#Local_News
Published - 22 July 2022
မြန်မာနိုင်ငံသို့ လာရောက်မည့်ထိုင်းနိုင်ငံသားများအနေဖြင့် ဆေးခြောက်နှင့် ဆေးခြောက်ပါရှိသော ထုတ်ကုန်ပစ္စည်းများ မယူလာရန် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးမှ အသိပေးထုတ်ပြန်လိုက်သည်။
ကြေညာချက်တွင် ထိုင်းပြည်သူများအနေဖြင့် မြန်မာနိုင်ငံကို သွားရောက်သည့်အခါ ဆေးခြောက် (သို့မဟုတ်) လျှော်ပင် အပါအဝင် ဆေးခြောက်ပါရှိသည့် ထုတ်ကုန်ပစ္စည်းများသည် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး အက်ဥပဒအရ ပြစ်မှုမြောက်ပြီး၊ မည်သူမဆို ဆေးခြောက်ပင် စိုက်ပျိုးခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ယူပို့ဆောင်ခြင်းများ ပြုလုပ်ပါက ထောင်ဒဏ် (၅) နှစ်မှ (၁၀) အထိ ပြစ်ဒဏ်ကျခံရမှာဖြစ်သလို မည်သူမဆို ဆေးခြောက်ဖြန့်ဖြူး ရောင်းချပါက အနိမ့်ဆုံး ထောင်ဒဏ် (၁၅) နှစ်မှ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်း ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းမှ ပယ်ဖျက်ပြီး မည်သူမဆို တရားဝင် စိုက်ပျိုး သုံးစွဲ၊ ရောင်းချနိုင်ရန် ခွင့်ပြုထားခဲ့ပြီးဖြစ်ကာ ဆေးခြောက်နှင့် ဆေးခြောက်ထုတ်ကုန်ပစ္စည်းများကို ထိုင်းပြည်သူများ တရားဝင်ရောင်းချ ဝယ်ယူသုံးစွဲမှု မြင့်တက်နေခြင်းဖြစ်သည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 22 July 2022
ယခုရက်ပိုင်းအတွင်း ပြည်တွင်းဈေးကွက်၌ ဆေးဝါးများ ဝယ်ယူမရဖြစ်နေပြီး ဆေးဝါးအချို့ရှားပါးမှုတွေ ဖြစ်နေကြောင်း ဆေးဝါးရောင်းချသူများနှင့် ဝယ်ယူသုံးစွဲသူများထံမှ သိရသည်။
ယင်းအပြင် နာမည်ကြီး ဆေးရုံအချို့တွင်လည်းဆေးများ ဝယ်ယူရန် အခက်အခဲများရှိနေပြီး ဆေးဝါးဈေးနှုန်းသည်လည်း ပုံမှန်ထက် ဈေးတွေမြင့်တက်နေကြောင်း သိရသည်။
"ဆေးတွေက ဝယ်လိုမရတော့ဘူး။ ဝယ်ရပြန်တော့လည်း ဈေးကမြင့်နေတယ်။ ဝယ်တဲ့ဈေးကမြင့်နေတော့ ရောင်းတဲ့နေရာမှာလည်း ဈေးကတတ်ရတယ်။ အရင်ဝယ်ထားပြီးသား လက်ကျန်တွေကိုပဲ ရောင်းပေးနေတယ်"ဟု တောင်ဥက္ကလာပမြို့နယ်ရှိ ဆေးဝါးရောင်းချသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဒေါ်လာနဲ့ဘတ်ဈေးကြီးမြင့်လာမှုကြောင့် သွင်းကုန်ဖြစ်သည့် ဆေးဝါးများလည်း ဈေးတတ်နေကြောင်း ယင်းအ ပြင်နာမည်ကြီး ပင်လုံဆေးရုံမှာလည်း ဆေးများဝယ်ယူရန် ခက်ခဲနေပြီး ဆေးရုံတက်လူနာများ ဆေးဝါးလုံလောက်စွာရရှိရန်အတွက် ပြင်ပလူနာများကို ဆေး ၂ ပတ်စာအထိသာ ယာယီရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
"အမြဲစွဲသောက်နေရတဲ့ ဆေးတွေပြတ်သွားမှာစိုးလို့ ကြိုဝယ်ထားရတယ်။ ဈေးကလည်းတတ်ကုန်တော့ သိပ်အဆင်မပြေဘူး။ ဒီလိုမျိုးဆေးတွေလုဝယ်နေတော့ ဈေးတွေတတ်ကုန်တာ"ဟု ဆေးဝါးဝယ်ယူသူ တစ်ဦးကပြောသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_22 July 2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်၊ မာလာဝန်း၊ အထက(၅)ကျောင်း၏ အုတ်တံတိုင်းယနေ့ ဇူလိုင်လ ၂၂ရက်နံနက်၉နာရီခွဲက ပြိုကျမှုဖြစ်ပွါးခဲ့သောကြောင့် လူ ၅ ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အုတ်တံတိုင်းပြိုကျစဉ် အုတ်တံတိုင်းအနီး လက်ဖက်ရည်ဆိုင်တွင် ရှိနေသော အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦးကို တိုက်ရိုက်ပိခဲ့သော ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သောကြောင့် လူမှုကယ်ဆယ်ရေးအသင်းမှ ယာဉ်များဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နေရာသို့ မွန်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးနှင့် မော်လမြိုင်ခရိုင်၊ မြို့နယ်မီးသတ်စခန်းတို့မှ အုပ်ချုပ်မှုယာဉ်(၂)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များ၊ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ အဖြူရောင်တွဲလက်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ရွှေတောင်ရပ်ကွက် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ရာမညလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ymg/mt
#Yangon_Media_Group
#Health_Tips
Published 22 July 2022
ဝိတ်ကျရင်ပိုကြည့်ကောင်းတယ်ဆိုပြီး အချို့လူများ ယုံကြည်ကြတာကြောင့် ဝိတ်ကျဖို့အတွက်နဲ့ ကျန်းမာရေးကောင်းဖို့အတွက် လေ့ကျင့်ခန်းများ ပြုလုပ်ကြပါတယ်။
ဒါကြောင့် အစားအစာထိန်းခြင်းထက် လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်ပြီး ကယ်လိုရီလောင်ကျွမ်းဖို့ ပိုအားသန်လာကြပါတယ်။
လေ့ကျင့်ရေးထရိန်နာနဲ့ အဟာရကျွမ်းကျင်ပညာရှင်တစ်ဦးက ခန္ဓာကိုယ်အဆီကျရန်အတွက် အစားအစာက ၈၀ ရာခိုင်နှုန်းအရေးပါပြီး လေ့ကျင့်ခန်းက ၂၀ ရာခိုင်နှုန်းသာရှိကြောင်း ရှင်းပြခဲ့ပါတယ်။
ဒါဟာ ချွေးထွက်တဲ့အထိ လေ့ကျင့်ခန်းမလုပ်ချင်တဲ့ သူတွေအတွက်တော့ ဝမ်းသာစရာပါပဲ။
ကျန်းမာကြံ့ခိုင်ရေးပညာရှင်'ပေါလ်ခရော့ချ်'က အစားအစာညီညွတ်မျှတဖို့ အဆီဓာတ်လိုအပ်ပြီး လုံးဝရှောင်ရှားတာမျိုး မပြုလုပ်သင့်ကြောင်း၊ ပရိုတိန်းများများစားရင် အဆီကျစေနိုင်ပြီး ကြွက်သားထုတက်လာစေကြောင်း၊ ကြွက်သားထိခိုက်ခြင်းမှကာကွယ်ပေးပြီး လေ့ကျင့်ခန်း လုပ်ပြီးအခါတိုင်း ပြန်သက်သာစေကြောင်း၊ နေ့စဉ်စားသောက်မှုတိုင်းမှာ အရေးကြီးဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
သင့်တင့်တဲ့အဆီဓာတ်ရရှိဖို့ ပရိုတိန်းဓာတ်ပါဝင်တဲ့ အစားအစာ ၁၀ မျိုးကို 'ပေါလ်ခရော့ချ်'က ဖော်ပြခဲ့ပါတယ်။
(၁) ကြက်ဥအကာ
ကြက်ဥအနှစ်က အဆီဓာတ်အများစုပါဝင်ပြီး ကြက်ဥအကာကတော့ ပရိုတိန်းဓာတ်များစွာ ပါဝင်ပါတယ်။
(၂) အဆီအနှစ်ထုတ်ထားသောနို့
အဆီအနှစ်ထုတ်ထားတဲ့နို့က ကယ်လိုရီနည်းပါးစွာပါဝင်ပြီး ကယ်လ်စီယမ်၊ ဗိုက်တာမင်-ဘီ၊ ပိုတက်ဆီယမ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။
(၃) ပဲစင်းငုံ
သက်သက်လွတ်စားသုံးသူတွေက ပရိုတိန်းဓာတ်ရရှိဖို့ ခက်ခဲပေမယ့် ပဲစင်းငုံကတော့ ပရိုတိန်းဓာတ်ပေးနိုင်ပြီး သံဓာတ်လည်းပေးစွမ်းနိုင်ပါတယ်။
(၄) အဖြူရောင်ငါး
ဆော်လ်မွန်ငါးမျိုးနဲ့ယှဉ်ပါက အဖြူရောင်ငါးတွေမှာ အဆီပါဝင်မှုနည်းပါးပြီး ပရိုတိန်းဓာတ်ရရှိစေပါတယ်။
(၅) ပဲပြုတ်
အမျှင်ဓာတ်ပြည့်ဝစွာ ပါဝင်ပြီး အစာခံတဲ့အစားအစာဖြစ်ပါတယ်။
(၆) ဝက်မိုးခိုသား
ချက်ပြုတ်တာထက်စာရင် ကင်စားတာကို အကြံပြုချင်ပြီး ချက်ပြုတ်တဲ့အခါမှာလည်း အဆီပိုတွေထွက်သွားအောင် ဂရုစိုက်သင့်ပါတယ်။
(၇) ပဲပြား
အဆီဓာတ်နည်းပြီး ပရိုတိန်းကြွယ်ဝတဲ့ ပဲပြားဟာ ကြွက်သားတည်ဆောက်မှုကို အားပေးပါတယ်။
(၈) Skyr ဒိန်ချဉ်
Skyr အမှတ်တံဆိပ်ဖြင့် အိုက်စ်လန်ဒေသထွက် ကုန်ပစ္စည်းဟာ ဒိန်ချဉ်နဲ့အမျိုးအစားတူပြီး ကယ်လိုရီအလွန်နည်းပါးကာ ပရိုတိန်းပြည့်ဝစွာပါဝင်ပါတယ်။
(၉) ပုစွန်
ပရိုတိန်းပြည့်ဝတဲ့နောက်တစ်မျိုးကတော့ ပုစွန်ဖြစ်ပြီး ဗိုက်တာမင်-ဘီ ၁၂ ကြွယ်ဝစွာ ပါဝင်ကာ အားအင်ကုန်ခမ်းခြင်းကို သက်သာစေပါတယ်။
(၁၀) ဟင်းနုနွယ်
ဟင်းနုနွယ်ကလည်း ကယ်လိုရီနည်းပါးပြီး ပရိုတိန်းမြင့်မားစွာ ပါဝင်ကာ ကျန်းမာရေးကောင်းကျိုးအမျိုးမျိုးရရှိစေနိုင်ပါတယ်လို့ ရှင်းပြသွားပါတယ်။
Source: The Sun
#Yangon_Media_Group
#Local_News
Published_22 July 2022
ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ရေယာဉ်ဆီတွဲများနှင့်ဆီတင်ယာဉ်များတွင် Global Positioning System (GPS)အမြန်ဆုံးတပ်ဆင်ရန် ညွှန်ကြားလိုက်သည်။
တစ်နေရာမှ တစ်နေရာသို့ စက်သုံးဆီများ သယ်ယူပို့ဆောင် လက်ခံ ဖြည်းတင်းမှုများ ဆောင်ရွက်ရာတွင် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန အပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် လိုအပ်သော စိစစ်ကြပ်မတ်မှုများ ဆောင်ရွက်နိုင်ရန်နှင့် ယာဉ်မတော်တဆမှု ထူးခြားမှုများကို အချိန်နှင့် တပြေးညီသိရှိ စိစစ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်း ယင်းညွှန်ကြားချက်တွင် ဖော်ပြထားသည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများ၊ သယ်ယူပို့ဆောင်သည့်ကုမ္ပဏီများ၊ အခြားပုဂ္ဂလိက လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် ရေယာဉ်ဆီတွဲများနှင့် ဆီတင်ယာဉ်များတွင် GPS တပ်ဆင်ထားပြီးဖြစ်ပါကလည်း GPS တပ်ဆင်ထားရှိမှု အချက်အလက်များကို ဇူလိုင်လ ၂၈ ရက် နောက်ဆုံးထား၍ ဦးစီးဌာနကိုပေးပို့ကြရန်လည်း အကြောင်းကြားထားသည်။
GPS မတပ်ဆင်ရသေးပါက နှစ်သက်ရာ GPS နှစ်သက်ရာ GPS တပ်ဆင်သည့် ကုမ္ပဏီများနှင့် ချိတ်ဆက်၍ သြဂုတ်လ ၅ ရက် နောက်ဆုံးထား တပ်ဆင်ကြရန်နှင့် တပ်ဆင်ပြီးပါကလည်း အထက်ပါအတိုင်း စာရင်းများကို ပေးပို့ကြရန် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက လုပ်ငန်းရှင်များကို အကြောင်းကြားထားသည်။
ဆီတင်ရေယာဉ်တွဲနှင့် ယာဉ်များတွင် လုပ်ငန်းလိုင်စင်နှင့် ကြီးကြပ်လက်မှတ်မပါရှိခြင်း၊ GPS တပ်ဆင်ထားမှုမရှိခြင်းတို့ကို စိစစ်တွေ့ရှိပါက စက်သုံးဆီ သယ်ယူပို့ဆောင်သည့်လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခွင့်ပြုမည် မဟုတ်တော့ကြောင်းလည်း ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 22 July 2022
မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများနှင့် ပတ်သက်၍ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်း (Permanent Residence System-PR System) ဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီး သူများအား လူတွေ့မေးမြန်း အကဲဖြတ်ခြင်းကို ဇူလိုင် ၂၁ ရက်က နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါတယ်။
ဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ စတင် ဆောင်ရွက်ခဲ့ပြီး ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင်၊ အခြားနိုင်ငံသား ခံယူထားပြီး မိမိနိုင်ငံကို အထောက်အကူပြုမည့် မြန်မာနိုင်ငံသားဟောင်းနှင့် မြန်မာနိုင်ငံသားနှင့် သွေးချင်း ဆက်စပ်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစား လေးမျိုးဖြင့် ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ထိုသို့စတင်ဆောင်ရွက်ချိန်မှ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၀ ရက်အထိ လျှောက်ထားသူနှင့် မိသားစုအပါအဝင် စုစုပေါင်း ၇၂၆ ဦးရှိပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ အတည်ပြုခွင့်ပြုပေးပြီးသူ မိသားစုအပါအဝင် ၆၄၈ ဦး ရှိပြီဖြစ်ပါတယ်။
နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများအနက် PR နည်းဥပဒေအရ ငြင်းပယ်ခဲ့သူ ခုနစ်ဦး၊ လျှောက်ထားခြင်းအား ပြန်လည်ပယ်ဖျက်သူ တစ်ဦး၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေအရ လေကြောင်းလိုင်းများ ပိတ်ထားခြင်းကြောင့် လူတွေ့စစ်ဆေး အကဲဖြတ်ရန် ကျန်ရှိသည့် လျှောက်ထားသူ ၃၉ ဦးနှင့် မိသားစု ၁၂ ဦး၊ ယခု ထပ်မံလျှောက်ထားသူ ၁၁ ဦးနှင့် မိသားစု ခုနစ်ဦး စုစုပေါင်းလျှောက်ထားသူ ၅၀ နှင့် မိသားစုဝင် ၁၉ ဦး စုစုပေါင်း ၆၉ ဦးရှိကြောင်း သိရပါတယ်။
ထို့နောက် PR လျှောက်ထားသူ ၁၂ ဦးအား ထပ်မံတွေ့ဆုံ၍ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် (PR System) ကျင့်သုံးခွင့် ပြုရခြင်း၏ ရည်ရွယ်ချက်၊ PR လျှောက်ထားမှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ PR နည်းဥပဒေ ပြဋ္ဌာန်းမှုနှင့် PR နည်းဥပဒေ အပါအဝင် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ နေထိုင်လုပ်ကိုင်ရေး ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ပါတယ်။
ယခုအစည်းအဝေးတွင် PR လျှောက်ထားသူ ၁၂ ဦးအား လူတွေ့အကဲဖြတ် စစ်ဆေးကာ ၎င်းတို့နှင့်အတူ လျှောက်ထားတဲ့ မိသားစုဝင် ကိုးဦးအပါအဝင် စုစုပေါင်း ၂၁ ဦးအတွက် စစ်ဆေးအကဲဖြတ် ဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#World_Health
Published 22 July 2022
သွေးဖြူဥတွေထဲက ဝိုင်-ခရိုမိုဆုန်းလျော့နည်းလာခြင်းဟာ အသက်ကြီး အမျိုးသားတွေမှာ သိသာထင်ရှားတဲ့မျိုးဗီဇအပြောင်းအလဲတစ်မျိုးဖြစ်ပြီး နှလုံးသွေးကြောရောဂါများနဲ့ အတွင်းအင်္ဂါပျက်စီးခြင်းဖြစ်ပေါ်နိုင်တဲ့အပြင် ဒါဟာ အမျိုးသားတွေက အမျိုးသမီးတွေထက် ယေဘုယျအားဖြင့် အသက်တိုရတဲ့အကြောင်းအရင်းတစ်ခု ဖြစ်နေနိုင်ပါတယ်။
ဝိုင်-ခရိုမိုဆုန်းဆိုတာက အမျိုးသားတွေမှာပါရှိပြီး မျိုးဗီဇဆိုင်ရာအချက်အလက်တွေကို သယ်ဆောင်ထားပါတယ်။
ဝိုင်-ခရိုမိုဆုန်းလျော့နည်းခြင်းက ကင်ဆာနဲ့ အယ်လ်ဇိုင်းမားရောဂါတို့လို သက်ကြီးရောဂါတွေဖြစ်နိုင်ချေများတယ်လို့ အစကထင်မှတ်ခဲ့ကြပေမယ့် ယခုအခါ Science ဂျာနယ်ရဲ့ဖော်ပြချက်အရ ဝိုင်-ခရိုမိုဆုန်းလျော့နည်းခြင်းခံစားရတဲ့ အသက် ၆၀ ဝန်းကျင် အမျိုးသား ၂၀ ရာခိုင်နှုန်းနဲ့ အသက် ၇၀ ဝန်းကျင် အမျိုးသား ၄၀ ရာခိုင်နှုန်းတို့ဟာ နှလုံးရောဂါနဲ့ အခြားအင်္ဂါပျက်စီးခြင်းများပါ ဖြစ်နိုင်ချေရှိကြောင်း တွေ့ရှိထားပါတယ်။
သုတေသီများက CRISPR ကိရိယာဖြင့် ကြွက်တွေရဲ့သွေးဖြူဥထဲမှာ ဝိုင်-ခရိုမိုဆုန်းလျော့နည်းခြင်း(mLOY)ကိုဖြစ်အောင် ပြုလုပ်ခဲ့ကြရာ mLOY က ကြွက်တွေရဲ့အတွင်းအင်္ဂါများကို တိုက်ရိုက်ထိခိုက်စေပြီး mLOY မဖြစ်တဲ့ကြွက်တွေထက် အသက်တိုခဲ့ကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။
"လူသားတွေရဲ့ပုံစံအတိုင်း ကြွက်တွေမှာ mLOY က ဝိုင်-ခရိုမိုဆုန်းကိုချေဖျက်ပြီး နောက်ဆက်တွဲသက်ရောက်မှုတွေ ဖြစ်စေပါတယ်၊ mLOY ကြောင့် နှလုံးတစ်ရှူးများ ပျက်စီးစေပါတယ်၊ အဲဒီနောက်နှလုံးရဲ့လုပ်ဆောင်ချက်တွေကို ကျဆင်းလာစေပါတယ်" လို့ ဆွီဒင်နိုင်ငံအက်ပ်ဆာလာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ'လားစ်ဖောစ်ဘာ့ဂ်'က ပြောပြခဲ့ပါတယ်။
အဲဒီနောက် အသက် ၄၀ မှ ၇၀ နှစ်ကြားလူသန်းတဝက်ခန့်ကို လေ့လာခဲ့ရာမှာ သွေးထဲမှာ mLOY ဖြစ်နေတဲ့ အမျိုးသားတွေက နှလုံးရောဂါနဲ့ နှလုံးသွေးကြောရောဂါကြောင့် အသက်သေဆုံးနိုင်ချေ ၃၀ ရာခိုင်နှုန်းပိုများတာကို တွေ့ခဲ့ကြပါတယ်။
ထိုတွေ့ရှိမှုက ကြွက်တွေမှာ လေ့လာခဲ့တာနဲ့ အတူတူပဲဖြစ်ပြီး mLOY က လူသားများရဲ့ ဇီဝကမ္မဖြစ်စဉ်များအပေါ် တိုက်ရိုက်သက်ရောက်နေပါတယ်လို 'ဖောစ်ဘာ့ဂ်'က ရှင်းပြခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 21 July 2022
ထိန်သိမ်းမွေးမြူထားတဲ့ ပန်ဒါဝက်ဝံထီးကြီးတွေထဲမှာ ကမ္ဘာ့အသက်အကြီးဆုံး အသက် ၃၅နှစ်သား ပန်ဒါအထီးကြီးဟာ ကျန်းမာရေးဆိုးရွား လာပြီးနောက် ဇူလိုင် ၂၁ရက် ကြာသပတေးနေ့က ဟောင်ကောင် theme park မှာ သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။
အန်အန်းလို့ခေါ်တဲ့ အဲဒီပန်ဒါထီးဟာ ၁၉၉၉ခုနှစ်မှာ တရုတ်နိုင်ငံက ဟောင်ကောင်ကို ပန်ဒါအမကလေးတစ်ကောင်နှင့်အတူ လက်ဆောင်ပေးလို့ရောက်ခဲ့တာပါ။ အန်အန်ဟာ အိုရှင်းပတ်ခ် Ocean Park ထဲမှာပဲ သူ့ဘဝကို အချိန်အများဆုံးနေထိုင်ခဲ့တာဖြစ်ပါတယ်။
အိုရှင်းပတ်ခ်က အန်အန်သေဆုံးသွားတဲ့အတွက် မိသားစုဝင်တစ်ဦးအဖြစ် လွမ်းဆွတ်ကြေကွဲခဲ့ကြပါတယ်။ သူဟာ ဥယျဉ်ကိုလာကြတဲ့ ပြည်တွင်းပြည်ပ ခရီးသွားတွေနှင့် သံယောဇဉ်ချည်နှောင်ခဲ့တာပါ။

“ အန်အန်ဟာ သူ့ရဲ့ မေတ္တာသက်ဝင်စရာ လှုပ်ရှားမှုကလေးတွေအများကြီးကို အမှတ်တရထားခဲ့ပါပြီ။သူ့ရဲ့ ထက်မြက်မှု၊ အဆော့သန်မှုတွေကို တကယ့်ကိုလွမ်းနေကြရတော့မှာပါ” လို့ အိုရှင်းပတ်ခ်ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ပေါ်လိုပေါင်က သတင်းထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
အန်အန်ဟာ သူတို့လိုပန်ဒါတွေမှာ ဖြစ်လေ့ရှိတဲ့ သွေးတိုးရောဂါခံစားနေခဲ့ရတာပါ။ ပြီးခဲ့တဲ့ သုံးပတ်မှာတော့ သူ့ကျန်းမာရေး အတော်ချို့ယွင်းလာလို့ သူ့ကို ဧည့်သည်တွေရှေ့ ထုတ်မပြခဲ့တော့ပါဘူး။ သူဟာ ပြီးခဲ့တဲ့ရက်တွေအတွင်း အဖတ်တွေ လုံးဝမစားတော့ပဲ လှုပ်ရှားမှုကလည်း သိသိသာသာနည်းသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်မှာ အန်အန်ရဲ့ကျန်းမာရေးအခြေအနေကြောင့် သူမြန်မြန်ကျန်းမာလာပေါစေလို့ ဆုတောင်းစာတွေ အိုရှင်းပတ်ခ်မှာ ရာနှင့်ချီရှိခဲ့ပါတယ်။
အိုရှင်းပတ်ခ်က တိရိစ္ဆာန်ဆရာဝန်တွေနှင့် အစိုးရအာဏာပိုင်တွေက တရုတ်ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သုတေသနစင်တာထံမှ အကြံဉာဏ်ရယူပြီးနာက် အန်အန်ကို နောက်ထပ် ဝေဒနာမခံစားရအောင် ဘဝကို အဆုံးသတ်ပေး လိုက်ရပါတယ်လို့ အိုရှင်းပတ်ခ်က ပြောပါတယ်။
#Source _AP
#An_An_World_Oldest_Male_Panda
#An_An_died
#Panda_An_An-died



Published 21 July 2022
သမ္မတ ဘိုင်ဒင် ကိုဗစ်-၁၉ကူးစက်ခံရကြောင်း ဇူလိုင်၂၁ ရက်ကြာသပတေးနေ့မှာ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
သူဟာ ကာကွယ်ဆေးအပြည့်ထိုးထားပြီး အားမြှင့်ကာကွယ်ဆေးက နှစ်ကြိမ်ထိုးထားပြီးသားပါ လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအရာရှိ ကက်သရင်း ဂျိန်း ပီယားက ပြောပါတယ်။
“ သူဟာ ရောဂါလက္ခဏာ အပျော့စားပဲ ခံစားရပါတယ်” လို့ သူမကပြောပါတယ်။ သမ္မတ ဂျိုးဘိုင်ဒင်ဟာ Paxlovid ဆေးကို စတင်သောက်နေပါတယ်လို့လည်း သူမက ဆက်ပြောပါတယ်။ အဲဒီဆေးဟာ ကိုဗစ်ကူးစက်ခံရရင် အန္တရာယ်မြင့်မားစွာရှိနေနိုင်တဲ့သူတွေ အထူးသဖြင့် အသက်၅၀ကျော်တွေအတွက် ကုဆေးတစ်မျိုးဖြစ်ပါတယ်။
ဘိုင်ဒင်ကို အိမ်ဖြူတော်မှာ သီးသန့်ခွဲထားပြီး အဲဒီသီးသန့်ခွဲထားတဲ့ကာလအတွင်း သူ့တာဝန်တွေကို အပြည့်အဝ ဆက်လက်ထမ်းဆောင်မှာဖြစ်တယ်လို့ ဂျိန်းပီယားရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
သူဟာ ဒီမကန်မှာ အိမ်ဖြူတော်ဝန်ထမ်းတွေကို ဖုန်းနှင့်ဆက်သွယ်ခဲ့တယ်။ဒီမနက်မှာပဲ အိမ်ဖြူတော်မှာ ကြိုတင်စီစဉ်ထားတဲ့ အစည်းအဝေးတစ်ခုကို ဖုန်းနှင့်သို့မဟုတ် အိမ်ကနေ Zoom နှင့်တက်ရောက်လိမ့်မယ်လို့ သူမက ပြောပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက သူ့ကို ကိုဗစ်နောက်ဆုံးစစ်ဆေးခဲ့တုန်းကတော့ နဂ္ဂတစ်အဖြေထွက်ခဲ့တာဖြစ်ပါတယ်?
အသက်၇၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်ရဲ့ အသက်အကြီးဆုံးသမ္မတ ဘိုင်ဒင်ဟာ အသက်၅၀ကျော်တွေ ဖိုင်ဇာ အားမြှင့်ကာကွယ်ဆေး ထိုးနှံခွင့်ပြုလိုက်တဲ့ မတ်လမှာပဲ ဖိုင်ဇာကာကွယ်ဆေးကို စတုတ္ထအကြိမ်အဖြစ် ထိုးနှံခဲ့တာဖြစ်ပါတယ်။
Source:NPR
#World_Entertainment
Published 21 July 2022
ကမ္ဘာကျော်ရော့ခ်တေးဂီတအဖွဲ့'ရိုးလင်းစတုန်းစ်'က သူတို့ရဲ့နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ဥရောပလှည့်လည်ဖျော်ဖြေရေး ပြုလုပ်လျက်ရှိပြီး ဂရူပါမာ အားကစားကွင်းကြီးရဲ့အပူချိန်ကိုအံတုကာ အင်္ဂါနေ့က လိုင်ယွန်မြို့မှ ပရိသတ်တွေကို နှုတ်ဆက်တဲ့အနေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။
#Yangon_Media_Group
Published 21 July 2022
အင်ဒိုနီးရှားနိုင်ငံ ကျွန်းတစ်ကျွန်းအနီးမှာ ရာသီဥတုဆိုးရွားလို့ ဖယ်ရီသင်္ဘောတစ်စီး နစ်မြုပ်ရာ ယခုအထိ အနည်းဆုံး အလောင်း (၉)လောင်း ဆယ်ယူရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးအရာရှိတွေက ဇူလိုင်၂၁ရက် ကြာသပတေးနေ့က ပြောပါတယ်။
ကေအမ် ကာဟာရာ အာရာဖါ သင်္ဘောဟာ အင်ဒိုနီးရှားနိုင်ငံ တာနိတ်ကျွန်း ရေပြင်မှာ တနင်္လာနေ့ ညနေပိုင်းက နစ်မြုပ်ခဲ့ပြီး ပျောက်ဆုံးခဲ့တဲ့ လူ၁၃ ဦးကို ကယ်ဆယ်ရှာဖွေရေးတွေလုပ်ခဲ့ကြပါတယ်။
သင်္ဘောဟာ ခရီးသည် ၇၇ ဦးတင်ဆောင်ပြီး အနီးက ဟာမာဟီရာ ကျွန်းကို ခုတ်မောင်းခဲ့တာဖြစ်ပါတယ်။ သင်္ဘောနစ်မြုပ်ပြီးနောက် လူ ၆၄ ဦးကို အနီးနားရွာတစ်ရွာကို ကယ်ဆယ်ပေးနိုင်ခဲ့ပါတယ်။
ကျေးရွာသားတွေဟာ သူတို့ လှေတွေကိုလှော်ခတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို အာဏာပိုင်တွေနှင့် အတူပူးပေါင်းကူညီ လုပ်ဆောင်ပေးခဲ့ကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာကျွန်းပေါင်း တစ်သောင်း ခုနှစ်ထောင်ခန့်ရှိပြီး ရေကြောင်းသွားလာမတော်တဆမှုတွေဟာ ပုံမှန်ဖြစ်နေကျပါ။ ဘေးအန္တရာယ်ကင်းရှင်းရေးစံသတ်မှတ်ချက်တွေ အားနည်းပေမယ့် လူတွေဟာ ခရီးသွားဖို့ လှေနှင့်သင်္ဘာတွေပဲ အားပြုနေကြရတာဖြစ်ပါတယ်။
မေလတုန်းကလည်း ခရီးသည် ၈၀၀ကျော်တင်လာတဲ့ ခရီးသည်တင်သင်္ဘောတစ်စီး အရှေနူဆာ တင်ဂါရာ ပြည်နယ်က ရေတိမ်တစ်ခုမှာ နစ်မြပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် တစ်ဦးတစ်ယောက်မျှ သေဆုံးဒဏ်ရာရမှုမရှိခဲ့ပါဘူး။
၂၀၁၈ခုနှစ်တုန်းကတော့ ကမ္ဘာ့ အနက်ဆုံးရေကန်တွေထဲမှာ တစ်ခုပါဝင်တဲ့ ဆူမတ်တြာကျွန်းက ရေကန်တစ်ကန်မှာ ခရီးသည် သင်္ဘောနစ်မြုပ်ပြီး လူ ၁၅၀ကျော်ရေနစ်သေဆုံးခဲ့ကြရပါတယ်။
#Source_AFP
Y
Published 21 July 2022
သီရိလင်္ကာရဲ့ ခြောက်ကြိမ် ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ရာနီလ် ဝတ်ခ်ရီမက်ဆင်ဟီဟာ ဇူလိုင် ၂၁ရက် ကြာသပတေးနေ့က အကျပ်အတည်းတွေနှင့်ရင်ဆိုင်နေရတဲ့ သီရိလင်္ကာရဲ့ သမ္မတအဖြစ် ညီညွတ်ရေးအစိုးရတစ်ရပ် မဖွဲ့စည်းခင်မ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
အသက်၇၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝတ်ခ်ရီမက်ဆင်ဟီကို ဥပဒေပြုအမတ်တွေက ဗုဒ္ဓဟူးနေ့က သမ္မတအဖြစ်ရွေးချယ်ပေးခဲ့ လို့ ကြာသပတေးနေ့မှာ တင်းကြပ်တဲ့ အစောင့်အရှောက်တွေရှိနေတဲ့ ပါလီမန် အဆောက်အအုံတွဲထဲက တရားသူကြီးချုပ် ဂျာယန်သာ ဂျာယာဆူရီယာ ရှေ့မှောက်မှာ ကျမ်းသစ္စာပြုခဲ့တာပါ။
ကျမ်းကျိန်နေတဲ့အချိန်မှာ သီရိလင်္ကာရဲချုပ်နှင့် ထိပ်တန်းစစ်တပ်အရာရှိကြီးတွေက သူ့နောက်မှာ ရပ်နေကြပါတယ်။ ဒီအခမ်းအနားကို ရုပ်မြင်သံကြားတွေမှာ တိုက်ရိုက်ထုတ်လွှင့်ဖို့ စီစဉ်ခဲ့ပေမယ့် အခမ်းအနားမစခင်လေးတင် အစီအစဉ်က ပြတ်တောက်သွားခဲ့ရပါတယ်။
ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို အရာရှိတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကြပါပြီ။
နိုင်ငံကို ထိန်းကျောင်းမောင်းနှင်ဖို့ ဝန်ကြီး ၃၀ ဦးထက်မများတဲ့ အစိုးရအဖွဲ့ကို ခေါင်းဆောင်သစ်က ဖွဲ့စည်းဖို့ရှိနေပါတယ်။ သီရိလင်္ကာဟာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ အဆိုးရွာဆုံး စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
သီရိလင်္ကာမှာ ရှည်လျားတဲ့ လျှပ်စစ်မီးပြတ်တောက်မှုတွေ ခံစားနေရပြီး နိုင်ငံရဲ့ ၂၂သန်းသော လူဦးရေဟာ လောင်စာဆီ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်တောက်မှုတွေကို လပေါင်းများစွာ ကြုံတွေ့ခံစားနေကြရပါတယ်။
ဆင်းရဲဒုက္ခတွေကြောင့် ပြည်သူတွေရဲ့ အမျက်ဒေါသထွက်ခဲ့ကြပြီး ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ သမ္မတ ဂိုတာ ဘာရာ ရာဂျာပက်ဆာအိမ်တော်ကို ချင်းနင်းဝင်ရောက်ခဲ့ကြပါတယ်။ အဲဒါကြောင့် သူဟာ ရာထူးမှဆင်းပေးခဲ့ရပြီး ဝတ်ခ်ရီမက်ဆင်ဟီအတွက် ရာထူးလမ်းရှင်းပေးသလိုဖြစ်ခဲ့ရပါတယ်။
#Source_AFP
#Sri_Lanka_new_president
#Wickremesinghe
#Sri_lanka_election
Page 1519 of 1806