#LocalNews
Published - 13 May 2022
စစ်ကိုင်း တောင်ရိုးရှိ ကျွန်းလှဗုဒ္ဓတက္ကသိုလ်နှင့် အိန္ဒိယနိုင်ငံ ပန်ချာပီတက္ကသိုလ်နှစ်ခုတို့ကြား နာလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမှုကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အိန္ဒိယနိုင်ငံမှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
အဆိုပါ နားလည်မှုစာချွန်လွှာတွင် ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ ဖလှယ်ခြင်း၊ ပညာ ရေးဆိုင်ရာအစီအစဉ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပီပြင်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ အခြားအကျိုးရှိမည့် အစီအစဉ်များ ဖွံ့ဖြိုးတိုးတက်အောင်စီစဉ်ဆောင်ရွက်ခြင်း၊ ပူးတွဲညီလာခံနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ ပညာရေးဆိုင်ရာ အချက်အလက်များဖလှယ်ခြင်း စသည့်အချက်အလက်များပါဝင်တယ်လို့ IBEC သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဆိုပါ တက္ကသိုလ်ဟာ အိန္ဒိယနိုင်ငံ ပန်ဂျပ်မြို့၊ Patiala တွင် တည်ရှိသော တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။
PUP ကို ၁၉၆၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ဟီဘရူးတက္ကသိုလ်ပြီးနောက် အစ္စရေးဘာသာစကားဖြင့်အမည်ပေးသည့် ကမ္ဘာပေါ်တွင် ဒုတိယမြောက် တက္ကသိုလ်ဖြစ်တယ်လို့ သိရပါတယ်။
IBEC ဆရာတော်နှင့်အဖွဲ့သည် ကျွန်းလှဗုဒ္ဓတက္ကသိုလ် (KBU)နှင့် အိန္ဒိယနိုင်ငံ ပန်ချာပီ တက္ကသိုလ် ၊ နီပေါနိုင်ငံ၊ လုမ္ဗိနီဗုဒ္ဓတက္ကသိုလ်တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရန် စစ်ကိုင်းမှ ရန်ကုန်သို့ မေလ ၅ ရက်နေ့က စတင်ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။
ခရီးစဉ်အတွင်း IBEC ဆရာတော်နှင့် နိုင်ငံတကာပညာရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖြစ်တဲ့ Kyunhla Buddhist University ကိုယ်စားလှယ်အဖွဲ့တို့သည် သံဝေဇနိယလေးဌာနသို့ သွားရောက်လေ့လာခဲ့တယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ - IBEC သတင်းထုတ်ပြန်ရေးအဖွဲ့
ymg/kg
#Yangon_Media_Group
#LocalNews
Published_13 May 2022
နိုင်ငံတကာလေကြောင်းလိုင်း ပျံသန်းမှုလုပ်ငန်းများ ပြန်လည်အသက်ဝင်လာပြီးနောက် ခရီးသွား e-Visa လျှောက်ထားခြင်း လုပ်ငန်းစဉ်များကို မေလ ၁၅ ရက်မှ စတင်၍ ခွင့်ပြုတော့မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သိရသည်။
မေလ ၁၂ ရက်ကလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနှင့် e-Visa စနစ်ကို ပူးပေါင်းဆောင်ရွက်နေသည့် Myanmar Easenet ကုမ္ပဏီတို့မှ တာဝန်ရှိသူတိုက Online e-Visa စနစ်ဖြင့် Tourist Visa (ကမ္ဘာလှည့်ဗီဇာ) ပြန်လည်ခွင့်ပြုထုတ်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ကြသေးသည်။
Online e-Visa စနစ်ဖြင့် e-Visa (ကမ္ဘာလှည့်)ကို နိုင်ငံပေါင်း ၁၀၀၊ e-Visa (လုပ်ငန်း)ကို နိုင်ငံပေါင်း ၅၅ နိုင်ငံ ခွင့်ပြုဆောင်ရွက်နေရာမှ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှစ၍ ယာယီရပ်ဆိုင်း ထားခဲ့ရာ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သိသိသာသာ လျော့နည်းကျဆင်းလာမှုကြောင့် e-Visa ဖြင့် (Business) လုပ်ငန်းဗီဇာကို ဧပြီလ ၁ ရက်မှ ပြန်လည်ခွင့်ပြုပေးခဲ့ပြီးနောက် ဧပြီလ ၁၇ ရက်မှစ၍လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံတကာလေကြောင်းလိုင်းများကို ပြန်လည်ဝင်ထွက်ပျံသန်းခွင့်ပြုခဲ့ရာ e-Visa (Business) ဖြင့် လျှောက်ထားဝင်ရောက်လာမှုများ ရှိခဲ့ကြောင်း သိရသည်။
ယင်းကြောင့် e-Visa (Tourist) ကမ္ဘာလှည့်ဗီဇာကို ခွင့်ပြုချက်အရ ခွင့်ပြုဆောင်ရွက်ရန်ရှိရာ နိုင်ငံအတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများကို အဆင်ပြေစေရေးအတွက် e-Visa (ကမ္ဘာလှည့်)ဖြင့် ဝင်ရောက်လာမည့် နိုင်ငံခြားသားများ ခွင့်ပြုချက် လျှောက်ထားရာတွင် အချက်အလက် ပြည့်စုံမှန်ကန်စေရေးကိစ္စများကို ထပ်မံလုပ်ဆောင်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားရာ၌ e-Visa( Tourist) ခရီးသွားပြည်ဝင်ဗီဇာများ ကို မေလ ၁၅ ရက်မှစ၍ https://evisa.moip.gov.mm တွင် ဝင်ရောက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပါရှိသည်။
ymg/mt
#Yangon_Media_Group
#DailyNews
Published - 13 May 2022
၁။ ကဆုန်လပြည့်နေ့တွင် ပန်းတစ်ပွင့်တောင်၌ ဘုရားထီးတင်ခြင်း၊ စေတီတော်ပန္နက်ရိုက်ခြင်းနှင့် ညောင်ရေသွန်းလောင်းပူဇော်ခြင်းများ ကျင်းပပြုလုပ်မည်။
၂။ မန္တလေးမြို့တွင် သံအုပ်စုဖွဲ့လုယက်သူများကြောင့် မြို့နေဒေသခံများ စိုးရိမ်နေရ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ တိုကျိုမှ ခေတ်မီသန့်စင်ခန်းများအကြောင်း ဂျာမန်ဒါရိုက်တာကြီးတစ်ဦးက ဇာတ်ကားရိုက်ကူးသွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldPolitics
Published 13 May 2022
ဖင်လန်နိုင်ငံမှ ခေါင်းဆောင်များက နေတိုး(NATO)အဖွဲ့သို့ ဝင်ရောက်ပူးပေါင်းရန် လျှောက်ထားသွားဖို့ ကြာသပတေးနေ့က ဖွင့်ဆိုလာကြပြီး ဆွီဒင်နိုင်ငံကလည်း အလားတူသဘောမျိုးဆောင် ရွက်သွားဖို့ ရှိနေပါတယ်။
ရုရှားသမ္မတ’ဗလာဒီမီယာပူတင်’ ယူကရိန်းကို ကျူးကျော်တာ ၂ လခွဲရှိလာတဲ့အချိန်မှာ ရုရှားအိမ်နီးချင်းတွေကလည်း ကျူးကျော်ခံရမှာကို စိုးရိမ်လာတာကြောင့် ဥရောပတိုက်မှာ နိုင်ငံရေးချိန်ခွင်လျှာ သမိုင်းဝင်အပြောင်းအလဲ ဖြစ်လာဖိုရှိနေပါပြီ။
ရုရှားအုပ်ချုပ်ရေးအခြေစိုက် ကရန်မ်လင်အိမ်တော်ကတော့ စစ်ရေးအချက်အခြာ ဆောင်ရွက်ချက်များဖြင့် တုန့်ပြန်သွားမယ်လို့ တန်ပြန်သတိပေးလိုက်ပါတယ်။
လက်ရှိယူကရိန်း-ရုရှားစစ်ပွဲမှာ ရုရှားတပ်တွေက ယူကရိန်းအလယ်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းတို့မှာ ဖိနှိပ်ချေမှုန်းလျက်ရှိပြီး ဒွန်ဘက်စ်စက်မှုဇုန်ဒေသကို သိမ်းယူတဲ့နေရာမှာ အချက်အခြာကျတဲ့ မာရီယူပိုလ်မြို့ကိုလည်း တိုက်ခိုက်ခဲ့ကြပါတယ်။
ယူကရိန်းတပ်တွေကတော့ အရှေ့မြောက်ဒေသများရှိ မြို့ရွာအချို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။
ပဋိပက္ခ စတင်ချိန်ကစလို့ ရုရှားစစ်သားတစ်ယောက်ကို စစ်ရာဇဝတ်မှုဖြင့် ပထမဆုံးအကြိမ်အဖြစ် သောကြာနေ့ကျရင် မြို့တော်ကိဗ်မှာ ရုံးတင်စစ်ဆေးသွားဖို့စီစဉ်ထားပါတယ်။
ရုရှားတင့်ကားတပ်မှ အသက် ၂၁ နှစ်ရှိ စစ်သားတစ်ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး စစ်ပွဲအစပိုင်းရက်သတ္တပတ်မှာ စက်ဘီးစီးလာတဲ့ အရပ်သားတစ်ဦးကို အသေပစ်သတ်ခဲ့ခြင်းကြောင့် စွပ်စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။
ဖင်လန်နိုင်ငံသမ္မတနဲ့ ဝန်ကြီးချုပ်တို့က နေတိုးအဖွဲ့ထဲဝင်ရောက်ရန် ချက်ချင်းလျှောက်ထားဖို့ကြေညာခဲ့ပါတယ်။
ဆိုဗီယက်ပြည်ထောင်စုရန်ကို ကာကွယ်ဖို့အတွက် နေတိုးတပ်ဖွဲ့ကြီးကို စစ်ရေးအရဖွဲ့စည်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။
နိုင်ငံ့ပါလီမန်လွှတ်တော်က အတည်ပြုဖို့ လိုသေးပေမယ့် သမ္မတရဲ့ကြေညာချက်က ဖင်လန်အနေနဲ့ လျှောက်တင်သွားဖို့သေချာနေပြီး အပြီးသတ်အောင်မြင်ဖို့ကတော့ လနဲ့ချီစောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။
အလားတူ ဆွီဒင်နိုင်ငံကလည်း နေတိုးတပ်ဖွဲ့ရဲ့ ကာကွယ်မှုအောက် ခိုလှုံလာဖွယ်ရှိနေပါတယ်။
နေတိုးအဖွဲ့က လက်ခံလိုက်မယ်ဆိုရင်တော့ ဒါဟာ ဥရောပလုံခြုံရေး ပထဝီနယ်နိမိတ်မှာ ပြောင်းလဲမှုကြီးတစ်ရပ် ဖြစ်ပေါ်လာမှာပါ။
ဘာကြောင့်လဲဆိုတော့ ဆွီဒင်နိုင်ငံက နှစ်ပေါင်း ၂၀၀ ကျော်တိုင်အောင် စစ်ရေးမဟာမိတ်ပူးပေါင်းခြင်းကို ရှောင်ဖယ်နေခဲ့သလို ဖင်လန်ကလည်း ဒုတိယကမ္ဘာစစ်မှာ ဆိုဗီယက်ကို ရှုံးနိမ့်ပြီးနောက် ကြားနေနိုင်ငံအဖြစ်သာ ရှိနေခဲ့ပါတယ်။
ယူကရိန်းကို တိုက်ခိုက်လာတဲ့ ရုရှားစစ်ကြောင်းအရ နောင်တစ်ချိန်မှာ တိုက်ခိုက်ခံလာရဖွယ်ရှိနေတဲ့ အဆိုပါ နှစ်နိုင်ငံဟာ စိုးရိမ်ထိတ်လန့်နေရပြီး အများပြည်သူတွေရဲ့ အမြင်ကလည်း နေတိုးအဖွဲ့ဝင်ဖြစ်လာဖို့ ဆန္ဒရှိနေကြပါတယ်။
ဥရောပမဟာမိတ်အဖွဲ့သာ အင်အားတိုးချဲ့လာမယ်ဆိုရင် ရုရှားအနေနဲ့ ဘော်လ်တိတ်ပင်လယ်နဲ့ အာတိတ်ပင်လယ်ဒေသတို့မှာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေ ဝန်းရံခြင်းကို ခံလာရဖွယ်ရှိနေပါတယ်။
‘ပူတင်’က ဥရောပကိုပိုင်းခြားပြီး နေတိုးတပ်ဖွဲ့တွေ နောက်ပြန်ဆုတ်စေဖို့ ရည်ရွယ်ပြုလုပ်ခဲ့ပေမယ့် အခုတော့ဆန့်ကျင်ဘက် အခြေအနေဖြစ်လာနိုင်ဖွယ် ရှိပါတယ်။
နေတိုးအထွေထွေအတွင်းရေးမှူးချုပ်’ယန်းစ်စတိုလ်တန်ဘာ့ဂ်’က ဖင်လန်နဲ့ဆွီဒင်တို့ကို မဟာမိတ်အဖွဲ့ကနေ ကြိုဆိုကြောင်း ပြောကြားလိုက်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးက “နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်လာမှုမှန်သမျှ စစ်ရေးအရရော အခြားအတိုင်းအတာများဖြင့်ပါ တုန့်ပြန်သွားရမှာပါ” လို့ သတိပေးလိုက်ပါတယ်။
Source: AP News
#Yangon_Media_Group
#Local_News
Published_ 13 May 2022
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) ဘောလုံးပြိုင်ပွဲရဲ့ အမျိုးသား ယူ ၂၃ အုပ်စုပွဲစဉ်အဖြစ် အိမ်ရှင် ဗီယက်နမ်အသင်းနှင့် မြန်မာအသင်းတို့ ဒီနေ့ မေ ၁၃ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အုပ်စုပွဲ ၂ ပွဲကစားပြီးချိန်မှာ ၂ ပွဲစလုံး အနိုင်ရရှိထားကာ ရမှတ် ၆ မှတ်ဖြင့် အုပ်စုပထမနေရာမှာ ရပ်တည်နေပြီး အိမ်ရှင် ဗီယက်နမ်က ၂ ပွဲကစား ရမှတ် ၄ မှတ်နဲ့ အုပ်စု တတိယနေရာမှာ ရှိနေပါတယ်။
မြန်မာအသင်းအနေနဲ့ ဒီနေ့ကစားမယ့် အိမ်ရှင်ဗီယက်နမ်အသင်းကို အနိုင်ရရှိပါက ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာအသင်း ယှဉ်ပြိုင်ကစားပြီးဖြစ်တဲ့ အုပ်စုပွဲစဉ် ၂ ပွဲမှာ တီမောနဲ့ ဖိလစ်ပိုင် အသင်းတို့ကို ၃-၂ ဂိုးစီနဲ့ အနိုင်ရရှိထားပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 13 May 2022
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက မေရီချက်ပ်မင်း နားမကြားသော ကလေးများကျောင်းရှိကလေးငယ်တွေအတွက် သိန်း(၂၅၀)ကျော်တန်ဖိုးရှိ စားသောက်ကုန်များ လှူဒါန်းပေးအပ်ခဲ့ပါတယ်၊၊
၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ သံရုံးအနေနဲ့ ကျောင်းရှိဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် မြန်မာကျပ်ငွေ ၂၅,၄၃၅,၀၀၀ တန်ဖိုးရှိ စားသောက်ကုန်များလှူဒါန်းပေးအပ်ပြီးကျောင်းရဲ့ယခုပညာသင်နှစ်နဲ့ ၂၀၂၂ ခုနှစ်နွေရာသီသင်တန်း စာသင်ကြားမှုနဲ့ နေထိုင်မှုတွေအတွက် ထောက်ပံ့ကူညီပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်၊၊
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ၂၀၁၈ ခုနှစ်မှစပြီး မေရီချက်ပ်မင်း နားမကြားသော ကလေးများကျောင်းထံသို့ စားသောက်ကုန်များ လှူဒါန်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published - 13 May 2022
ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ဖို့ကျန်နေတဲ့ ကုမ္ပဏီ (၁၇၇)ခုအနက် ကုမ္ပဏီ(၁၅၈)ခုကို ဥပဒေအရ အရေးယူဆောင်ရွက်နေတာတွေ၊ ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်တွေကို အမည်မည်းစာရင်းကြေညာခဲ့တာတွေ ဆောင်ရွက်ခဲ့ပြီးနောက် ကျန်ရှိနေတဲ့ကုမ္ပဏီ(၁၉)ခုကိုလည်း ထပ်မံအရေးယူနေသလို ဒါရိုက်တာအဖွဲ့ဝင်တွေကိုလည်း အမည်မည်းစာရင်းထည့်သွင်းကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကမေလ(၁၂)ရက်မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်၊၊
၂၀၁၆ ခုနှစ်မှ ၂၀၁၈ခုနှစ်အတွင်း ပို့ကုန်ပို့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ဖို့ကျန်နေတဲ့ ကုမ္ပဏီ (၁၇၇)ခု အနက်ကုမ္ပဏီ(၁၅၈)ခုကို ဦးစွာအရေးယူဆောင်ရွက်တာ၊ အမည်မည်းစာရင်းကြေညာခဲ့ပြီးနောက် ကျန်ရှိနေတဲ့ကုမ္ပဏီ(၁၉)ခုကိုလည်း ဆက်လက်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်၊၊
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ဆက်လက်ပြီးတော့လည်း ကျန်ရှိနေသေးတဲ့ ပို့ကုန်ရငွေ မဝင်တဲ့ ကုမ္ပဏီတွေကို စိစစ်ပြီးအရေးယူသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်၊၊
ymg/tthl
#Yangon_Media_Group
Page 1793 of 1972