Published 16 December 2021

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလိုက်လံထိုးနှံပေးပြီး ပြန်လည်ထွက်ခွာလာတဲ့ ကွတ်ခိုင်ပြည်သူ့ ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီးအား လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ နစက ရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဖြစ်စဉ်မှာ ကွတ်ခိုင်မြို့၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီး ၅ ဦးနှင့် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင် ဦးစီး ၅ ဦးတို့သည် ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာ၌ ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီမှ စတင်၍ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ညနေ ၆ နာရီခန့်တွင် မော်တော်ယာဉ် ၂ စီးဖြင့် တာမိုးညဲသို့ ပြန်လည် ထွက်ခွာလာရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစီးအဖွဲ့သည် တာမိုးညဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ကာကွယ်ဆေးထိုးနှံမှုမှတ်တမ်း ခေတ္တဝင်ရောက်ယူနေစဉ် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင်နှင့် ၅ ဦးပါ အဖွဲ့သည် ကွတ်ခိုင်မြို့သို့ ဆက်လက်ထွက်ခွာခဲ့တယ်လို့သိရပါတယ်။

 

ထိုသို့ ထွက်ခွာလာခဲ့စဉ် ည ၇ နာရီ ၁၅ မိနစ်အချိန်ခန့် မော်ဟန်နှင့် နောင်ချိုကျေးရွာဟောင်းအကြား ရောက်ရှိစဉ် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ (စိစစ်ဆဲ)က မော်တော်ယာဉ်အား ရပ်တန့်ခိုင်း၍ ယာဉ်ပေါ် ပါလာသူများအား ဆင်းခိုင်းခဲ့ပြီး ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင် တစ်ဦးတည်းကိုသာ လက်နက်ငယ်ဖြင့် အနီးကပ်  ပစ်ခတ်ခဲ့သဖြင့် နေရာ၌ပင် ထိမှန်ဒဏ်ရာများဖြင့် လဲကျခဲ့ပါတယ်။

 

အဆိုပါ လက်နက်ကိုင်အဖွဲ့က ကျန်ရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် မော်တော်ယာဉ်အား မီးပိတ်၍ တာမိုးညဲဘက်သို့ ပြန်လည်မောင်းနှင်ရန် ပြောကြားခဲ့၍ ပြန်လည်မောင်းနှင်ခဲ့ရာ တာမိုးညဲ၌ ကျန်ရှိခဲ့သည့် ဒုတိယမြို့နယ် ဦးစီးမှူးအဖွဲ့သည် ကွတ်ခိုင်သို့ ည ၈ နာရီ ၄၅ မိနစ် ခန့်တွင် ရောက်ခဲ့သော်လည်း မြို့နယ်ဆရာဝန်ကြီးနှင့်အဖွဲ့များ ရောက်ရှိမှု မရှိသဖြင့် လိုက်လံဆက်သွယ်ခဲ့ရာ ည ၁၁ နာရီ ခန့်တွင် မြို့နယ်ဆရာဝန်ကြီး၏ ယာဉ်မောင်းက အထက်ပါ ဖြစ်စဉ်ကို ဖုန်းဖြင့် သတင်း ပို့ခဲ့ရာတွင် လက်နက်ကိုင်များအနေဖြင့် ညအမှောင်ထုအတွင်းမှ ၎င်းတို့အား ကားပေါ်မှဆင်းစေရန် ဗမာဘာသာစကားဖြင့် ပြောကြားခဲ့ကြောင်း၊ သို့ရာတွင် ၎င်းတို့အချင်းချင်းပြောဆိုရာ၌ ဂျိမ်းဖောဘာသာစကားသံဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

 

 ထို့နောက် လုံခြုံရေးတပ်ဖွဲ့များနှင့် ဒေသခံလူမှုရေးအဖွဲ့တို့မှ လိုက်လံရှာဖွေ ခဲ့ရာ နောင်ချိုကျေးရွာ ဟောင်းအနီး တာမိုးညဲ-ကွတ်ခိုင်သွား ကားလမ်းဝဲဘက် ခြမ်း၌ လက်နက်ငယ်ထိမှန် ဒဏ်ရာ ၅ ချက်ဖြင့် သေဆုံးနေတဲ့မြို့နယ်ဆရာဝန် ကြီးအား တွေ့ရှိခဲ့သဖြင့် ပြန်လည်သယ်ဆောင်ခဲ့ရာ ည ၁၂ နာရီခွဲခန့်တွင် ပြည်သူ့ ဆေးရုံသို့ ရောက်ရှိခဲ့တယ်လို့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

 

ကွတ်ခိုင်ဆေးရုံအုပ်ပြီး လုပ်ကြံသတ်ဖြတ်ခံရတာနှင့်ပတ်သက်ပြီး နစကကျန်းမာရေးဝန်ကြီးဌာနကလည်း ပြင်းထန်စွာပြစ်တင်ရှုတ်ချကြောင်း ဒီဇင်ဘာ ၁၅ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ လူမဆန်သော အကြမ်းဖက်သမားတို့၏ ယုတ်မာရိုင်းစိုင်းမှုကြောင့်  တိုင်းရင်းသားပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နှင်းရေးကို  စွမ်းစွမ်းတမံဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဆိုင်ရာ ပြည်သူ့ဝန်ထမ်းကောင်းတစ်ဦး ဆုံးရှုံးရခြင်းအပေါ် ကျန်းမာရေးဝန်ကြီးဌာနအနေနှင့်ပြင်းထန်စွာရှုတ်ချတယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။