖြန့်ဝေခဲ့ပါတယ်။
ထိုသူဟာ မန်နော်မြို့က အသက်၅၄နှစ်အရွယ် သောမတ်ရစ်ချတ်ဂလေ့ဇ်စကီး ဆိုသူဖြစ်ပြီး ဧပြီ၄ရက်နေ့မှာ သူ့ကို တရား စွဲဆိုခဲ့ပါတယ်။ သူဟာ တာကီးဟေးလ် ဆီဆိုင်က ပန့်တွေမှာ သမ္မတဘိုင်ဒင်ကိုဆန့်ကျင်တဲ့ စတစ်ကာတွေကပ်ခဲ့ပြီးနောက် ဥပဒေချိုးဖောက်မှုများစွာနှင့် တရားစွဲခံခဲ့ရပါတယ်လို့ လန်ကက်စတာ အွန်လိုင်းသတင်း ကရေးသားပါတယ်။
စတစ်ကာမှာ သမ္မတက ဈေးနှုန်းတွေကို လက်ညှိုးထိုးပြတဲ့ပုံနှင့်အတူ “ ဒါငါလုပ်ခဲ့တာ” လို့ စာလုံးအမည်းကြီးတွေနှင့်ရေး ထားပါတယ်။ သူ့လုပ်ဆောင်မှုဟာ အမေရိကန်မှာ လောင်စာဈေးတွေမြင့်တက်နေမှုအပေါ် တစ်နိုင်ငံလုံးရဲ့ ဦးတည်မှု ကြီးထွားလာတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။
ရဲကဖမ်းလို့ ယက်ကန်ယက်ကန်ဖြစ်နေတုန်း သူက ဆဲသံကြားလိုက်ပါတယ်။ အဲဒီနောက်သူဟာ ပန့်တွေဆီရုန်းထွက်ပြေးသွား လိုက်ပြီး စတစ်ကာမှာပါတဲ့ စာသားအတိုင်း“ ငါလုပ်ခဲ့တာ ငါလုပ်ခဲ့တာဟေ့” လို့ ထပ်တူအော်ဟစ်ခဲ့ပါတယ်။
သူဟာအဲဒီနောက် ကားပါကင်ကိုအသွားမှာ ရဲအရာရှိတစ်ဦးက သူ့ကိုလက်ထိပ်ခတ်ဖမ်းဆီးလိုက်ပါတယ်။ နောက်ရဲသုံးဦးက ရဲလှည့်ကင်းကားရဲ့ နောက်ခန်းထဲ တွန်းထိုးလိုက်ပါတယ်။ကျန်နှစ်ဦးက သူ့ကို ခြေထောက်တွေနှင့်ကန်ပါတယ်။
သူဟာ အဖမ်းမခံဘဲခုခံမှု၊ဆူဆူပူပူပြုကျင့်မှု၊အနှောက်အယှက်ပေးမှုနှင့် အကျိုးဖျက်ဆီးမှုရာဇဝတ်မှုတို့ဖြင့် တရားစွဲခံခဲ့ရတာ ဖြစ်တယ်လို့ လန်ကက်စတာအွန်လိုင်းက သတင်းပေးပို့ပါတယ်။
ဓာတ်ဆီတစ်ဂါလံဈေးနှုန်းဟာ အမေရိကန်နိုင်ငံမှာ ပျှမ်းမျှအားဖြင့် ၄.၁၂ ဒေါ်လာရှိနေပြီး ပင်န်စီဗေးနီးယားမှာ ၄.၂၂ ဒေါ်လာ နယူးယောက်မှာ ၄.၂၄ ဒေါ်လာဈေးပေါက်နေပါတယ်။
ဘိုင်ဒင်ရဲ့ “ ငါလုပ်ခဲ့တာ” ဆိုတဲ့ စတစ်ကာတွေကို Mott Haven နှင့် Harlem တို့ကဓာတ်ဆီပန့်တွေမှာ ပြီးခဲ့တဲ့လကတည်းက နယူးယောက်ပို့စ်က တွေ့ခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
အဲဒီစတစ်ကာတွေကို အခု၁၀၀ပါတဲ့ တစ်ဘူးကို ၈.၉၅ ဒေါ်လာနှင့် အမေဇုန်မှာ အွန်လိုင်းရောင်းချနေတာဖြစ်ပါတယ်။
Source New York Post
#LocalNews
Published -12 Apr 2022
သံတွဲမြို့၌ ၁၃၈၃ ခုနှစ်မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မယ်လို့ သံတွဲမြို့မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၌ ၁၃၈၃ ခုနှစ်မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား ဧပြီ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ သံတွဲမြို့၌ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်တစ်ခု ၊ ငပလီမြို့တွင် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်တစ်ခုတို့အပြင် အခြားရေကစားမဏ္ဍပ်များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်တယ်လို့ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ ၊မြို့မိမြို့ဖများက ကော်မတီများဖွဲ့စည်း၍ သင်္ကြန်ပွဲတော်ဖွင့်ပွဲ၊ ပိတ်ပွဲများပြုလုပ်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုယိမ်းအဖွဲ့များဖြင့် ကပြဖျော်ဖြေခြင်း၊ ဆုများချီးမြှင့်ခြင်း၊ သင်္ကြန်သီချင်းများဖြင့်ဖျော်ဖြေခြင်း၊ ရေကစားခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်ထားတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#WorldPolitics
Published 12 April 2022
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'နဲ့ အိန္ဒိယဝန်ကြီးချုပ်'နရန်ဒရာမိုဒီ'တို့ ယူကရိန်းအရေးကိစ္စနဲ့ပတ်သက်ပြီး ဧပြီ(၁၁)ရက်နေ့က အွန်လိုင်းအစည်းအဝေးပြုလုပ်ကာ နှစ်ဘက်သဘောထားများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြကြောင်း အကြီးတန်းအုပ်ချုပ်ရေးအရာရှိတစ်ဦးက အသိပေးခဲ့ပါတယ်။
ရုရှားရဲ့ ကျူးကျော်မှုနဲ့ပတ်သက်ပြီး အိန္ဒိယတို့ကကြားနေအခြေအနေမှာပဲ ရပ်တည်နေတဲ့သဘောထားအပေါ် အမေရိကန်တို့က စိတ်ပျက်လျက်ရှိနေကြပါတယ်။
အစည်းအဝေးပွဲဟာ နာရီချီပြီးကြာမြင့်ခဲ့ပြီး နွေးထွေးရင်းနှီးစွာပြောဆိုခဲ့ကြပေမယ့် စစ်ရေးပဋိပက္ခအပေါ် စည်းလုံးညီညွတ်စွာထောက်ခံရပ်တည်ဖို့အတွက်တော့ တိုးတက်မှုမရခဲ့ဘဲ 'ဘိုင်ဒန်'ကလည်း အိန္ဒိယဘက်ကို တောင်းဆိုချက်များများစားစား မတောင်းဆိုခဲ့ပါဘူး။
အိန္ဒိယနိုင်ငံဟာ အနောက်နိုင်ငံနဲ့ဆက်ဆံရေးဆက်လက်ခိုင်မြဲဖို့ ခက်ခက်ခဲခဲကြိုးပမ်းနေရသလို ရုရှားနဲ့လည်း မကင်းကွာနိုင်ပါဘူး။
ဒါ့အပြင် ရုရှားလောင်စာတွေကို အိန္ဒိယကဆက်လက်ဝယ်ယူနေဆဲဖြစ်တာကြောင့် အမေရိကန်တို့က စောင့်ကြည့်နေကြရပါတယ်။
ရုရှားကို ဝိုင်းဝန်းရှောင်ဖယ်ပြီး အရေးယူပိတ်ဆို့ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို 'ဘိုင်ဒန်'ကတိုက်တွန်းထားပေမယ့် ယခုအစည်းအဝေးပွဲမှာတော့ ရုရှားလောင်စာဆီတင်သွင်းခြင်းအကြောင်း ရေရေရာရာဆွေးနွေးသွားခြင်းမရှိပါဘူး။
"ရုရှားမှ လောင်စာ၊ ဓာတ်ငွေ့နဲ့ ကျောက်မီးသွေးတွေကို အမေရိကန်မှာတင်သွင်းခွင့် ပြတ်ပြတ်သားသားပိတ်ပင်ထားလိုက်ပါပြီ။ အခြားနိုင်ငံတွေကတော့ သူတို့သဘောနဲ့သူတို့ပဲပေါ့" လို့ ပြောပြသွားပါတယ်။
"အိန္ဒိယက ရုရှားဆီကနေ လောင်စာတွေထပ်မံတင်သွင်းဖို မပြုလုပ်သင့်တော့ပါဘူး။ တင်သွင်းကုန်အမျိုးမျိုးနဲ့ပတ်သက်လို အိန္ဒိယနဲ့ဆွေးနွေးသွားမှာဖြစ်ပြီး အမေရိကန်ကအိန္ဒိယကို ထောက်ပံ့ဖိုအသင့်ရှိနေပါတယ်"
အစည်းအဝေးပွဲအစမှာ 'ဘိုင်ဒန်'က နှစ်နိုင်ငံရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို အသိအမှတ်လေးစားကြောင်း၊ စစ်ပွဲနဲ့ပတ်သက်ပြီး နီးနီးစပ်စပ်တိုင်ပင်ညှိနှိုင်းသွားချင်ကြောင်း ပြောကြားခဲ့ပါတယ်။
အိန္ဒိယဝန်ကြီးချုပ်က ယူကရိန်းအရေးကိစ္စဟာ အလွန်စိုးရိမ်ပူပန်ရကြောင်းမှတ်ချက်ပြုခဲ့ပြီး ယူကရိန်းကို ဆေးဘက်ဆိုင်ရာအကူအညီများထောက်ပံ့နေခဲ့ကာ ယူကရိန်း-ရုရှားအရေးကိစ္စဆွေးနွေးဖို့ကိုလည်း အိန္ဒိယကထောက်ခံအားပေးကြောင်း ထပ်မံအသိပေးခဲ့ပါတယ်။
မတ်လအစောပိုင်း အမေရိကန်၊ အိန္ဒိယ၊ ဩစတြေးလျ၊ ဂျပန် (၄)နိုင်ငံမဟာမိတ်အစည်းအဝေးပွဲတုန်းက 'ဘိုင်ဒန်'နဲ့'မိုဒီ'တိုဟာ ရုရှားကျူးကျော်စစ်ကိုရှုတ်ချဖို့အရေး သဘောတူညီမှုမရရှိခဲ့ပါဘူး။
Source: CNA
#Yangon_Media_Group
#LocalNews
Published_12 April 2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ၌ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကို ရေကစားမဏ္ဍပ် (၃)ခုဖြင့် ကျင်းပရန်ပြင်ဆင်နေကြောင်း မဟာသင်္ကြန်ကျင်းပရေးကော်မတီက သိရသည်။
အဆိုပါ သင်္ကြန်ပွဲတော်ကို မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပမည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ဧပြီလ (၁၃)ရက်၊ သင်္ကြန်အကြိုနေ့ ညနေ ၅ နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဗဟိုမဏ္ဍပ်ကို မင်းပူးဦးဩဘာသ မြို့နယ်ခန်းမရှေ့တွင် တည်ဆောက်ထားကာ လမ်းလျောက်သင်္ကြန် ရေးကစားမဏ္ဍပ်တစ်ခု၊ အမှတ်(၄)ရပ်ကွက် ဆင်ခေါင်းလမ်းတွင် ရေးကစားမဏ္ဍပ်တစ်ခုနှင့် အမှတ်(၁)ရပ်ကွက် ဆားပွက်ချောင်းတံတားထိပ်တွင် ရေကစားမဏ္ဍပ်တစ်ခု စုစုပေါင်း မဏ္ဍပ်(၃)ခု ဆောက်လုပ်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။
ယင်းအပြင် သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ဗဟိုမဏ္ဍပ်တွင် စတုဒီသာကျွေးမွေးခြင်းများပြုလုပ်မည်ဖြစ်ပြီး ရေကစားမဏ္ဍပ်များတွင် မည်သူမဆို လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်းနှင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်း ပရိတ်တရားတော်လှည့်လည်ရွတ်ဖတ်ပူဇော်ပွဲနှင့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပူဇော်ပွဲများလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ကသိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews_Business
Published 12 April 2022
(၁၃၁) ကြိမ်မြောက် တရုတ်နိုင်ငံ သွင်းကုန်နှင့်ပို့ကုန်ကုန်စည်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ)ကို Online တွင် ဧပြီလ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့ထိ (၁၀) ရက်ကြာ ကျင်းပပြုလုပ်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှ ပါဝင်ပြသလိုသူတွေကို စီစဉ်ကျင်းပသူတွေက ဖိတ်ခေါ်ထားပါတယ်။
အဲဒီပြပွဲမှာ Online ခင်းကျင်းပြသမှု ပလက်ဖောင်း၊ ကုန်ဝယ်ကုန်ရောင်း ပြုလုပ်ခြင်းဝန်ဆောင်မှု၊ နယ်စပ်ဖြတ်ကျော် e-commerce ဇုန် ဟူ၍ အပိုင်း ၃ ပိုင်းခွဲထားပြီး Official Website မှာ ကုန်ပစ္စည်းတွေကို ပြသခြင်း၊ နိုင်ငံတကာနှင့် ကုန်ရောင်းကုန်ဝယ်ပြုလုပ်ခြင်း၊ ကုန်ပစ္စည်းသစ် မိတ်ဆက်ခြင်း၊ တိုက်ရိုက်ထုတ်လွှင့်မှုဖြင့် ပြသခြင်း၊ VR ပြပွဲခန်းမများ၊ သတင်းနှင့်ပွဲအခမ်းအနားတွေပါဝင်မယ်လို့ သိရပါတယ်။ အဆိုပါ ပြပွဲကို ကုန်စည်အမျိုးအစား (၁၆) မျိုး၊ ပြခန်းဆောင်အပိုင်း (၅၀)ဖြင့် ခွဲခြားပြီး ပြည်တွင်းပြည်ပမှ ပြခန်းပေါင်း (၂၅,၀၀၀) ကျော် ပါဝင်မှာဖြစ်တယ်လို့ ကုန်စည်ပြပွဲ ကျင်းပစီစဉ်သူတွေက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒါကြောင့် ကုန်သွယ်မှုဖြစ်မြောက်ရေးနှင့် အသုံးပြုသူများစိတ်ကျေနှပ်မှုကို မြှင့်တင်ပေးရုံသာမက Online ပလက်ဖောင်း၏လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေဖို့လည်း ယခုပြပွဲက မြှင့်တင်ပေးမှာဖြစ်တယ်လို့ သတင်းကဆိုပါတယ်။ ရောင်းသူနှင့်ဝယ်သူကြား အချင်းချင်းဆက်သွယ်မှုကို ပိုမိုလွယ်ကူချောမွေ့စေပြီး ကုန်သွယ်မှုဖြစ်မြောက်ရေးကိုလည်း မြှင့်တင်ပေးမှာဖြစ်လို့ ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်ရောင်းကုန်ဝယ်ပြုလုပ်သူများအားလုံး အတူတကွပူးပေါင်းပါဝင်ဖို့၊ စီးပွားရေး အခွင့်အလမ်းကောင်းများဝေမျှဖို့နှင့် အတူတကွဖွံ့ဖြိုးတိုးတက်ရန်အတွက် ဖိတ်ခေါ်လိုပါတယ်လို့ ပြပွဲစီစဉ်သူတွေက ပြောပါတယ်။
ကွမ်ကျိုးကုန်စည်ပြပွဲကို ၁၉၅၇ ခုနှစ် နွေဦးရာသီတွင် စတင်ကျင်းပခဲ့ပြီး နှစ်စဉ်နွေဦးရာသီနှင့် ဆောင်းဦးရာသီတွင် ကွမ်ကျိုးမြို့၌ ကျင်းပလေ့ရှိပါတယ်။ ကွမ်ကျိုးကုန်စည်ပြပွဲကို တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ကွမ်တုံးပြည်နယ်ပြည်သူ့အစိုးရတို့ ပူးပေါင်းကျင်းပပြီး တရုတ်နိုင်ငံ နိုင်ငံခြားကုန်သွယ်မှုစင်တာမှ စီစဉ်ဆောင်ရွက် တာဖြစ်ပါတယ်။
အဆိုပါပြပွဲဟာ တရုတ်နိုင်ငံတွင် သမိုင်းအရှည်ကြာဆုံး၊ အရွယ်အစားအကြီးမားဆုံး၊ ကုန်ပစ္စည်း အပြည့်စုံဆုံး၊ ကုန်ရောင်းကုန်ဝယ်အများဆုံး၊ ကုန်သွယ်မှုအဖြစ်အမြောက်ဆုံး၊ ဂုဏ်သတင်းအကောင်းဆုံး နိုင်ငံတကာကုန်သွယ်မှုပြပွဲကြီးဖြစ်ပြီး တရုတ်နိုင်ငံ၏ နံပါတ်တစ် ပြပွဲအဖြစ် အသိအမှတ်ပြုခံရကြောင်းသိရှိရပါတယ်။
စိတ်ပါဝင်စားသူများ ပါဝင်လိုပါက (https://www.cantonfair.org.cn/) သို့ဝင်ရောက်ပြီး Online ကုန်စည်ပြပွဲခရီးစဉ်ကို စတင်နိုင်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
Published 12 April 2022
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က ရုရှားသမ္မတပူတင်နှင့်ရင်ဆိုင်တဲ့အခါ ဒီမိုကရေစီနိုင်ငံတွေ အတူတကွရပ်တည်သင့်တယ်လို့ အိန္ဒိယပြည်ပရေးရာ ဝန်ကြီး ဆူဘရာမန်ရန် ဂျန်ရှန်ကာ
နှင့် ဧပြီ ၁၁ ရက်က ဝါရှင်တန်မှာပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကလည်း တကယ်တမ်းတော့ အိန္ဒိယထက် ဥရောပကသာ ရုရှားက စွမ်းအင်တွေ ပိုဝယ်နေတာဖြစ်တယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။
Source AFP
#WorldHealth
Published 12 April 2022
ကျန်းမာရေးနဲ့ပတ်သက်လာရင် လုပ်ထုံးလုပ်နည်းအတိုင်းအတာများစွာရှိပေမယ့် အရိုးရှင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းကတော့ မိမိတို့ရဲ့ခါးပတ်လည်အတိုင်းအတာကို မိမိအရပ်အမြင့်အတိုင်းအတာရဲ့ တဝက်နီးပါး ရှိနေစေဖို့ပဲဖြစ်ပါတယ်။
နိုင်ငံတကာမှာ အဝလွန်ဝေဒနာအဖြစ်များလာမှုတွေကြောင့် ဗိုက်ရွှဲခြင်းကိုတိုက်ဖျက်ဖို့ ကျန်းမာရေးတာဝန်ရှိသူတွေက အကြံဉာဏ်ပြုလိုက်တာဖြစ်ပါတယ်။
ခါးနားတဝိုက်မှာ အဆီစုပြုံလာခြင်းဖြင့် ဆီးချိုရောဂါ၊ သွေးတိုး၊ နှလုံးရောဂါများ ဖြစ်ပွားလာနိုင်ကြောင်း ကျွမ်းကျင်သူများကဖော်ပြထားပါတယ်။
ကျန်းမာရေးစောင့်ရှောက်ကွပ်ကဲရေးအဖွဲ့က လူတွေအနေနဲ့ မိမိတို့ရဲ့ ခါးနဲ့ကိုယ်အရပ်အမြင့်အတိုင်းအတာအချိုးအစားတို့ကို တိုင်းတာသင့်ကြောင်း ပထမဆုံးအကြိမ်အကြံဉာဏ်ပေးလိုက်ပါတယ်။
အဆိုပါနည်းလမ်းက မိမိတို့ရဲ့ ကျန်းမာရေးကိုထိန်းသိမ်းစောင့်ရှောက်ဖို့ အရိုးရှင်းအထိရောက်ဆုံးနည်းလမ်းဖြစ်ကြောင်း ဒေါက်တာ'ပေါလ်ခရစ်ပ်'က ပြောပြပါတယ်။
ကျန်းမာတဲ့သူတစ်ယောက်ရဲ့ ခါးနဲ့ကိုယ်အရပ်အမြင့်အချိုးအစားဟာ ၀.၄ ကနေ ၀.၄၉ အတွင်းရှိနေသင့်ပါတယ်။
၀.၅ ကနေ ၀.၅၉ အတွင်းရှိနေပြီဆိုရင် ကျန်းမာရေးပြဿနာတွေရှိလာနိုင်ပြီး ၀.၆ အထက်ဆိုရင်တော့ ကျန်းမာရေးအန္တရာယ်အများဆုံးအခြေအနေလို ပြောလို့ရပါတယ်။
ဥပမာအားဖြင့် အရပ် ၅ ပေ ၄ လက်မရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ ခါးအတိုင်းအတာ ၂၉ လက်မရှိတယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့အချိုးအစားဖြစ်ပါတယ်။
အကယ်၍ ခါးအတိုင်း ၃၂ လက်မရှိတယ်ဆိုရင်တော့ ကျန်းမာရေးညံ့တဲ့အချိုးအစားဖြစ်သွားပါပြီ။
အရပ် ၅ ပေ ၁၀ လက်မရှိတဲ့အမျိုးသားဟာ ခါးအတိုင်း ၃၆ လက်မရှိတယ်ဆိုရင်ကျန်းမာရေးပြဿနာဖြစ်လာနိုင်ချေရှိနေပါတယ်။
အဆိုပါနည်းလမ်းကို ယောကျ်ားမိန်းမမရွေး လူမျိုးမရွေးတိုင်းတာနိုင်ပြီး ကြွက်သားတောင့်တင်းသန်မာတဲ့လူတွေမှာလည်း အသုံးပြုနိုင်ပါတယ်။
"ခါးတဝိုက်မှာ အဆီစုလာပြီဆိုရင် ကယ်လိုရီတွေစားသုံးမှုလျှော့ချသင့်သလို ကယ်လိုရီများများ လောင်ကျွမ်းသင့်နေပါပြီ။ လူအများစုက ကိုယ့်အရပ်အမြင့်ကိုယ်သိကြတာကြောင့် ခါးအတိုင်းအတာသိရှိဖို့က မခက်ခဲတော့ပါဘူး" လို့ ဂလက်စ်ဂိုတက္ကသိုလ်မှ ပရော်ဖက်ဆာ'နာဗိဆက်တာ'က ပြောပြလိုက်ပါတယ်။
Source: DailyMail
#Yangon_Media_Group
Page 1526 of 1636