Published 2 May 2022
နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်(Samdech Akka Moha Sena Padei Techo HUN SEN ) နှင့် ယနေ့မေလ(၂)ရက် နံနက်ပိုင်းက အွန်လိုင်း Video Conferencing ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။
အဲသလိုတွေ့ဆုံရာမှာ လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်ထားမှုတွေကို နကစဥက္ကဋ္ဌက ပြောပြခဲ့ပြီး ဒေသအချို့တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုဖြစ်ရပ်တွေဟာ NCA ကိုချိုးဖောက်လျက်ရှိပြီး ကျင့်ဝတ်များကိုလိုက်နာမှုမရှိသည့် EAOတွေထံမှ အရင်းခံ၍ ဖြစ်ပေါ်လျက်ရှိနေတာဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒီအပြင် လက်ရှိ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနှင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးဒဏ်ရာရရှိမှုတွေကိုလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီအပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေဆောင်ရွက်နေမှဒ၊အာဆီယံမှပေးအပ်မယ့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေကို ဖြန့်ဝေဆောင်ရွက်ပေးသွားမယ့် အခြေအနေတွေ၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ထပ်မံလာရောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေတွေ၊ အာဆီယံဘုံသဘော တူညီချက် ၅ ရပ် အကောင်အထည်ဖော် ဆောင်ရွက်နေတာတွေကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
ယခုတွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်လို့ ကမ္ဘောဒီးယားပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ ခမာတိုင်းမ်ကလည်း အတည်ပြုဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘောဒီးယားဘက်က တွေ့ဆုံမှုနှင့်ပတ်သက်ပြီး အသေးစိတ်သတင်း ယခုထက်ထိမထုတ်ပြန်သေး ကြောင်းနှင့် ယနေ့နှောင်းပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးနိုင်တယ်လို့ ခမာတိုင်းမ်က သတင်း ရေးသားထားပါတယ်။
အဲဒီတွေ့ဆုံပွဲကို နစကဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နစက နိုင်ငံခြားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Source: SAC’s Info/Khmer Time


Published 01 May 2022
စစ်ပွဲကြောင့် လောင်စာဆီတွေ ပြတ်တောက်မှာစိုးရိမ်မှုတွေကြောင့် ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်က ဓာတ်ဆီဆိုင်တွေမှာ မော်တော်ယာဉ်တွေဟာ တန်းစီပြီး ဓာတ်ဆီထည့်နေကြပါတယ်။
ဒါကိုနားလည်မှုပေးရမယ်။အနစ်နာခံမှုတစ်ချို့လုပ်ရမယ်။သိပ်မကြီးကျယ်ပါဘူးလို့ ကားထဲမှာ ဓာတ်ဆီထည့်ဖို့ စောင့်ဆိုင်းနေတဲ့ ဗစ်တယ်လီကပြောပါတယ်။
Source AFP
Published 1 May 2022
မြန်မာနိုင်ငံရဲ့ နေပြည်တော်၊တိုင်းဒေသကြီးနှင့်ပြည်နယ်တွေမှာ ခရိုင်အသစ်(၄၆)ခရိုင်ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်တယ်လို့ နစက ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၂၂ခုနှစ် ဧပြီ(၃၀)ရက်က အမိန့်ကြေညာစာတွေထုတ်ပြန်ပါတယ်။
အဲသလိုအသစ်ဖွဲ့စည်းမှုကြောင့် ယခင် တစ်နိုင်ငံလုံးမှာ (၇၅)ခရိုင်ရှိခဲ့ရာက ယခုအခါ (၁၂၁) ခရိုင်ရှိပြီဖြစ်ပါတယ်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေ ယခုထက်ပိုမိုအဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းရတာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အသစ်ထပ်မံတိုးချဲ့တဲ့ခရိုင်အသစ်တွေက နေပြည်တော်မှာ ခရိုင်(၂)ခု၊ကချင်မှာ ခရိုင်(၂)ခု၊ ကယားမှာ ခရိုင်(၂)ခု၊ ကရင်မှာ ခရိုင်(၂)ခု၊ ချင်းမှာ ခရိုင်(၂)ခု၊ စစ်ကိုင်းမှာ ခရိုင်(၂)ခု၊ တနင်္သာရီမှာ ခရိုင်(၁)ခု၊ပဲခူးမှာ ခရိုင်(၂)ခု၊ မကွေးမှာ ခရိုင်(၂)ခု၊ မန္တလေးမှာ ခရိုင်(၄)ခု၊ မွန်မှာ ခရိုင်(၂)ခု၊ ရခိုင်မှာ ခရိုင်(၂)ခု၊ ရန်ကုန်မှာ ခရိုင်(၁၀)ခု၊ ရှမ်းမှာ ခရိုင်(၉)ခု၊ ဧရာဝတီမှာ ခရိုင်(၂)ခု စုစုပေါင်း ခရိုင်အသစ်(၄၆)ခုဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှာ ခရိုင်အသစ်တိုးချဲ့ဖွဲ့စည်းမှုအများဆုံးဖြစ်ပါတယ်။
ရန်ကုန်မှာ ဗိုလ်တထောင်ခရိင်၊ဒဂုံမြို့သစ်ခရိုင်၊ တွံတေးခရိုင်၊ကျောက်တံတားခရိုင်၊မရမ်းကုန်းခရိုင်၊ ကမာရွတ်ခရိုင်၊တိုက်ကြီးခရိုင်၊ လှည်းကူးခရိုင်၊ မှော်ဘီခရိုင်နှင့် မင်္ဂလာဒုံခရိုင်ဟူ၍ ခရိုင်အသစ်(၁၀)ခုတိုးချဲ့ခဲ့တာဖြစ်ပါတယ်။

Published 30 April 2022
ရုရှားရဲ့ နိုဗာတက်ခ်ကုမ္ပဏီက ပိုလန်မြို့ဒါဇင်ခန့်ကို ဓာတ်ငွေ့ထောက်ပံ့မှု ဗုဒ္ဓဟူးနေ့က စပြီး ရပ်ဆိုင်းလိုက်ပါတယ်။ ပိုလန်အစိုးရက ရုရှားအပေါ်ကန့်သတ်ပိတ်ဆို့မှုတွေလုပ်တာကို ရုရှားက ပြန်လည်တုန့်ပြန်အရေးယူမှုအနေနှင့် ယခုလို ဓာတ်ငွေ့တွေရပ်တန့်ခဲ့တာပါ။
အဲသလို ရပ်တန့်မှုကြောင့် ပိုလန်က အဲဒီမြို့ရဲ့ဒေသခံတွေဟာ သူတို့ရဲ့ နေ့စဉ်ပုံမှန်ဘဝတွေအပေါ် ပြတ်တောက်မှု ဖြစ်စေ တယ်လို့ ညည်းညူနေကြပါတယ်။
ပိုလန်နိုင်ငံ အလယ်ပိုင်းက ဇာဂိုရိုးလ်မှာရှိတဲ့ လူနေအဆောက်အအုံတွေ၊မူကြိုကျောင်းတွေ၊ စာကြည့်တိုက်တွေနှင့် အစိုးရရုံးတွေမှာ သဘာဝဓာတ်ငွေ့တွေကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။
Source CMG
Published 30 April 2022
ရုရှားသမ္မတဗလာဒီမာပူတင်ကို ကမ္ဘာကြီးက ဆက်ဆံပြောဆိုနိုင်မှာမဟုတ်ဘူးလို့ အမေရိကန်ကပြောပါတယ်။ အင်ဒိုနီးရှားက ပူတင်နှင့် ယူကရိန်းခေါင်းဆောင် ဗိုလိုဒီမာဇီလင်စကီးကို နိုဝင်ဘာမှာကျင်းပမယ့် G20ထိပ်သီးအစည်းအဝေးကို ဖိတ်ကြားထားတယ်လို့ပြောကြားပြီးနောက် အိမ်ဖြူတော်က ယခုလိုတုန့်ပြန်တာဖြစ်ပါတယ်။
“ G20 အစည်းအဝေးကို သမ္မတပူတင်တက်ရောက်မှာကို သူ့အနေနှင့်ဆန့်ကျင်တယ်ဆိုတာကို သမ္မတ(ဘိုင်ဒင်)က လူသိရှင်ကြား ပြောကြားခဲ့ပြီးပါပြီ။ ယူကရိန်းတွေတက်မှာကို ဒါမှမဟုတ် G20 တက်ရောက်ဖို့ ဖိတ်ကြားတာကို ကျွန်မတို့ကြိုဆိုပါတယ်” လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးမှူး ဂျနီဖာဆက်ကီက သတင်းထောက်တွေကိုပြောပါတယ်။
Source AFP
Published 29 April 2022
ရုရှားသမ္မတဗလာဒီမာပူတင်ဟာ G20 ထိပ်သီးအစည်းအဝေးတက်ရောက်မှာဖြစ်ပြီး ယူကရိန်းခေါင်းဆောင် ဗိုလိုဒီမာ ဇီလင်စကီးကိုလည်း တက်ရောက်ဖို့ဖိတ်ကြားခဲ့တယ်လို့ G20 အစည်းအဝေးရဲ့ အိမ်ရှင်နိုင်ငံ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုမိုက ဧပြီ ၂၉ရက်က ပြောပါတယ်။ ယူကရိန်းကိုကျူးကျော်မှုကြောင့် ရုရှားကို အဲဒီအစည်းအဝေးတက်ခွင့်မပေးဖို့ အနောက်နိုင်ငံတွေရဲ့ဖိအားနှင့်ပတ်သက်ပြီး ညှိနှိုင်းပြီး သဘောတူညီမှုရခဲ့တာကြောင့်ဖြစ်ပါတယ်။
ယူကရိန်းသမ္မတ ဇီလင်စကီးက အင်ဒိုနီးရှားထံမှ လက်နက်အကူအညီတောင်းခံခဲ့ပေမယ့် အင်ဒိုနီးရှားရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံခြားရေးမူဝါဒတို့အရ အခြားနိုင်ငံတွေကို လက်နက်အကူအညီပေးလို့မရတဲ့အကြောင်း သူပြန်ပြောခဲ့တယ်လို့ အင်ဒိုသမ္မတက ပြောပါတယ်။
Source AFP
Published 28 April 2022
တာတာစတန်စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာနိုင်ငံကို အဆင့်မြင့်နည်းပညာတွေနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ထုတ်ကုန်တွေကို ပေးပို့ဖို့ အဆင်သင့်ရှိနေတယ်လို့ တာတာစတန်သမ္မတက ရပ်စတမ် မင်နစ်ခနော့Rustam Minnikhanov ကပြောပါတယ်။ သူဟာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဆွေးနွေးစဉ် အဲသလိုပြောကြားခဲ့တာဖြစ်တယ်လို့ တာတာစတန် သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
နှစ်နိုင်ငံအကြားကုန်သွယ်မှုတန်ဖိုးဟာ နည်းနေတုန်းဖြစ်ပေမယ့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့တွေ အပြန်အလှန်စေလွှတ်ပြီး အပြန်အလှန်ကုန်သွယ်မှုတွေတိုးမြှင့်ခြင်းဖြင့် ကုန်သွယ်မှုတန်ဖိုးတက်အောင်ပြုလုပ်နိုင်တ်ယ်လို့ မစ္စတာရမ်ပစမ်မင်နစ်ခနေ့ က ပြောပါတယ်။
မြန်မာဟာ အာရှ-ပစိဖိတ်ဒေသနှင့် နိုင်ငံတကာနယ်ပယ် မှာ ရုရှားဖက်ဒရေးရှင်းရဲ့ နီးကပ်ပြီးယုံကြည်စိတ်ချရတဲ့ မိတ်ဖက်နိုင်ငံဖြစ်ပြီး ဆက်ဆံရေးဟာ ရှည်လျားတဲ့သမိုင်းကြောင်းရှိကြောင်းနှင့် ၂၀၂၃ ဇန်နဝါရီမှာ ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး ၇၅နှစ်ပြည့်အခမ်းအနားကို ကျင်းပသွားမယ်လို့လည်း သူကပြောပါတယ်။
ခေါင်းဆောင်နှစ်ဦးဟာ ၂၀၁၆ခုနှစ်ကတည်းက မြန်မာနိုင်ငံနှင့်ပူးပေါင်းလုပ်ကိုင်နေတဲ့ KAMAZ ကို ဆက်ဆံရေးတိုးချဲ့ဖို့ ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ KAMAZဟ ကာဇန်ရဟတ်ယာဉ်ထုတ်လုပ်ရေးစက်ရုံဖြစ်ပြီး မြန်မာနှင့်ပူးပေါင်းဆောင်ရွက်မှုမှာ အောင်မြင်တဲ့ သမိုင်းရှိခဲ့တယ်လို့ တာတာစတန်သမ္မတက ပြောပါတယ်။ KER-Holding ကလည်း မြန်မာနိုင်င့မှာ သတ္တုစက်ရုံတည်ဆောက်ရေး ညှိနှိုင်းနေတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ အဲဒီအပြင် Zelenodolsk သင်္ဘောကျင်းကလည်း မြန်မာနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ အထူးစိတ်ဝင်စားနေတယ်လို့ ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။
တာတာဆန်ဟာ နှစ်စဉ် နိုင်ငံတကာစီးပွားရေးဖိုရမ်ကို ကမကထပြုလုပ်ကျင်းပပေးနေပြီး ယခုနှစ်မှာ ရုရှား-အစ္စလမ်မစ် ကမ္ဘာ- ကာဇန်းထိပ်သီးဆွေးနွေးပွဲ” အမည်နှင့်ကျင်းပမှာဖြစ်ကြောင်း၊ ဗိုဂါဘူဂေးရီးယားက အစ္စလမ်ကို လက်ခံခဲ့တာ နှစ်ပေါင်း ၁၁၀၀ ပြည့်နှစ်အထိမ်းအမှတ်နှင့်ကျင်းပတာဖြစ်ပြီး မေ၁၉ကနေ ၂၁ထိကျင်းပမှာမို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့ကိုလည်း တာတာစတန်သမ္မတက ဖိတ်ကြားခဲ့တယ်လို့ ယင်းရဲ့သမ္မတရုံးသတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
၂၀၂၁ခုနှစ်တုန်းက ကာဇန်ကိုသွားခဲ့တဲ့ခရီးဟာ အကျိုးရလာဒ်တွေထွက်ခဲ့တယ်လို့ နစကဥက္ကဋ္ဌက ပြန်လည်ပြောဆိုပါတယ်။ ကုန်သွယ်မှုတန်ဖိုးတွေတက်လာပြီး တာတာစတန်သမ္မတရဲ့အပြန်အလှန်လည်ပတ်မှုကို ကျေးဇူးတင်ကြောင်းနှင့် ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးချဲ့သွားမယ်လို့ ပြောကြားခဲ့ကြောင်း တာတာစတန်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
“ တာတာစတန်ကို ကျွန်တော်ရောက်ခဲ့တုန်းက အဆွေတော်တို့ဟာ ဓာတုစက်မှုလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတွေ အလွန် တိုးတက်တာ သတိထားမိပါတယ်။ ဆေးဝါးဆိုင်ရာ ကိရိယာတွေထုတ်လုပ်ဖို့ ဒီမှာ အလားအလာအလွန်ကောင်းပါတယ်” လို့ နစကဥက္ကဋ္ဌက ပြောခဲ့ကြောင်း သတင်းမှာဖော်ပြထားပါတယ်။
အဲဒီအပြင် မြန်မာနိုင်ငံမှာ ကိုယ်ပိုင်ရေနံမြေတွေရှိပေမယ့် တူးဖော်ထုတ်လုပ်မှုတွေက သိပ်မတိုးတက်သေးကြောင်းနှင့် တာတာစတန်ရဲ့အတွေ့အကြုံတွေက အသုံးတည့်လိမ့်မယ်ဖြစ်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။ ဒီကိစ္စနှင့်ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မှုအတွက် နည်းလမ်းတွေရှာသွားမယ်လို့ တာတာစတန်သမ္မတက ပြန်ဆွေးနွေးခဲ့ပါတယ်။
အရှေ့တောင်အာရှဒေသတစ်ခုလုံးအတွက် မြန်မာကိုအခြေပြုပြီး တာတာစတန်ရဲ့ထုတ်ကုန်တွေကို ရောင်းချနိုင်တဲ့ အခွင့်အလမ်းရှိတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ဆွေးနွေးခဲ့တယ်လို့ တာတာစတန်ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
တာတာစတန်က တက္ကသိုလ်တွေမှာ တက်ရောက်မယ့် မြန်မာတွေရဲ့ ခွဲတမ်းတိုးမြှင့်လက်ခံရေးအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါတယ်
တာတာစတန်သမ္မတဟာ နစက ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်တဲ့ အဖွဲ့နှင့် နှစ်ဘက်ရင်းနှီးမြှပ်နှံမှုကိစ္စတွေ ယနေ့(ဧပြီ၂၈)ရက်မှာ ဆွေးနွေးခဲ့ကြကြောင်း လည်းသိရှိရပါတယ်။
Source: Tatarstan President Office’s Press Release


Page 239 of 273