#LocalNews

Published - 23 Dec 2021

 

ပြည်ပနိုင်ငံတွေကနေတဆင့် မြန်မာနိုင်ငံကိုဝင်ရောက်လာသူတွေအနေနဲ့ ပြည်တွင်းရောက်ရှိလာပါက အသွားအလာကန့်သတ်စောင့်ကြည့်မှု Quarantine ကာလနဲ့ ဆေးစစ်မယ့်အခြေအကြိမ်ရေ ပြင်ဆင်ပြောင်းလဲလိုက်တယ်လို့ သိရပါတယ်။

 

လတ်တလောမှာ နိုင်ငံအချို့တွင် ကိုဗစ်ရောဂါရဲ့ဗီဇပြောင်းမျိုးကွဲဖြစ် အိုမီခရွန် ရောဂါကူးစက်မှုရှိနေတာကြောင့် ပြည်ပကပြန်လည်ရောက်ရှိလာသူတွေကတဆင့် ပြည်တွင်းကူစက်မှုမရှိစေရေး ယခုလိုပြင်ဆင်သတ်မှတ်လိုက်တာလို့ သိရပါတယ်။

 

ပြင်ဆင်သတ်မှတ်မှုအရ ကာကွယ်ဆေးထိုးထားပြီး မြန်မာနိုင်ငံသို့မရောက်မှီ (၇၂) နာရီအတွင်း PCR စစ်ဆေးထားသည့် အထောက်အထားပါလာသူများအနေနဲ့ Quarantine (၇)ရက် ဆေးစစ်မည့်အကြိမ်ရေ (၂)ကြိမ် ဖြစ်ကာ Quarantine ဝင်ရောက်တဲ့ ၁ ရက်မြောက်နေ့နှင့် ၆ ရက်မြောက်နေ့တို့ဖြစ်ပါတယ်။

 

ဒါ့အပြင် ကာကွယ်ဆေးထိုးထားသော်လည်း လွန်ခဲ့သည့် (၇၂) နာရီအတွင်း PCR စစ်ဆေးထားသည့်အထောက်အထားမပါလာသူများအနေနဲ့ Quarantine (၇) ရက် ဆေးစစ်မည့်အကြိမ်ရေ (၃) ကြိမ်ဖြစ်ကာ Quarantine ဝင်ရောက်တဲ့ ၁ ရက်မြောက် ၊ ၃ ရက်မြောက် ၊ ၆ ရက်မြောက်နေ့များဖြစ်တယ်လို့ သိရပါတယ်။

 

ဆက်လက်ပြီးlကာကွယ်ဆေးမထိုးထားသူများအနေနဲ့ Quarantine (၁၀) ရက်ဝင်ရောက်ရမည်ဖြစ်ပြီး ဆေးစစ်မည့်အကြိမ်ရေ (၃) ကြိမ် ဖြစ်ကာ Quarantine ဝင်ရောက်တဲ့ (၁) ရက်မြောက် ၊ (၃)ရက်မြောက် ၊ (၇)ရက်မြောက်နေ့တွေမှ ာစစ်ဆေးရမှာဖြစ်တယ်လို့ သိရပါတယ်။

 

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးမှာဒီဇင်ဘာလ၂၂ ရက်နေ့၊ ညနေ ၅ နာရီအချိန်အထိ နိုင်ငံပေါင်း (၁၀၄) နိုင်ငံတို့တွင် ပျံ့နှံလျက်ရှိကာ အတည်ပြုလူနာ စုစုပေါင်း (၁၀၅,၃၂၃) ဦး ရှိပြီး အာဖရိကနိုင်ငံများ၊ ဥရောပနိုင်ငံများ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ဩစတြေးလျနိုင်ငံ အစရှိသည်တို့တွင် အတည်ပြုတွေ့ရှိရပြီးဖြစ်တဲ့အပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒေသတွင်းနိုင်ငံများဖြစ်သော သီရိလင်္ကာနိုင်ငံ၊ နီပေါနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မော်လဒိုက်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့တွင်လည်း ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

#Yangon_Media_Group