Published 26 June 2022
တရုတ်နိုင်ငံက Influencers တွေဟာ သူတို့အနေနှင့် ဥပဒေရေးရာ၊ကျန်းမာရေးနှင့် ဘဏ္ဍာငွေကြေးကိစ္စတွေလို အကြောင်း အရာတွေကို တိုက်ရိုက် ဆွေးနွေးထုတ်လွှင့် live-streaming တင်ဆက်လိုတယ်ဆိုရင် သူတို့အနေနှင့် အရည်အချင်း သတ်မှတ်ချက်တွေ လိုအပ်တော့မှာ ဖြစ်ပါတယ်။
တရုတ်ရေဒီယိုနှင့်ရုပ်မြင်သံကြားအုပ်ချုပ်ရေးအဖွဲ့က တိုက်ရိုက်ဆွေးနွေးထုတ်လွှင့်မယ့်သူတွေနှင့်ပတ်သက်လို့ လမ်းညွှန်ချက် အသစ်တွေကို ဗုဒ္ဓဟူးနေ့ကထုတ်ပြန်လိုက်ပါတယ်။အဲဒီလမ်းညွှန်ချက်ထဲမှာ အဆင့်မြင့် ပညာရပ်တွေဖြစ်တဲ့ အချို့သော ခေါင်းစဉ်တွေကို ပြောဆို ဆွေးနွေးမယ်ဆိုရင် ထုတ်လွှင့်တင်ဆက်သူဆီမှာ သင့်လျော်တဲ့ အရည်အချင်းသတ်မှတ်ချက် တွေရှိဖို့လိုတယ်လို့ ပါဝင်ပါတယ်။
အဲဒီခေါင်းစဉ်တွေက ကျန်းမာရေးစောင့်ရှောက်မှု၊ဥပဒေ၊ဘဏ္ဍာငွေကြေးနှင့်ကျန်းမာရေးစသည်တို့ဖြစ်ကြောင်းဖော်ပြထား ပေမယ့် ဘယ်လိုအရည်အချင်းတွေလိုတယ်လိုတော့ အတိအကျဖော်ပြမထားပါဘူး။
“ တိုက်ရိုက် streaming တင်ဆက်သူတွေဟာ အရေးကြီးတဲ့ တာဝန်တွေထမ်းဆောင်ရတာဖြစ်တယ်။ သိပ္ပံပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ အသိအမြင်ဗဟုသုတတွေဖြန့်ဝေရာမှာ၊စိတ်ပိုင်းနှင့်ယဉ်ကျေးမှုဘဝတွေကိုစိုပြည်စေရာမှာ၊ပြီးတော့ စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရာမှာအရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိနေကြတယ်” လို့ အသိပေးချက်ထဲမှာ ဖော်ပြထားပါတယ်။
စည်းမျည်းအသစ်တွေဟာ “ အပြုသဘောဆောင်ပြီးကျန်းမာသန်စွမ်း စနစ်ကျကာ သဟဇာတဖြစ်တဲ့ အင်တာနက် ဟင်းလင်း ပြင်ကို မြှင့်တင်ပေးလိမ့်မယ်လို့လည်း ဖြည့်စွက်ရေးသားထားပါတယ်။
အဲဒီအပြင် live-streaming တင်ဆက်လို့မရတဲ့ အကြောင်းအရာ ၃၁မျိုးကိုလည်း ထည့်သွင်းထားပါတယ်။ အဲဒီအထဲမှာ လောင်းကစား၊အကြမ်းဖက်မှု နှင့်မူးယစ်ဆေးဝါးသုံးစွဲမှုတို့ကို အားပေးရာရောက်တဲ့အကြောင်းအရာတွေ စတာတွေ ပါဝင်နေ ပါတယ်။
အဲဒီအပြင် တင်ဆက်သူတွေဟာ တရုတ်ကွန်မြူနစ်ပါတီဦးဆောင်မှုနှင့်ဆိုရှယ်လစ်စနစ်ကို အားနည်းစေမယ့်၊ ပုံပျက်ယွင်း စေမယ့်၊ ငြင်းပယ်တဲ့ အကြောင်းအရာတွေ ထုတ်လွှင့်ခြင်းမပြုဖို့လည်း တားမြစ်ထားပါတယ်။
အစားအစာကို အလဟသဖြစ်စေတာမျိုးနှင့် အလွန်အကျွံစားပြတဲ့ mukbang ပုံစံမျိုးကိုလည်း ခွင့်ပြမှာမဟုတ်ဘူးလို့လည်း ဖြည့်စွက်ဖော်ပြထားပါတယ်။
ဒီလမ်းညွှန်ချက်တွေဟာ တရုတ်နိုင်ငံမှာ ကြီးထွားလာနေတဲ့ live-streaming လုပ်ငန်းတွေကို ဆက်လက်နှိမ်နှင်းနေတဲ့ အချိန်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ၂၀၂၀ပြည့်နှစ်တစ်နှစ်တည်းတင် အဲဒီလုပ်ငန်းဈေးကွက်ဟာ (၁) ထရီလီယံ ယွမ်ငွေ(ဒေါ်လာ ၁၅၆ ဘီလျံ)အထိရှိနေတယ်လို့ အကြံပေးကုမ္ပဏီ KPMG ကခန့်မှန်းထားပါတယ်။
တင်ဆက်သူတော်တော်များများဟာလည်း အံအားသင့်ရလောက်အောင် လူသိများကြပါတယ်။ သစ္စာရှိတဲ့ နောက်လိုက် ဖော်လိုဝါတွေ သန်းနှင့်ချီရှိနေကြတာဖြစ်ပါတယ်။
Ref: Insider
Published 25 June 2022
အမေရိကန်ပြည်ထောင်စုတရားရုံးချုပ်က ဆယ်စုနှစ်ငါးစု အခြေခံဥပဒေရဲ့ အကာအကွယ်ရရှိခဲ့တဲ့ ကိုယ်ဝန်ဖျက်ချခွင့်ကို သောကြာနေ့က ပယ်ဖျက်ပစ်လိုက်ပါတယ်။ အဲဒါကြောင့် လက်ယာယိမ်းပြည်နယ်တော်တော်များများဟာ ကိုယ်ဝန်ဖျက်ချမှုကို ပိတ်ပင်မိန့်တွေ ချက်ခြင်းလုပ်လာဖို့ရှိနေပါပြီ။
ဝါရှင်တန်၊နယူးယောက်နှင့် နေရာအနှံ့မှာ ဆန္ဒပြပွဲတွေဟာ မဆိုင်းမတွ ပေါ်ပေါက်လာပါတယ်။
၁၉၇၃ခုနှစ် ရိုးနှင့်ဝါဒီတို့ရဲ့ အမျိုးသမီးတွေရဲ့ ကိုယ်ဝန်ဖျက်ချခွင့် အထင်ကရ ဆုံးဖြတ်ချက်ကို ကွန်ဆာဗေးတစ်တွေကြီးစိုးတဲ့ တရားရုံးက ပြောင်းပြန်လှန်ပစ်လိုက်တာဖြစ်ပါတယ်။
အခြေခံဥပဒေက ကိုယ်ဝန်ဖျက်ချခွင့်ကို အပ်နှင်းထားခြင်းမရှိဘူးလို့ ၆-၃ မဲနှင့် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်မှာဖော်ပြထားပါတယ်။
“ နယူးယောက်ပြည်နယ်မှာ အခွင့်အရေးကိုအာမခံထားတယ်။ ကျွန်မတို့ အရေးယူဆောင်ရွက်မှုတွေလုပ်ပြီးပြီ။ ကျွန်မတို့ရဲ့ တစ်နိုင်ငံလုံးက ညီမတွေဒီမှာ နည်းလမ်းရှာလို့ရအောင်ကူညီနိုင်မယ့် ကျွန်မတို့ရဲ့ ကိုယ်ဝန်ဖျက်ချရေးဆောင်ရွက်ပေးသူတွေကို အကူအညီပေးဖို့ ဒေါ်လာ ၃၅သန်းလျာထားသတ်မှတ်ပေးပြီပြီ။ ဒီနေရာဟာ သူတို့အတွက် လုံခြုံတဲ့နေရာပဲ” လို့ နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး ကေသီဟိုချူလ်က ဆန္ဒပြချီတက်ပွဲမှာ သတင်းထောက်တွေကိုပြောပါတယ်။
မရွှင်မပျဖြစ်နေတဲ့ သမ္မတ ဂျိုးဘိုင်ဒင်က ဆုံးဖြတ်ချက်ဟာ အစွန်းရောက်အတွေးအခေါ်ကပေါက်ဖွားလာတဲ့ ကြေကွဲဖွယ်မှားယွင်းမှုတစ်ခုလို့ ခေါ်ဆိုလိုက်ပါတယ်၊တရားရုံံးနှင့် နိုင်ငံအတွက် ကြေကွဲစရာနေ့လို့လည်းသူကပြောပါတယ်။နိုင်ငံထဲက အမျိုးသမီးတွေရဲ့ကျန်းမာရေးနှင့်ဘဝတွေမှာ အခုအန္တရာယ်ရှိနေပြီလို့ သူက ပြေရင်း လိင်တူလက်ထပ်တာတို့ ကိုယ်ဝန်တားတာတို့စတဲ့ အခွင့်အရေးတွေလည်း နောက်ထပ်ခြိမ်းခြောက်လာနိုင်တယ်လို့ သူကသတိပေးပါတယ်။
နယူးယောက်က ဆန္ဒပြပွဲသူတစ်ဦးဖြစ်တဲ့ ဝင်ဒီအာဟတ်က “ ကျွန်အသက်၅၀ရှိပြီ။ ကျွန်မထက်အသက်ကြီးသူတွေကို ကျွန်မ ကျေးဇူးတင်ပါတယ်။ကျွန်မဘဝမှာ ဒီလိုအခွင့်အရေးဆုံးရှုံးရလိမ့်မယ်လို့ ဘယ်တုန်းကမှမတွေးမိခဲ့ဘူး။တုန်လှုပ်စရာပါ” လို့ပြောပါတယ်။
အင်ဒရူးရေးမင်းဆိုတဲ့အမျိုးသားတစ်ဦးက “ အမျိုးသမီးအခွင့်အရေးဟာ လူ့အခွင့်အရေးပဲဖြစ်တယ်။ ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ အခွင့်အရေးတစ်ခုချင်းစီကို ချေဖျယ်မယ့် ဆုံးဖြတ်ချက်တွေထဲက ဒါဟာပထမဆုံးတစ်ခုပဲ” လို့ပြောပါတယ်။
အလွန်မိုက်မဲတာပဲ။ ရိုးနှင့်ဝါဒီတို့ကိုကျော်လွန်ဆုံးဖြတ်ပြီး နှစ်၁၀၀နောက်ရောက်သွားပြီ။ ဒီမိုက်မဲမှုကို ကျွန်မတို့ ဆက်ပြီး တိုက်ကြရမယ်လို့လည်း ဆန္ဒပြသူ ဘရန်ဒီမီချတ်က ပြောပါတယ်။
ဒါပေမယ့် ဒါဟာ ဘုရားသခင်က ဆုံးဖြတ်ချက်ချလိုက်တာလို့ ရီပတ်ဗလင်ကင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပြောလိုက်ပြီး သူက ရားရုံးဆုံးဖြတ်ချက်ကို ချီးကျူးလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ထရမ့်အဆိုပြုခဲ့တဲ့ ကွန်ဆာဗေးတစ်တရားသူကြီးသုံးဦးဖြစ်တဲ့ နေးလ်ဂေါရှပ်၊ဘရက်ကဗာနားနှင့်အေမီကွန်နေဘာရက်တို့ ဒီဆုံးဖြတ်ချက်ကို လုပ်ဆောင်ခဲ့ပုံရပါတယ်။လစ်ဘရယ်တရားသူကြီးသုံးဦးကတော့ သူတို့နှင့် သဘောထားကလွဲလွဲခဲ့ကြပါတယ်။
ဒါပေမယ့် ကိုယ်ဝန်ဖျက်ခြခြင်းတားမြစ်တဲ့ ဥပဒေတွေကို ပြည်နယ်၁၃ခုကတော့ ချက်ခြင်းသဘောတူလက်ခံခဲ့ကြကြောင်း သိရပါတယ်။
Source AFP
Published 25 June 2022
စနေနေ့က နော်ဝေနိုင်ငံ အော်စလိုမြို့တော်ရှိ နိုက်ကလပ်တစ်ခုနဲ့ အနီးနားရှိလမ်းတွေမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း နော်ဝေရဲတပ်ဖွဲ့ကပြောကြားလိုက်ပါတယ်။
သံသယရှိသူဟာ တစ်ဦးတည်းပြစ်မှုကျူးလွန်ခဲ့တယ်လို့ယူဆရကြောင်း ရဲတွေကသတင်းထောက်တွေကိုပြောပြခဲ့ပါတယ်။
လန်ဒန်အရက်ဆိုင်နဲ့ အနီးနားရှိကလပ်တစ်ခုကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မိနစ်အနည်းငယ်ကြာပြီးနောက် အနီးနားရှိလမ်းပေါ်မှာ သံသယရှိသူကိုဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူ'တိုးဘာစတက်'က Aftenposten သတင်းစာကိုပြောကြားခဲ့ပါတယ်။
လန်ဒန်အရက်ဆိုင်ဟာ အော်စလိုမြို့လယ်မှာရှိပြီး ဂေးတွေလာရောက်တတ်တဲ့ နာမည်ကျော်ဘားနဲ့နိုက်ကလပ်နေရာဖြစ်ပါတယ်။
NRK ရုပ်သံမှဂျာနယ်လစ်'အိုလက်ဗ်ရိုအန်ဘာ့ဂ်'က "လူတစ်ယောက်က အိတ်တစ်အိတ်လွယ်လာပြီး သေနတ်တစ်လက်ထုတ်ကာ စတင်ပစ်ခတ်တာကို မြင်တွေ့ခဲ့ရပါတယ်" လို့ တင်ပြထားပါတယ်။
တိုက်ခိုက်ရတဲ့ရည်ရွယ်ချက်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
စနေနေ့နောက်ပိုင်းကျရင် အော်စလိုမြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ လိင်တူချစ်သူများပွဲတော်ကို ကျင်းပဖို့စီစဉ်ထားပါတယ်။
လူ ၂ ဦးသေဆုံးကာ ၁၄ ဦးကဒဏ်ရာပြင်းထန်စွာရပြီး ဆေးရုံတင်ထားရတယ်လို့ အော်စလိုရဲတပ်ဖွဲ့က တွစ်တာမှာဖော်ပြထားပါတယ်။
VG သတင်းစာ၊ NRK ရုပ်သံနဲ့ အခြားမီဒီယာတွေမှာဖော်ပြထားတဲ့ဓာတ်ပုံတွေထဲမှာတော့ လန်ဒန်အရက်ဆိုင်အပြင်ဘက်မှာ ရဲတွေ၊ လူနာတင်ယာဉ်ဝန်ထမ်းတွေနဲ့ အရေးပေါ်တာဝန်ရှိသူများစုရုံးနေကြတာကို မြင်တွေ့ရပါတယ်။
အော်စလိုမြို့လယ်ပေါ်ကနေ ရဟတ်ယာဉ်များပျံဝဲနေပြီး လူနာတင်ယာဉ်များနဲ့ ရဲကားဥဩသံတွေ မြို့တလျှောက်ကြားနေရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အော်စလိုတက္ကသိုလ်ဆေးရုံက အနီရောင်အဆင့်ထုတ်ပြန်ကြေညာထားပါတယ်။
Source: Reuters
Published 24 June 2022
မြောက်ကိုးရီးယားရဲ့ ကာကွယ်ရေးစွမ်းရည်တွေကို မြှင့်တင်ထားဖို့ မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်အမ်က ထိပ်တန်းစစ်တပ်အရာရှိကြီးတွေနှင့် အရေးကြီးအစည်းအဝေးအဆုံးသတ်နေ့မှာ သောကြာနေ့က အမိန့်ပေးခဲ့ပါတယ်။
ပြုံယမ်းဟာ ငါးနှစ်အတွင်းမှာ ပထမဆုံးအဖြစ် နျူကလီယားစမ်းသပ်မှုတွေ အချိန်မရွေးလုပ်နိုင်တယ်လို့ အမေရိကန်နှင့် တောင်ကိုးရီးယားအရာရှိတွေက ပြောဆိုနေတဲ့အလျောက် ယခုအစည်းအဝေးဟာ အနီးကပ်စောင့်ကြည့်ခံနေရပါတယ်။
ကင်မ်ဟာ သုံးရက်ကြာပြုလုပ်တဲ့ (၈)ကြိမ်မြောက် ဗဟိုစစ်ကော်မရှင်အစည်းအဝေးကို သဘာပတိအဖြစ် ဦဆောင်ကျင်းပ ခဲ့တာဖြစ်ပါတယ်။အဲဒီအစည်းအဝေးမှာ မြောက်ကိုးရီးယားရဲ့ စစ်အဟန့်အတားအစီအမံတွေကို ပိုမိုအားကောင်းအောင် မြှင့်တင်ဖို့ အတွက် စစ်ရေးဆိုင်ရာ အာမခံချက်တစ်ခုကို ထောက်ပံ့ရေး အရေးကြီးကိစ္စတစ်ခုကို အတည်ပြုခဲ့တယ်လို့ နိုင်ငံပိုင် ကေစီအင်န်အေ သတင်းက ပြောပါတယ်။
ဒါပေမယ့် သတင်းမှာ အစီအစဉ်ကို အသေးစိတ်ထုတ်မပြောသွားပါဘူး။ ဒါပေမယ့် တောင်ကိုးရီးယားကို ပစ်မှတ်ထားပုံရတယ်လို့ သုံးသပ်သူတွေက ပြောနေကြပါတယ်။
“ မြောက်ကိုးရီးယားဟာ ယင်းရဲ့ စစ်ဆေင်ရေးအစီအစဉ်အသစ်တွေမှာ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ အသုံးပြုနိုင်ခြေကို အဟန့်အတား ဆိုတဲ့ အသုံးအနှုံးအောက်ကနေ ထည့်သွင်းနိုင်တယ်။ အဲဒီအသုံးအနှုံးက နျူကလီးယား လုပ်နိုင်စွမ်းတွေကို ရည်ညွှန်းလေ့ရှိတယ်” လို့ ဆိုးလ်မြို့က အမျိုးသားပေါင်းစည်းရေးဆိုင်ရာ ကိုးရီးယားသိပ္ပံရဲ့ အကြိးတန်း ပညာရှင် ဟွန်မင်းက ပြောပါတယ်။
တောင်ကိုရီးယားရဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံတွေတည်ရှိနေတဲ့ ကိုးရီးယားကျွန်းဆွယ်ရဲ့ အရှေ့ဖက်ကမ်းခြေလို့ ဖြစ်ပုံရတဲ့ မြေပုံတစ်ခုနှင့် အလုပ်လုပ်နေကြတဲ့ မြောက်ကိုးရီးယား ထိပ်တန်းအရာရှိတွေရဲ့ ဓာတ်ပုံကို KNCA က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုးရီးယားအစည်းအဝေးနှင့်ပတ်သက်လို့ မေးတဲ့အခါ တောင်ကိုးရီးယားသမ္မတ ယွန်းဆတ်ယိုက ဆိုးလ်အနေနှင့် မြောက်ရဲ့ လှုပ်ရှားမှုတွေကို ထိထိမိမိတုန့်ပြန်ဖို့ ပြင်ဆင်နေတယ်လို့ပြောပါတယ်။
KNCA က မြောက်ကိုးရီးယားရဲ့ နျူးကလီးယား သို့မဟုတ် ဒုံးကျည်အစီအစဉ်တွေရယ်လို့ အတိအကျ ပြောဆိုခြင်းမရှိပေမယ့် မြောက်ကိုးရီးယားရဲ့ ဒုံးကျည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်နေတဲ့ ရီပြုန်းချိုလ်ကို ပါတီရဲ့ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ အဖြစ် ရွေးချယ်လိုက်တယ်လို့ ဖော်ပြထားပါတယ်။
“ ရီ ကို မြောက်ကိုးရီးယားရဲ့နျူကလီးယား ခေတ်မီတိုးတက်ရေးလုပ်ငန်းစဉ်မှာ အရေးကြီးနေရာထားလိုက်တာဟာ မဟာဗျူဟာနှင့်နည်းဗျူဟာမြောက် လက်နက်တွေကို အရှိန်မြှင့်လုပ်ဆောင်လိမ့်မယ်လို့ ပြသလိုက်တာဖြစ်တယ်” လို့ ဟွန်မင်းကပြောပါတယ်။
Source Reuters
Published 22 June 2022
မြန်မာနိုင်ငံမှ လူ့အခွင့်အရေးအုပ်စု အချို့နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက မြန်မာနစက ကာကွယ်ရေးဝန်ကြီးကို အစည်းအဝေးတွင် ချန်ထားခဲ့ရန်တောင်းဆိုနေသည့်ကြားက ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးဟာ ဗုဒ္ဓဟူးနေ့က ကမ္ဘောဒီးယားမှာ ကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း အေအက်ဖ်ပီက သတင်းရိုက်ကူးပေးပို့ပါတယ်။
ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ကမ္ဘောဒီးယား မြို့တော် ဖနွမ်းပင်ကို ဖိတ်ကြားဖို့ ကျန်တဲ့ အာဆီယံနိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးတွေ အားလုံး သဘောတူခဲ့ကြတာဖြစ်တယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး တီးဘန်းက ပြောတယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
Source AFP
Published 21 June 2022
လက်ရှိ G20 ဥက္ကဋ္ဌ ဖြစ်တဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ ဒီလကုန်မှာ မော်စကိုကို သွားရောက်ပြီး ရုရှားသမ္မတ ဗလက်ဒီမာပူတင်နှင့် တွေ့ဆုံစကားပြောမယ်လို့ အင်ဒိုနီးရှား နိုင်ငံပိုင်သတင်းအေဂျင်စီက လုံခြုံရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းထုတ်ပြန်ပါတယ်။
ယခုနှစ် G20 ထိပ်သီးအစည်းဝေးဟာ ယူကရိန်းစစ်ပွဲအရိပ်ထိုးခံနေရပီး အချို့ အနောက်နိုင်ငံတွေက ထိပ်သီးအစည်းအဝေးကို သပိတ်မှောက်ဖို့နှင့် ရုရှားကို အစည်းအဝေးကနေ ဖယ်ထုတ်ဖို့ ခြိမ်းခြောက်နေချိန်မှာ အင်ဒိုနီးရှားဟာ အုပ်စုအတွင်းညီညွတ်မှု ရရှိအောင် ကြိုးစားနေရတာြဖစ်ပါတယ်။
ဂျိုကိုဝီလို့ အများသိကြတဲ့ အင်ဒိုနီးရှားခေါင်းဆောင်ဟာ သမ္မတပူတင်နှင် ဇွန်၃၀ရက်မှာ တွေ့ဆုံမယ်လို့ နိုင်ငံပိုင်သတင်းဌာန အင်တာရာက ပြောပါတယ်။
“မှန်ပါတယ်။ ဒါဟာ သမ္မတရဲ့ အစီအစဉ်ပါ” လို့ လုံခြုံရေးညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီး မာဖဒ်အမ်ဒီက သမ္မတအိမ်တော်မှာ တနင်္လာနေ့က သတင်းထောက်တွေကိုပြောခဲ့ပါတယ်။
ကရင်မလင်သတင်းအရင်းအမြစ်ကို ကိုးကားပြီး ရုရှားအစိုးရသတင်းဌာန တပ်စ်ကလည်း ဒီသတင်းကို အတည်ပြုရေးသားပါတယ်။
ရုရှားကို မသွားခင်မှာ ဂျိုကိုဝီဟာ ဂျာမနီကိုသွားရောက်ပြီး ဇွန်၂၆ကနေ ၂၈ အထိ G7 ထိပ်သီးအစည်းအဝေး တက်ရောက်မှာဖြစ်ပါတယ်။ သူဟာ ရုရှားကိုမရောင်ခင် ယူကရိန်းမှာ တစ်ထောက်နားဖို့လည်း စဉ်းစာနေတယ်လို့ ပြည်တွင်းမီဒီယာတွေက ရေးသားကြပါတယ်။
နိုဝင်ဘာလမှာ ဘာလီတွင်ကျင်းပမယ့် G20ထိပ်သီးအစည်းအဝေးကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးကကိုလည်း ဖိတ်ကြားမယ်လို့ အင်ဒိုနီးရှားက ဧပြီလမှာကြေညာခဲ့ပါတယ်။ ဒါပေမယ့် ပူတင်ကိုဖိတ်ကြားတာကိုလည်း ပြန်ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ကနေဒါသမ္မတ ဂျပ်စတင် ထရူးဒေါ နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့ဟာ ရုရှားသမ္မတ တက်ရောက်မှာကို ဆန့်ကျင်သူတွေအထဲမှာ ပါဝင်နေပါတယ်။
ဘယ်လိုဖြစ်ဖြစ် တက်မယ်လို့ ဩစတြေလျဝန်ကြီးချုပ် အန်သိုနီအယ်ဘန်နီဆီက ဒီလအတွင်း ဂျာကာတာရောက်စဉ် အတည်ပြုခဲ့ပါတယ်။
Source: Reuters
Published 20 June 2022
အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာ တနင်္ဂနွေနေ့က သေနတ်ပစ်မှုဖြစ်ခဲ့ရာ လူတစ်ဦသေဆုံးပြီး အများအကြား ဒဏ်ရာရသွားတယ်လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။
မြို့ပြရဲဌာနပြောရေးဆိုခွင့်ရသူက မိုချီလာပွဲမှာ လေးဦးသေနတ်အပစ်ခံရတာဖြစ်ပြီး အဲဒီလေးဦးထဲမှာ ရဲအရာရှိတစ်ဦးပါဝင်တယ်လို့ ဖောက်စ်သတင်းဌာနကိုပြောပါတယ်။
မြို့ပြရဲဌာန ရဲမှူး ရောဘတ်ဂျေကွန်တီးက သေဆုံးသူမှာ အသက်၁၅နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးဖြစ်ကြောင်း နောက်ပိုင်းမှာ ထပ်ပြောပါတယ်။ သူဟာ အခင်းဖြစ်ပွားရာမှာပဲ သေဆုံးခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေဟာ လူကြီးနှစ်ဦးနှင့်ရဲအရာရှိတစ်ဦး ဖြစ်တယ်လို့သိရပါတယ်။ဒဏ်ရာရသူတွေကို ဆေးရုံတင်ပို့လိုက်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
သေနတ်ပစ်ခတ်မှုဟာ ညနေ (၆)နာရီခန့်မှာ ဖြစ်ပွားခဲ့တာပါ။ အခင်းဖြစ်ရာကိုရိုက်ကူးထားတဲ့ ဗွီဒီယိုတစ်ခုမှာ လူတော်ေတော်များများဟာ လမ်းပေါ်မှာလဲကျနေပြီး အရာရှိတွေက ကူညီနေကြတာတွေ မြင်ရပါတယ်။
Source: Fox News
Page 154 of 202