Published 21 Nov 2021
တရုတ်နိုင်ငံအစိုးရ၏ အကူအညီဖြင့်ဆောက်လုပ်ပေးခဲ့တဲ့ မြန်မာနိုင်ငံရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၏ ပြုပြင်မွမ်းမံရေးစီမံကိန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့
တရုတ်သံရုံးက ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်မြို့၏ အချက်အချာနေရာတွင်တည်ရှိသည့် မြန်မာနိုင်ငံ အမျိုးသားဇာတ်ရုံ(ရန်ကုန်)သည် မြန်မာနိုင်ငံ၏ အကြီးဆုံးဇာတ်ရုံဖြစ်ပြီး တရုတ်နိုင်ငံအစိုးရ၏ အကူအညီဖြင့် ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလတွင် တည်ဆောက်ပြီးစီး၍ စတင်အသုံးပြုခဲ့တာပါ။
သို့သော်လည်း နှစ်ကာလများကြာလာသည်နှင့်အမျှ ဇာတ်ရုံအတွင်းအပြင်မှ ပစ္စည်းစွမ်းဆောင်ရည်များ ယိုယွင်းလာပြီး စတိတ်စင်၊ မီးအလင်းအမှောင်စနစ်နှင့် အသံစနစ် စသည့်စက်ပစ္စည်းများ ဟောင်းနွမ်းလာခဲ့ပြီး မြန်မာနိုင်ငံ၏ ဖိတ်ကြားမှုအရ တရုတ်နိုင်ငံအစိုးရအနေနဲ့ ကျွမ်းကျင်သူပညာရှင်များ စေလွှတ်၍ အဆောက်အအုံ၏ မူလအသွင်သဏ္ဍာန် မပျောက်ပျက်စေရန် ထိန်းသိမ်းပြီး အဆင့်မြှင့်တင် ပြုပြင်မွမ်းမံပေးခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသားဇာတ်ရုံ(ရန်ကုန်)ပြုပြင်မွမ်းမံရေးစီမံကိန်းကို ၂၀၁၉ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ပြုပြင်မွမ်းမံသည့်ဧရိယာမှာ ၁၀၃၄၈ စတုရန်းမီတာ ရှိကြောင်း၊ ပြုပြင်မွမ်းမံမှုများမှာ ထိုင်ခုံ ၁၃၀၆ နေရာပါရှိသော အမျိုးသားဇာတ်ရုံ၏ ပင်မအဆောက်အအုံ၊ ပရိသတ်ခန်းမ၊ စတိတ်စင်နှင့် အလှပြင်ခန်း စသည့် တွဲဖက်အသုံးအဆောင်များနှင့် အပြင်ပိုင်းလုပ်ငန်းစဉ်အချို့ ပါဝင်ပါကြောင်း သိရပါတယ်။
ဒါ့အပြင် အဆိုပါ အမျိုးသားဇာတ်ရုံ ပြုပြင်မွမ်းမံပြီးပါက မြန်မာနိုင်ငံ၏ အနုပညာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး
နှင့် တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှု ပြန့်ပွားရေးတို့တွင် ပိုမိုအရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဟု ယုံကြည်ကြောင်း တရုတ်သံရုံး၏ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
Photo - မြန်မာဆိုင်ရာ တရုတ်သံရုံး။