မေ၃၁၊နယူးဒေလီ-မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှု အလားအလာများကို အာဆီယံနှင့် တရုတ်နိုင်ငံ  တို့သို့ ဆက်သွယ်ချိတ်ဆက်ပေးမည့် မဟာဗျူဟာမြောက် ကုန်းတွင်းတံတား (Land Bridge) သဖွယ် ရပ်တည်နေပြီး၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ရေရှည်မျှဝေခံစားကြမည့် "Win-Win" အခြေအနေတစ်ရပ်ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထုတ်ဖော်ပြောကြားလိုက်   သည်။

ယနေ့ မေ၃၁ရက် နံနက်ပိုင်းက အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Taj Mahal ဟိုတယ်တွင် ကျင်းပ  ပြုလုပ်သော မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတက အထက်ပါအချက်ကို အဓိကထား အလေးပေးပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဆင့်မြင့်ဆွေးနွေးပွဲ   သို့ မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုဝန်ကြီးများ၊ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ကိုယ်စားလှယ်  များနှင့် အိန္ဒိယနိုင်ငံဘက်မှ FICCI၊ CII အစရှိသည့် ထိပ်တန်းစီးပွားရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံသူများ တက်ရောက်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတ၏ ယခု တရားဝင်ခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒ (Act East Policy) နှင့် အိမ်နီးချင်းဦးစားပေးမူဝါဒ (Neighbourhood First Policy) တို့ကို ပိုမိုခိုင်မာစေရန်နှင့် ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ရန် ရည်ရွယ်ထားသည်။ လက်ရှိတွင် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် နှစ်စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့်ရှိနေပြီး၊ အိန္ဒိယဘက်မှ ပို့ကုန်များဖြစ်သည့် သံနှင့် သံမဏိ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆေးဝါးများကို မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံထုတ်လုပ်ရန် ဖိတ်ခေါ်ခဲ့သည်။

mmindia

အထူးသဖြင့် မြန်မာနိုင်ငံ၏ ဆေးဝါးလိုအပ်ချက် ၆၀ ရာခိုင်နှုန်းခန့်ကို အိန္ဒိယမှ တင်သွင်းနေရသဖြင့် ပြည်တွင်း၌ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများစွာ   ရှိကြောင်းလည်း သမ္မတက ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ကျယ်ဝန်းသော စိုက်ပျိုး   မြေနှင့် အိန္ဒိယ၏ နို့ထွက်ပစ္စည်းထုတ်လုပ်မှု နည်းပညာတို့ကို ပေါင်းစပ်ကာ စားရေရိက္ခာနှင့် တန်ဖိုးမြှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်ကိုလည်း အလေးထား ဆွေးနွေးခဲ့သည်။

အခြေခံအဆောက်အအုံနှင့် ချိတ်ဆက်မှုကဏ္ဍတွင်လည်း ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး  စီမံကိန်း (Kaladan Multi-Modal Transit Transport Project) နှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး (Trilateral Highway) တို့သည် နှစ်နိုင်ငံကုန်သွယ်မှုကိုသာမက အာဆီယံ-အိန္ဒိယ စီးပွားရေးစင်္ကြံကိုပါ ဖွင့်လှစ်ပေးမည့် သော့ချက်များဖြစ်ကြောင်း သမ္မတက အလေးပေး   ပြော   ကြားခဲ့သည်။ ထို့ကြောင့် အဆိုပါ စီးပွားရေးစင်္ကြံများတစ်လျှောက်ရှိ အထူးစီးပွားရေးဇုန်များ (SEZs) နှင့် ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံ (Logistics Hubs) များတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်  အလမ်းကောင်းများ ရှိနေကြောင်း သူက ထည့်သွင်းပြောကြားခဲ့ပြီး ပြင်ဦးလွင်မြို့အနီးရှိ ရတနာပုံ   ဆိုက်ဘာစီးတီး စီမံကိန်းတွင်လည်း အိန္ဒိယ IT ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းခဲ့သည်။

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုချောမွေ့စေရေးအတွက် ၂၀၂၄ ခုနှစ်တွင် စတင်ခဲ့သော Special Rupee Vostro Account (SRVA) ကို အသုံးပြုသည့် ရူပီး-ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်သည် နှစ်နိုင်ငံ စီးပွားရေးအတွက် များစွာအထောက်အကူပြုလျက်ရှိကြောင်း သိရသည်။ ဆွေးနွေးပွဲအတွင်း အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်များ၏ သိရှိလိုသည့် မေးမြန်းချက်များကိုလည်း သက်ဆိုင်ရာ ပြည်ထောင်စု  ဝန်ကြီးများက ငွေကြေးလွှဲပြောင်းမှုနှင့် အခွန်ကောက်ခံမှုစနစ်ဆိုင်ရာ ဖြေလျှော့မှုများကိစ္စအပါအဝင် အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့တွင် ရွေးကောက် ခံ အစိုးရသစ်ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ကာ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ဆက်လက်  လျှောက်လှမ်းနေကြောင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို အာမခံချက်ပေးခဲ့သည်။ ဂေဟစနစ်နှင့် စီးပွားရေးဟန်ချက်ညီမှုကို အလေးထားသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု (Responsible Investment) များကို အပြည့်အဝ ကာကွယ်ပေးသွားမည်ဖြစ်၍ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်   များအနေဖြင့် ယုံကြည်စိတ်ချစွာ လာရောက်လုပ်ကိုင်ကြရန် သူကတိုက်တွန်းပြောကြားခဲ့သည်။

mmindia business meet president speech info2x