Published: 21 November 2021
ဒီကနေ့တွင် နတ်လမ်းပေါ်တဲ့ ကျိုက်နဲရေလယ်ဘုရားဖူးသွားကြသူအချို့ ပင်လယ်ရေနဲ့မျောပါပြီး ရေနစ်သေဆုံး၊ ပျောက်ဆုံးမှုများရှိနေကြောင်းနှင့် လက်ရှိအချိန်ထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း ဒေသခံလူမှုကူညီရေး အသင်းအဖွဲ့များထံမှ သိရပါတယ်။
ဖြစ်စဥ်မှာ ဒီကနေ့ နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းအချိန်မှစ၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၏ အလွန်စည်ကားသော ကျိုက်နဲရေလယ်ဘုရားပွဲ နတ်လမ်းပေါ်တဲ့ ယနေ့မှာ ဘုရားဖူးပြည်သူလူထုတွေ အရမ်းများလွန်းပြီး လှေပေါ်တက်ချိန်တွင် လှိုင်းပုတ်ရာမှ မတော်တဆမှုဖြစ်ပွားပြီး ဘုရားဖူးပြည်သူအချို့ ရေစီးနှင့်မျောပါ၍ ရေနစ်သေဆုံးမှုတွေ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ကနဦး သိရပါတယ်။
လက်ရှိအချိန်ထိ ရေစီးနှင့်မျောပါသူများ၏ (Dead Body) ၁၅ ခုကို ဆယ်ယူရရှိထားပြီး ရေစီးဖြင့်မျောပါ ပျောက်ဆုံးသူများကိုလည်း ဆက်လက်ရှာဖွေလျက်ရှိတယ်လို့ သိရပါတယ်။
"ကျိုက်နဲရေလည်ဘုရားပေါ့။ သူက သံဖြူဇရပ်မြို့နယ်အတွင်းမှာရှိတာပါ။ သံဖြူဇရပ်ကနေ ၅ မိုင်လောက်သွားရတယ်။ ကျနော်တို့ ဒေသအခေါ်အရတော့ နတ်လမ်းပေါ်တဲ့အချိန်ဆို ဘုရားဖူးတွေ သွားလို့ရတာပေါ့နော်။ ကျန်တဲ့အချိန်ဆိုသွားလို့မရဘူး၊ ဒီ နတ်လမ်းပေါ်တဲ့အချိန်လေးပဲ သွားရတာဆိုတော့ ဒီကနေ့မှာ ဘုရားဖူးတွေ တအားများပြီး အခုလိုဖြစ်ကြတယ်လို့ သိရပါတယ်။ သူက ဘုရားနဲ့ကမ်းခြေနဲ့ဆိုရင် တစ်မိုင်လောက်အကွာအဝေးရှိပါတယ်။ နတ်လမ်းကလည်း တစ်နှစ်မှတစ်ခါပေါ်တယ်၊အဲ့လိုကြောင့် ဘုရားဖူးတွေက ဒီနေ့မှာတအားစည်တယ်၊ အခုတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကျနော်တို့ ဆက်လက်ဆောင်ရွက်နေပါတယ်။ ရေနစ်သူသေဆုံးသူတွေလည်းရှိသလို ရေမွန်းသူတွေလည်းရှိနေပါတယ်။ အရေအတွက် အတိအကျတော့ မသိရသေးပါဘူး။ကျနော်တို့ ဆက်လက်ကယ်ဆယ်နေပါတယ်။" လို့ ကျုံကဒတ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်တိုင်းမ်သို့ ပြောပါတယ်။
လက်ရှိကယ်ဆယ် ရရှိထားသည့်လူနာများနှင့် (Dead Body)များကို ဒေသခံလူမှုရေးအသင်းအဖွဲ့တွေက သံဖြူဇရပ်ဆေးရုံ ပို့ဆောင်ထားပေးပြီး ကျန်ပျောက်ဆုံးနေသော လူများနှင့် ပင်လယ်ရေနှင့် မျောပါသွားသည့် ရေနစ်သေဆုံးသူများ၏ (Dead Body)များကိုလည်း ဒေသခံများနှင့် ပူးပေါင်းရှာဖွေလျက်ရှိတယ်လို့ သိရပါတယ်။
"ကျနော်တို့သိရတာက လှေပေါ်ကို လူတွေကလုအတက်မှာ ဖြစ်တာလို့ သိရပါတယ်။ သူကရေတက်ချိန်နဲ့ လှိုင်းပုတ်ချိန်မှာဖြစ်သွားတာပေါ့။ လှိုင်းက လှေကိုရိုက်ပြီးပုတ်တဲ့အချိန် လူတွေကလည်း လုတက်နေတဲ့အချိန်ဆိုတော့ ရေထဲပြုတ်ကျကုန်တာပေါ့။ လက်ရှိက ကျနော်တို့ ရေနစ်သေဆုံးသူတွေရဲ့ Dead Body ၁၅ ခုလောက်ကို ဆယ်ယူရရှိထားပါတယ်။ ကျန်တာက ဘယ်လောက်ကျန်ဦးမလဲမသိဘူး။ ကျနော်တို့ကတော့ ဆက်လက်ရှာဖွေ ကယ်ဆယ်နေပါတယ်။ သေဆုံးသူတွေရဲ့ Dead Body တွေကိုလည်း အသင်းက ကား ၆ စီးနဲ့ ဆေးရုံကို ပို့ဆောင်ပေးနေရပါတယ်။"လို့ ကျုံကဒတ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်တိုင်းမ်ကို ဆက်လက် ပြောပြခဲ့ပါတယ်။
Photo - CJ