#LocalNews

Published - 23 Dec 2021

 

လူသားချင်းစာနာထောက်ထားမှုအရ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာနေထိုင်ရသူများအတွက် နေအိမ်အမိုးအကာများကို တည်ဆောက်ပေးလျက်ရှိကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး၏ ရုံး (UNHCR) က ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

 

နေအိမ်အမိုးအကာပံ့ပိုးမှုသည် UNHCR ၏ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာလုပ်ငန်း၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာနေထိုင်ရသူများ ဂုဏ်သိက္ခာရှိရှိဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် ရည်ရွယ်တယ်လို့ UNHCR က ဆိုပါတယ်။

 

ယခုဆောက်လုပ်ပေးနေသည့် အဆောက်အဦးများသည် တာရှည်ခံပြီး ကြမ်းတမ်းသောရာသီဥတုဒဏ်ကို ပိုမိုကောင်းမွန်စွာ ခံနိုင်ရည်ရှိသည့် အရည်အသွေးမြင့်ပစ္စည်းများကိုအသုံးပြုကာ တည်ဆောက်ထားသည့် အိမ်တန်းရှည်များဖြစ်ကြောင်း၊ ဒါ့အပြင် နေထိုင်သူမိသားစုများ၏ လိုအပ်ချက်များနှင့် ပုဂ္ဂလိကလိုအပ်ချက်များကို လိုက်လျောညီထွေဖြစ်စေမည့် ပြင်ဆင်မှုများပြုလုပ်ထားကြောင်း UNHCR ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ထို့အပြင် UNHCR အနေနဲ့ ရခိုင်ပြည်နယ်နေရာအနှံ့အပြားရှိ ကျေးရွာများနှင့် နေရပ်စွန့်ခွာသူများနေထိုင်ရာစခန်းများသည် လျှပ်စစ်မီးရရှိခြင်းမရှိသည့်အတွက် နေရောင်ခြည်သုံးလမ်းမီးတိုင်များကိုလည်း တပ်ဆင်ပေးလျက်ရှိကြောင်း UNHCR က ဆိုပါတယ်။

#Yangon_Media_Group