Published 15 December 2023
အလုံးစုံကျန်းမာရေး ကောင်းမွန်စေဖို့ သက်သက်လွတ်စားခြင်းနဲ့ အသားစားခြင်းတို့ရဲ့ သက်ရောက်မှုတွေအကြောင်း ငြင်းခုံနေကြရာမှာ မကြာသေးမီက လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပြီး အသီးအရွက်စားသုံးခြင်းရဲ့ အားသာချက်တွေအပေါ် ရလဒ်တွေက ယိမ်းယိုင်လာပါတယ်။
စတန်းဖို့ဒ်တက္ကသိုလ်မှ သုတေသီတွေက အရွယ်ရောက်ပြီးသား အမွှာ ၂၂ တွဲကို လေ့လာကာ အမွှာတစ်ယောက်ကို သက်သက်လွတ်စားစေပြီး နောက်အမွှာတစ်ဦးကိုတော့ အသားနဲ့အရွက် အစုံပါတဲ့ အစားအစာကို စားသုံးစေခဲ့ပါတယ်။
၂ လကြာအောင် လေ့လာခဲ့ပြီး အမွှာ ၂ ယောက်စီတိုင်းရဲ့ ကိုလက်စ်ထရောလ်ပမာဏ၊ သကြားဓာတ်ပမာဏ၊ အင်ဆူလင်၊ ခန္ဓာကိုယ်အလေးချိန်စသဖြင့် နှလုံးသွေးကြော ကျန်းမာရေးတို့ကို နှိုင်းယှဥ်ခဲ့ကြပါတယ်။
ထိုအခါမှာ သက်သက်လွတ်စားတဲ့ အမွှာက သိသိသာသာ ကိုယ်အလေးချိန် ကျဆင်းခဲ့ပြီး မကောင်းတဲ့ ကိုလက်စ်ထရောလ်ပမာဏ၊ အင်ဆူလင်ပမာဏတို့လည်း ပိုမိုလျော့နည်းသွားခဲ့ပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပင်အခြေပြု စားစရာတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစုံပါစားစရာနဲ့ ယှဥ်ရင် နှလုံးကာကွယ်ရေးမှာ သိသိသာသာ အကျိုးပြုစေတယ်လို့ ဖော်ပြခဲ့ကြပါတယ်။
သက်သက်လွတ်စားသုံးသူများဟာ အပင်များမှ ရရှိတဲ့ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ အခွံမာသီး၊ အသီးတို့ကိုသာ စားသုံးပြီး တိရိစ္ဆာန်အသားများနဲ့ နို့ထွက်ပစ္စည်းများ စားသုံးခြင်းမှ ရှောင်ရှားကြတာ ဖြစ်ပါတယ်။
Source: India Today
#World_Health
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 15 December 2023
အစ္စရေးလ်နဲ့ ဟားမတ်စ်စစ်သွေးကြွတို့ကြား အပစ်အခတ်ရပ်စဲရေး သေချာမှုရှိစေရန်အတွက် အမေရိကန်မှာ လုံးဝတာဝန်ရှိကြောင်း တူရကီသမ္မတ ရီဆပ်တာယစ်အာဒိုဂန်က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပြီး စစ်ပွဲဂယက်ကြောင့် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ကြောင်းကို သတိပေးလိုက်ပါတယ်။
ပါလက်စ်တိုင်းစစ်သွေးကြွ ဟားမတ်စ်အဖွဲ့က အစ္စရေးလ်ဘက်ကို တိုက်ခိုက်ခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း တူရကီသမ္မတက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ပထမဆုံးအကြိမ် ဖုန်းပြောဆိုခဲ့ပါတယ်။
ထိုစဥ်က ဟားမတ်စ်သေနတ်သမားတွေဟာ ဂါဇာကနေ နယ်စပ်ဖြတ်ကျော်ပြီး အစ္စရေးလ်ဘက်သို့ ဝင်ရောက်လာကာ အစ္စရေးလ် ၁,၂၀၀ ခန့်ကို သတ်ဖြတ်ခဲ့တဲ့အပြင် ဓားစာခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အစ္စရေးလ်အရာရှိများက ထုတ်ပြန်ထားပါတယ်။
ဒီအတွက် အစ္စရေးလ်တို့က ဟားမတ်စ်တို့ကို လက်တုန့်ပြန်ချေမှုန်းရန် ရည်ရွယ်ကာ ဂါဇာမှာ စစ်ဆင်ရေးဆောင်ရွက်ခဲ့ပြီး ပါလက်စ်တိုင်း ၁၈,၇၀၀ ကျော် သေဆုံးထားတယ်လို့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အစ္စရေးလ်ဘက်က ကာလကြာရှည်စွာ အပြင်းအထန် တိုက်ခိုက်နေခြင်းကြောင့် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာနိုင်တယ်လို့ တူရကီသမ္မတအာဒိုဂန်က ပြောကြားခဲ့ပါတယ်။
အစ္စရေးလ်ကို အမေရိကန်က ခြွင်းချက်မရှိ ထောက်ခံနေတာကို ရပ်တန့်လိုက်ပါက ချက်ချင်းအပစ်အခတ် ရပ်စဲနိုင်ဖွယ်ရှိတယ်လို့ ဆိုလိုက်ပါတယ်။
ဂါဇာမှာ အစ္စရေးလ်စစ်ပွဲ ဆင်နွှဲနေတဲ့အပေါ် အများဆုံးဝေဖန်နေတဲ့ မွတ်ဆလင်အသိုင်းအဝိုင်းထဲမှာ အာဒိုဂန်ကလည်း အပါအဝင် ဖြစ်ပါတယ်။
အစ္စရေးလ်ခေါင်းဆောင် နေတန်ညာဟူကို ဂါဇာသားသတ်သမားလို့ သမုတ်လိုက်တဲ့အပြင် အစ္စရေးလ်ကိုလည်း အကြမ်းဖက်တိုင်းပြည်လို့ အာဒိုဂန်က ခေါ်ဝေါ်ခဲ့ပါတယ်။
ထိုဒေသမှာ တတ်နိုင်သမျှအမြန်ဆုံး အပစ်အခတ် ရပ်စဲရေးအတွက် အမေရိကန်မှာ လုံးဝတာဝန်ရှိကြောင်း အာဒိုဂန်က ဖုန်းပြောဆိုရာမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။
ဂျိုးဘိုင်ဒင်က အစ္စရေးလ်ကို အခိုင်အမာ ထောက်ခံထားပေမယ့် အစ္စရေးလ်အနေနဲ့ အရပ်သားများအပေါ် မခွဲခြားဘဲ ပစ်ခတ်နေတာကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ ထောက်ခံမှုကို ဆုံးရှုံးနေတယ်လို့ အင်္ဂါနေ့က အပြင်းထန်ဆုံး ဝေဖန်သတိပေးလိုက်ပါတယ်။
စစ်ပွဲက လအများအပြား ကြာရှည်ဦးမယ်လို့ အစ္စရေးလ်ကာကွယ်ရေးဝန်ကြီးက အမေရိကန် ထိပ်သီးအရာရှိတစ်ဦးကို ပြောကြားခဲ့ပြီးနောက် အိမ်ဖြူတော်က စစ်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံးအဆုံးသတ်စေချင်ပြီလို့ ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
Source: NDTV
#World_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရှန်ဟိုင်းရုပ်ရှင်ဝေဖန်ရေးအဖွဲ့အစည်းဟာ အကြိမ် ၃၀ မြောက်ဆုပေးပွဲကို ဆောင်ကျန်ဒေသမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။ ယခုနှစ်မှာ တရုတ်ရုပ်ရှင်ဇာတ်ကား ၁၀ ကား အောင်မြင်စွာ ထုတ်လွှင့်နိုင်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှ ရိုက်ကူးတဲ့ သိပ္ပံခေတ်လွန်အက်ရှင်ကား The Wandering Earth 2 ဟာ ဆုများရရှိဖို့ ရေပန်းစားနေခဲ့ပါတယ်။
#Asia_Entertainment
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Daily_News
Published 14 December 2023
၁။ ဆောင်းမြေပဲကို ကုန်သည်များမှ ဈေးထက်ဝက်လျှော့ဝယ်သဖြင့် တောင်သူများ ဈေးကောင်းမရဘဲ အခက်တွေ့နေ
၂။ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်အ၀င်နည်းနေတာကြောင့် ရှမ်းကြက်သွန်ဖြူ တစ်ပိသာ ကျပ်၂၀၀၀ကျော် ဈေးမြင့်တက်
၃။ မလေးရှား၌ စက်ရုံပိတ်သိမ်းမှုအချို့ပင် ရှိနေပြီး ပြည်ပလုပ်သားခေါ်ယူမှု လျော့ကျနေ၊ တရုတ်နှစ်ကူးပြီးလျှင်လည်း လုပ်သားသစ်ခေါ်ယူမှု ဆက်လက်လျော့ကျနိုင်
၄။ ရှန်ဟိုင်းရုပ်ရှင် ဝေဖန်ရေးအဖွဲ့၏ အကြိမ်(၃၀)မြောက် ဆုပေးပွဲကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 14 December 2023
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အပေါ် စွပ်စွဲပြစ်တင်ထားတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို တရားဝင်ခွင့်ပြုချက်ရရန် အမေရိကန် အောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ မဲဆန္ဒပြုခဲ့ကြပါတယ်။
ဒီမိုကရက်တစ်ဦးဖြစ်တဲ့ ဂျိုးဘိုင်ဒင်ရဲ့ လုပ်ရပ်မှားတွေအကြောင်း အထောက်အထား မတွေ့ရှိထားပေမယ့် ရီပတ်ဘလစ်ကန်တွေကတော့ စည်းလုံးညီညွတ်စွာ ကြိုးပမ်းအားထုတ်နေကြတာ ဖြစ်ပါတယ်။
ရီပတ်ဘလစ်ကန်တွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်က ဘိုင်ဒင်စုံစမ်းစစ်ဆေးမှုကို အတည်ပြုဖို့အတွက် ၂၂၁-၂၁၂ မဲဆန္ဒပြုခဲ့ကြပါတယ်။
ဂျိုးဘိုင်ဒင်ရဲ့သား ဟန်တာဘိုင်ဒင်ဟာ တံခါးပိတ်သက်သေခံ ထွက်ဆိုရန် ငြင်းဆန်ပြီးနောက် ဂျိုးဘိုင်ဒင်က သားဖြစ်သူရဲ့ နိုင်ငံခြားစီးပွားရေးတွေကနေ မမှန်မကန် အကျိုးအမြတ် ရယူခဲ့လားဆိုတာကို စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။
အိမ်ဖြူတော်ကတော့ ဒီစုံစမ်းမှုဟာ အကျိုးအကြောင်း မဆီလျော်ဘဲ နိုင်ငံရေးအရ လှုံ့ဆော်နေတာဆိုပြီး အသိအမှတ် မပြုပါဘူး။
ဘိုင်ဒင်ဟာ ၂၀၂၄ ရွေးကောက်ပွဲမှာ ယှဥ်ပြိုင်ဖို့ ပြင်ဆင်နေပြီး ရီပတ်ဘလစ်ကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ ထပ်မံယှဥ်ပြိုင်ရဖွယ် ရှိနေပါတယ်။
ထရမ့်ဟာ အမေရိကန်သမိုင်းမှာ စွပ်စွဲချက် ၂ ကြိမ်တိုင်တင်ခံရတဲ့ ပထမဆုံးသမ္မတဟောင်း ဖြစ်လာပြီး လက်ရှိမှာလည်း နောက်ထပ် ရာဇဝတ်စစ်ဆေးမှု ၄ ခုအတွက် ပြင်ဆင်နေပါတယ်။
အောက်လွှတ်တော်က သမ္မတကို စွပ်စွဲချက်တင်ဖို့ မဲဆန္ဒပြုကြရင်တောင် အထက်လွှတ်တော်မှာ မဲဆန္ဒ ၃ ပုံ ၂ ပုံရရှိရန် လိုအပ်တာကြောင့် အဆိုပါအားထုတ်မှုဟာ အောင်မြင်ဖို့ အလွန်အခွင့်နည်းနေပါတယ်။
အထက်လွှတ်တော်မှာ ဘိုင်ဒင်ရဲ့ ဒီမိုကရက်တွေက ၅၁-၄၉ ဖြင့် ထိန်းချုပ်ထားတာကြောင့် ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၂၄ ရွေးကောက်ပွဲ စည်းရုံးရေးတွေမှာ အကျင့်ပျက်မှု စွပ်စွဲချက်များကို အသုံးချသွားဖွယ် ရှိနေပါတယ်။
ရီပတ်ဘလစ်ကန်တွေက စစ်ဆေးမှုကို တရားဝင်စတင်ပြီးနောက် ၃ လအကြာမှာ မဲဆန္ဒပြုခြင်း ပြုလုပ်လာတာဖြစ်ပြီး ဒါဟာ သမ္မတကို ရာထူးမှဖယ်ရှားဖို့ လိုအပ်တဲ့လုပ်ရပ် မဟုတ်ပါဘူး။
၂၀၀၉ မှ ၂၀၁၇ သမ္မတဘာရက်အိုဘာမား လက်ထက်မှာ ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျိုးဘိုင်ဒင်နဲ့ ယင်းမိသားစုဟာ နိုင်ငံခြားလုပ်ငန်းတွေကနေ အကျိုးအမြတ်ရခဲ့တယ်လို့ အောက်လွှတ်တော် ရီပတ်ဘလစ်ကန်တွေက စွပ်စွဲထားကြပြီး ထိုကာလအတွင်း ယူကရိန်းနဲ့ တရုတ်တို့မှာ ဟန်တာဘိုင်ဒင်ရဲ့ စီးပွားရေးများအပေါ် အာရုံစိုက်နေကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ထိုလုပ်ငန်းတွေကို ထောက်ပံ့ပေးတဲ့ လုပ်ရပ်တွေ၊ ထိုကနေ အကျိုးအမြတ်ရခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကိုတော့ မပြနိုင်ခဲ့ပါဘူး။
ထိုစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဂျိုးဘိုင်ဒင်ရဲ့မှတ်ချက်က ‘’အောက်လွှတ်တော်ဟာ တိုင်းပြည်အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး အကူအညီမပေးဘဲ ကျွန်ုပ်ကို အလိမ်အညာတွေနဲ့ စွပ်စွဲနေကြပါတယ်’’ လို့ ဆိုပါတယ်။
ဟန်တာဘိုင်ဒင်ဟာ မူးယစ်ဆေး၊ အရက်သေစာ စွဲလမ်းခြင်းကိစ္စများနဲ့ ပတ်သက်ပြီး ရာဇဝတ်စစ်ဆေးမှုများကို နှစ်တွေတိုင်အောင် ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။
Source: Reuters
#World_News
#Published_ 14 December 2023
#YMG #Yangon_Times #YMG_News
#Yangon_Media_Group
Published 14 December 2023
ကိုဘာလာမင်လို့ခေါ်တဲ့ ဗိုက်တာမင် ဘီ၁၂ ဟာ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက် အမျိုးမျိုးမှာ ပါဝင်နေပါတယ်။
ဒါကြောင့် ဗိုက်တာမင် ဘီ၁၂ ချို့တဲ့တဲ့အခါ ကျန်းမာရေးကို ထိခိုက်စေပါတယ်။
ဘီ၁၂ ချို့တဲ့တဲ့လက္ခဏာတွေကတော့..
(၁) အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်တာဟာ ဘီ၁၂ ချို့တဲ့တဲ့လက္ခဏာ ဖြစ်ပြီး နေ့စဥ်လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပါတယ်။
(၂) ဘီ၁၂ ချို့တဲ့ရင် သွေးနီဥထုတ်လုပ်မှု နည်းပါးသွားကာ အရေပြားဖျော့ခြင်း၊ ဝါခြင်းတို့ ဖြစ်တတ်ပါတယ်။
(၃) သွေးတွေထဲမှာ အောက်ဆီဂျင် သယ်ယူနိုင်စွမ်း ကျဆင်းသွားတာကြောင့် အသက်ရှူမဝခြင်းမျိုး ဖြစ်တတ်ပါတယ်။
(၄) အောက်ဆီဂျင်မလုံလောက်တာကြောင့် မကြာခဏ မူးဝေခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့ ဖြစ်တတ်ပါတယ်။
(၅) လျှာမှာ ဖောရောင်ပြီး အရောင်ပြောင်းသွားကာ ရောင်ရမ်းခြင်း ဖြစ်နိုင်ပါတယ်။
(၆) အစာခြေပြဿနာဖြစ်နိုင်ကာ ဝမ်းလျှောခြင်း၊ ဝမ်းပိတ်ခြင်း၊ စားချင်စိတ်လျော့နည်းခြင်းတို့ ဖြစ်နိုင်ပါတယ်။
(၇) အာရုံကြောစနစ်ရဲ့ လုပ်ဆောင်ချက်ကို ထိခိုက်စေပြီး ထုံကျဥ်ခြင်း၊ ခြေလက်တွေမှာ စူးရှခြင်းခံစားချက်မျိုး ခံစားရတတ်ပါတယ်။
(၈) မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ အာရုံစူးစိုက်ရန် ခက်ခဲခြင်း၊ ဦးနှောက်သိရှိမှု လျော့ကျခြင်းတို့ ခံစားရတတ်ပါတယ်။
(၉) စိတ်ဓာတ်ကျခြင်း၊ အထိမခံနိုင်ခြင်း၊ စိတ်အပြောင်းအလဲဖြစ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
(၁၀) နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း များစေပါတယ်။
ဗိုက်တာမင် ဘီ၁၂ ချို့တဲ့မှုကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကတော့ ..
- အသား၊ ငါး၊ ပင်လယ်စာ၊ နို့ထွက်ပစ္စည်းများက ဘီ၁၂ ကြွယ်ဝတဲ့ အစားအစာတွေဖြစ်ပြီး များများ စားပေးသင့်ပါတယ်။
- ကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပြီး ဘီ၁၂ ဖြည့်စွက်စာများကို သောက်သုံးခြင်း၊ ဆေးထိုးခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
- ကွေကာနဲ့ ကောက်ပဲသီးနှံများ၊ အပင်အခြေပြုနို့များ၊ အာဟာရအတောင့်များ စားပေးနိုင်ပါတယ်။
- ဘီ၁၂ စုပ်ယူမှုပြဿနာရှိနေသူများအတွက် နှာခေါင်းအစက်ချဆေး အသုံးပြုဖို့ အကြံပြုပါတယ်။
- သွေးစစ်ဆေးမှုများ ပြုလုပ်ပြီး ဘီ၁၂ ပမာဏကို ပုံမှန်စစ်ဆေးနိုင်ပါတယ်။
Source: NDTV
#World_Health
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 246 of 825