Published:21 November 2021
အမေရိကန်စီအိုင်အေဒုတိယညွှန်ကြားရေးမှူး ဒေးဗစ်ကိုဟင်ဟာ သောကြာနေ့က ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့လုံခြုံရေးအခြေအနေနှင့် ထိုင်းနိုင်ငံကနေ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ထောက်ပံ့ရေးကိစ္စတွေပါ ဆွေးနွေးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းအရသိရပါတယ်။
ကြေညာထားခြင်းမရှိတဲ့ အဲဒီတွေ့ဆုံမှုမှာ ဗိုလ်ချုပ်ကြီးပရာရွတ်ဟာ မစ္စတာကိုဟေင်နှင့် အစိုးရအိမ်တော်မှာ သောကြာနေ့ မနက်၉နုာရီခွဲခန့်က တွေ့ဆုံခဲ့တာဖြစ်ပြီး ပြောဆိုဆွေးနွေးချိန်ဟာ လေးဆယ့်ငါးမိနစ်ကြာခန့်ရှိခဲ့တယ်လို့ သတင်းအရင်း အမြစ်တွေကပြောပါတယ်။ သူတို့တွေ့ဆုံမှုကို မီဒီယာတွေ သတင်းယူခွင့်မပေးခဲ့ပါဘူး။
သူတို့ဟာ ဒေသဆိုင်ရာတည်ငြိမ်ရေး၊မြန်မာနိုင်ငံအခြေအနေနှင့် မြန်မာနိုင်ငံမှာ ထိခိုက်မှုရှိနေတဲ့အဖွဲတွေကို အကူအညီတွေပေးဖို့ ဆွေးနွေးကြတယ်လို့ အစိုးရအိမ်တော်သတင်းတွေကဆိုပါတယ်။
သူတို့ဟာ စီးပွားရေးလုံခြုံမှု၊ထိုင်း-အမေရိကန်ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်တွေနှင့် အာရှပစိဖိတ်စီးပွားရေးကော်ပိုရေးရှင်း (အေပက်)ကို ထိုင်းကဥက္ကဋ္ဌ လာမယ့်နှစ်မှာ တာဝန်ယူတဲ့အခါ အမေရိကန်က အားပေးထောက်ခံကြောင်းကတိကဝတ်တွေကို လည်းဆွေးနွေးခဲ့ကြတယ်လို့ သတင်းအရင်းအမြစ်တွေကတစ်ဆင့် သိရပါတယ်။
ဆွေးနွေးပြောဆိုတဲ့အကြောင်းအရာတွေဟာ ယေဘုယျအားဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စ တွေပဲဖြစ်ပြီး နိင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်းတွေကိစ္စ၊ Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP)အကြောင်းအရာတွေမပါဘူးလို့လည်း ဆိုပါတယ်။
“ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို ဆွေးနွေးကြတဲ့အခါ ထိုင်းဖက်က အဲဒီအရေးကိစ္စကိုကျောထောက်နောက်ခံပြုထားတဲ့ ပြည်တွင်းအဆက်အစပ်တွေကို ပိုပြီးနားလည်စေဖို့ ကြိုးစားခဲ့တယ်။ အမေရိကန်သဘောပေါက်ပုံရတယ်” လို့ သတင်းအရင်း အမြစ်ကပြောပါတယ်။
မစ္စတာကိုဟင်ဟာ ထိုင်းနိုင်ငံကနေထွက်ခွာပြီးနောက် အာဆီယံနိုင်ငံ နှစ်နိုင်ငံကို ဆက်လက်သွားရောက်ဖို့ရှိတယ်လို့လည်း အရင်းအမြစ်ကဆိုပါတယ်။
ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူး ဗိုလ်ချူပ်ကြီးဆူပို့ချ်မာလန်နီယွမ်ကလည်း မစ္စတာ ကိုဟင်နှင့် ဗိုလ်ချူပ်ကြီးပရာရွတ်တို့ အစိုးရအိမ်တော်မှာတွေ့ဆုံခဲ့တာကို အတည်ပြုပေးပါတယ်။ ဒါပေမယ့် ဆွေးနွေး တာတွေဟာ ထိုင်းနိုင်ငံနှင့် အခြား အာဆီယံနိုင်ငံတွေအကြား လုံခြုံရေးရာဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ဖို့ ကိစ္စတွေ ဖြစ်တယ်လို့ သူကပြောပါတယ်။
စီအိုင်အေနှင့် ယင်းနှင့် တန်းတူ ထိုင်းအဖွဲ့အစည်း(ထောက်လှမ်းရေး) အဖွဲ့အကြား သတင်းအချက်အလက်ဝေမျှရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့်ဖို့အတွက် စီအိုင်အေအမှုဆောင်တစ်ဦး ထိုင်းကို တစ်နှစ်တစ်ကြိမ်လာတာဟာ ပုံမှန်အလုပ်တစ်ခုဖြစ်တယ်လို့လည်း သူကပြောပါတယ်။
မစ္စတာကိုဟင်ဟာ ထိုင်းအစိုးရရဲ့ လုံခြုံရေးရာအကြီးအကဲနှင့် ဒုတိယဝန်ကြီးချုပ် ပရာဝတ်ဝေါင်ဆူဝန်၊ ဗိုလ်ချုပ်ကြီး ဆူပို့ချ်တို့ နှင့်လည်း သီးခြားထပ်တွေ့ခဲ့တယ်လို့ အဲဒီသတင်းအရင်းအမြစ်ကပဲ ထပ်ပြောပါတယ်။
အဲဒီအစည်းအဝေးဟာ အရင်က ကြိမ်ဖန်များစွာသူနှင့်တွေ့ခဲ့တဲ့ မစ္စတာကိုဟင် နှင့် သူ့ အကြား ပုဂ္ဂိုလ်ရေးပြန်လည်ဆုံတွေ့မှု မျိုးသာဖြစ်တယ်လို့ ဗိုလ်ချူပ်ကြီး ပရာဝတ်က နောက်ပိုင်းမှာပြောခဲ့ပါတယ်။ သူနှင့် ဒေသဆိုင်ရာလုံခြုံရေးကိစ္စဆွေးနွေးတာ မရှိဘူးလို့သူကငြင်းဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကိစ္စက ဝန်ကြီးချုပ်နှင့်သူပြောဆိုပြီးသားလို့သူကပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းက သူဟာ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြီးခဲ့တဲ့စနေနေ့က မြန်မာနိုင်ငံကိုသွားရောက်ပြီး တွေ့ဆုံခဲ့တယ်လို့ ကြာသပတေးနေ့က ထုတ်ဖော်ပြောကြားထားပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ သူကဆက်မပြောပါဘူး။
မြန်မာနိုင်ငံကို သံတမန်ခရီးသွားရောက်ခဲ့တာနှင့်ပတ်သက်ပြီး ပိုပြီးပွင့်လင်းမြင်သာရှိစေဖို့ ထိုင်းနိုင်ငံရဲ့ ကာဇက်စတန်နှင့် မိုဇမ်ဘစ်နိုင်ငံတွေရဲ့ သံအမတ်ကြီးဟောင်း ရပ်စ်ဂျာလီချန်ဒရာက တောင်းဆိုခဲ့တဲ့ သတင်းကို နိုင်ငံခြားမီဒီယာကဖော်ပြခဲ့တဲ့ အတွက် ပြည်သူတွေဟာ ဝန်ကြီးရဲ့ခရီးကို သတိထားမိခဲ့ကြတာဖြစ်ပါတယ်။
မစ္စတာရပ်စ်က ထိုင်းဟာ မြန်မာစစ်အစိုးရကို ကိုဗစ်ကာကွယ်ဆေးတွေလှူဒါန်းခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် ရှင်းလင်းချက်ပေးဖို့ တောင်ဆိုခဲ့ပါတယ်။ ဒါပေမယ့် မစ္စတာဒွန်ကတော့ အဲဒါကို အသေးစိတ်မပြောဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Source: Bangkok Post